စစ်ကိုင်းသတင်း

ကသာမြို့သိမ်းတိုက်ပွဲမှာ စစ်အုပ်စုလေကြောင်း၊ လက်နက်ကြီးနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေ၊

နွေဦး/MFP ၊ ဒီဇင်ဘာ-၃၁

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်မှာ စစ်အုပ်စုတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဆက်ပြင်းထန်နေပြီး ဒီဇင်ဘာလ ၂၉ ရက်ညကနေ ဒီနေ့မနက်ပိုင်းအထိ မြို့အပြင်ပတ်ပတ်လည်ကို လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက် ညကတကည်းက ကသာမြို့ပြင်မှာရှိတဲ့ စစ်အုပ်စုတပ်ရဲ့ ခမရ-၃၀၉ တပ်ရင်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စခန်းကုန်းတွေကို လတ်မလွှတ်ရဖို့အတွက် စစ်အုပ်စုတပ်က လေကြောင်းနဲ့လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ကာ အပြင်းအထန်ခုခံနေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့လေကြောင်းဗုံးကြဲမှုကြောင့် ကသာမြို့ပြင်က ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေလည်း မြို့တွင်းကို ဝင်ရောက်လာပြီးနောက် စစ်အုပ်စုတပ်က မြို့အဝင်အထွက်ကို ပိတ်လိုက်တာကြောင့် ပိတ်မိနေကြတယ်လို့ အဲဒီအခြေအနေကိုသိတဲ့ ကသာဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ညကတစ်ညလုံးကြဲနေတာပြောတယ်။ အကြိမ် လေးဆယ်ကျော်တယ်တဲ့။ မြို့အခြေအနေကတော့ တချို့ထွက်ရဲတဲ့ သူတွေကြတော့ စစ်တပ်နဲ့PDFတွေကို ပြောပြီးထွက်ကြတယ်။ ထွက်လို့ရတာလည်း ရှိသလို ပြန်လှည့်လာရတာလည်း ရှိတယ်တဲ့။ ရပ်ကွက် ၅ ကတော့ လူလုံး၀မနေတော့ဘူးပြောတယ်။ အဲဒီမှာ စစ်အုပ်စုက အထိုင်ချထားတော့လေ ကြောက်ပြီး အကုန်ရွှေ့ကုန်ကြတာတဲ့။ တချို့တွေလည်း အင်းရွာဘက်ကထွက်ကြတယ်။ ကသာအရှေ့ဘက်ကမ်း အင်းရွာကနေ- မန္တလေးကို တိုက်ရိုက်သွားကြတာ။ တိုက်ပွဲဖြစ်နေတာ လေးရက်
လောက်ရှိလာတော့ စားသောက်ကုန်တွေတော့ စပြတ်လာတာတွေရှိနေတယ်။ မြို့တွင်းကတော့ မနေ့ကတည်းက ငြိမ်နေတာ အခုထိပဲ”

ခမရ-၃၀၉ တပ်ရင်းနဲ့ တစ်မိုင်နီးပါး ဝေးတဲ့ ကျန်တောရွာမှာတော့ စစ်အုပ်စုတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်ဆယ်လုံးထက်မနည်း မီးလောင်ပျက်စီးသွားပြီး ဒေသခံတွေလည်း ရွာလုံးကျွတ်စစ်ရှောင်နေရတယ်လို့ သူကဆိုပါတယ်။

ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း ကသာမြို့သိမ်းတိုက်ပွဲမှာတော့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)လည်း ပါဝင်နေပေမဲ့ လတ်တလော စစ်ရေးအခြေအနေကို မပြောနိုင်သေးကြောင်း KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက MFPကို ပြောပါတယ်။

“ကျွန်တော်တ်ို့ ကချင်ပြည်နယ်နဲ့ထိစပ်နေတဲ့ နေရာဆိုတော့ တိုက်နေတဲ့မှာ ကျွန်တော်တို့ KIAလည်း ပါနိုင်ပါတယ်။ လတ်တလော စစ်ရေးအခြေအနေကိုတော့ ရှေ့တန်းက သတင်းမပို့လာသေးတဲ့အတွက် ပြောလို့မရသေးပါဘူး”

မြို့သိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုတပ်ရဲ့ အချက်အချာကျတဲ့ စခန်းကုန်းတစ်ခုနဲ့လက်နက်ခဲယမ်းတွေအပြင် စစ်သုံ့ပန်းတွေကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရမိထားတယ် အခြေအနေကို မေးမြန်းရာမှာတော့ ဗိုလ်မှုးကြီးနော်ဘူက တိတိကျကျ မပြောသွားပါဘူး။

ဒါ့အပြင် ကသာမြို့အတွင်းက ပြည်သာယာ၊ ကျန်တော၊ လယ်ပြင်စု၊ တပ်ဦးကျောင်း၊ သဖန်းဆိုင်း၊ ပတ္တမြား၊ လျှပ်စစ်ကုန်း၊ ပိန္နဲကုန်းနဲ့ကျန်တောစတဲ့ ကျေးရွာရပ်ကွက်တွေမှာ နေထိုင်တဲ့ မြို့ခံတစ်ဝက်လောက်ဟာ ဒီဇင်ဘာလ ၂၉ ရက်ညပိုင်းကတည်းက စစ်ဘေးရှောင်ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။ ကသာမြို့ပေါ်က စစ်အုပ်စုတပ်အထိုင်စခန်းတွေအနီးမှာ နေထိုင်ကြတဲ့ ထွက်ပြေးတိမ်းရှောင်ကြတဲ့ ဒေသခံအများစုဟယ နေအိမ်တွေမှာ ဆက်လက်မနေထိုင်ရဲတော့ဘဲ ဘုန်းကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရား​ကျောင်းတွေစတဲ့ သာသနိကအဆောက်အဦးလိုနေရာတွေမှာ စုပေါင်းနေထိုင်နေကြတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုတပ်ဟာ မြို့အဝင်အထွက်လမ်းမကြီးတွေအပြင် တုံးပေါ၊ ကျောက်ပုံ၊ သဖန်းကိုင်းနဲ့အင်းစတဲ့ မြစ်ကူးဇတ်ဆိပ်တွေကိုပါ ဖြတ်သန်းခွင့် ပိတ်ပစ်လိုက်တာကြောင့် ဒေသခံရာနဲ့ချီလည်း အဲဒီဒေသတွေမှာ ဆက်လက်ပိတ်မိနေတယ်လို့ ပြောပါတယ်။

စစ်အုပ်စုအာဏာသိမ်းပြီးနောက် မိုးတားလေး၊ ကျောက်ထုံးကြီး၊ အင်းစတဲ့ကျေးရွာမှာ အခြေစိုက်ထားတဲ့ တိုက်နယ်အဆင့် ရဲစခန်းတွေကို ကသာမြို့ပေါ်ကို ပြောင်းရွှေ့သွားပြီးနောက် မြို့ပေါ်က ရပ်ကွက် – ၅၊ မြို့နယ်အားကစားကွင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုရှိတဲ့ အာဇာနည်ကွင်းစတဲ့နေရာတွေမှာ လက်နက်ကြီးတပ်ဆင်ထားကာ စိုးမိုးထိန်းချုပ်ထားတာကလွဲရင် ကျန်တဲ့နေရာ ၉၀ ရာခိုင်နှုန်းလောက်ကို ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button