စစ်ကိုင်းသတင်း

ဘုတလင်တိုက်ပွဲမှာ KLG PDF တပ်ခွဲမှူးအပါအဝင် တော်လှန်ရေးရဲဘော် ၆ ဦးကျဆုံး၊

ကိုသူ/MFP ၊ ဒီဇင်ဘာ-၃၀

စစ်ကိုင်းတိုင်း ၊ဘုတလင်မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနေတဲ့ ဒီဇင်ဘာ ၂၈ ရက်က စစ်အုပ်တပ်စခန်းတွေအနီးမှာ စစ်အုပ်စုနဲ့တော်လှန်ရေးအင်အားစုတွေဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း တပ်ခွဲမှူးအပါအဝင် တော်လှန်ရေးရဲဘော်ခြောက်ဦး ကျဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကျဆုံးရဲဘော်တွေဟာ ကနီမြို့နယ်အခြေစိုက် ကျောက်လုံးကြီး(KLG PDF) တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ခွဲမှူးကိုသက်(ခ)သက်နိုင်ထွန်းနဲ့ ရဲဘော်ငါးဦး ဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကျင်းပနေတဲ့ ဘုတလင်မြို့ပေါ်က အထွေထွေ အုပ်ချုပ်ရေးမှုးရုံး ၊ရဲစခန်းတွေနဲ့ စစ်အုပ်စုစခန်းတွေကို တစ်ပြိုက်နည်ထဲ တိုက်ခိုက်သိမ်းပိုက်ချိန်မှာ စစ်အုပ်စုလေကြောင်းရန်ကြောင့် ကျဆုံးခဲ့တာဖြစ်တယ်လို့ ဘုတလင် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“လေကြောင်းတိုက်ခိုက်လို့ ကျတာက သုံးယောက်၊ဘုတလင်မြို့ သိမ်းတိုက်ပွဲမှာ ကျတာကသုံးယောက် ။တပ်ခွဲမှုးကတော့ ကျောက်လုံးကြီးက ၊သူတို့ တပ်ရင်းက နှစ်ယောက်ကျတယ်။ကျန်တာတွေကတော့ လေးယောက်ကျတယ်”

အဲ့ဒီကျဆုံးသွားသူတွေရဲ့ရုပ်အလောင်းတွေကိုတော့ ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့ မှာပဲ နာရေးအခမ်းအနားပြုလုပ်ပြီး တပ်ဓလေ့ထုံးစံနဲ့အညီ သဂြိုဟ်သွားမယ်လို့ သူကဆိုပါတယ်။

တစ်ဆက်ထဲမှာပဲ တော်လှန်ရေးရဲဘော်တွေ ကျဆုံးမှုနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ်(၂၃)တပ်ရင်း ကျောက်လုံးကြီးတပ်ဖွဲ့ကလဲ “တပ်ခွဲမှူး ကိုသက်(ခ)သက်နိင်ထွန်းသိစေရန် ၊သင်သည် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း 2025ခုနှစ် ဒီဇင်ဘာလ 28ရက်နေ့က မြင့်မြတ်စွာကျဆုံးခဲ့သည်။ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း မိမိအသက်ကို ပေးလှူသွားခဲ့သော သင့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဦးညွှတ်ဂုဏ်ပြုလိုက်ပါသည်။တပ်ခွဲမှူး ကိုသက် (ခ) သက်နိင်ထွန်း၏ ရဲစွမ်းသတ္တိနှင့် စွန့်လွှတ် စွန့်စားမှုတို့ကို သင်၏ ရဲဘော် ရဲဘက်များက အစဉ်အောက်မေ့ သတိရလျှက် ပြည်သူ့တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဂတိသစ္စာပြုပါသည်”လို့ ဝမ်းနည်းကြောင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်အုပ်စုတပ်သား ၁၅ ဦးကျော် သေဆုံးခဲ့ပြီးတော့ စစ်အုပ်စုအထွထွေအုပ်ချုပ်ရေးရုံး ၊မြို့နယ်ရဲစခန်း၊ စစ်အုပ်စု စခန်းတွေကို ယာယီထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာတော့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကသာ ၊ဝက်လက် ၊ဘုတလင်၊တမူး ၊ရွှေဘို၊အရာတော် မြို့နယ်တွေမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတော့ တော်လှန်ရေး ရဲဘော် ၁၅ဦးခန့် ကျဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်ကိုတော့ MFPအနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။

Photo -ဘုတလင်မြို့သိမ်းတိုက်ပွဲမှာ ကျဆုံးသွားတဲ့ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ်(၂၃)တပ်ရင်း ၊တပ်ခွဲမှူး ကိုသက်(ခ)သက်နိင်ထွန်းကို တွေ့မြင်ရစဉ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button