နန်းယု/MFP၊ ဇန်နဝါရီ – ၁
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ဒီဇင်ဘာလ ၂ ရက်ကနေ ၃၁ ရက်နေ့အထိ စစ်အုပ်စုတပ်လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ခဲ့တာကြောင့် သံဃာတော်တွေ အပါအဝင် ဒေသခံ ၃၀ နီးပါးသေဆုံးကာ နောက်ထပ်ပြည်သူ ၃၀ ကျော်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Informational Networkက ထုတ်ပြန်ပါတယ်။
ဝက်လက်မြို့နယ်ကို တစ်လအတွင်း စစ်အုပ်စုရဲ့ တံတားဦးနဲ့ မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ၊ Mi -35ရဟတ်ယာဉ်တွေနဲ့ ကျောက်မြောင်း အခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၁၂ က တက်လာတဲ့ အသေခံဒရုန်းတွေနဲ့ လေကြာင်းကနေ ၁၄ ကြိမ် ဗုံးကြဲသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂ ရက်မှာ မြို့အရှေ့ နတ်မှော်ဦးရွာကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူငါးဦးသေဆုံး၊ ငါးဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်ငါးလုံးပျက်စီးခဲ့သလို ဒီဇင်ဘာလ ၁၃ ရက်မှာတော့ ထုံးဘိုရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ပစ်ခတ်ရာမှာ ပြည်သူ လေးဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရခဲ့ပြီး နေအိမ် ရှစ်လုံးမီးလောင်ပျက်စီးခဲ့ပါတယ်။
ဒီဇင်ဘာလ ၁၆ ရက်မှာတော့ ဝက်လက်နယ်နဲ့ ရွှေဘိုနယ်အစပ်နေရာကို ဂျက်ဖိုက်တာနဲ့ဗုံးကြဲရာမှာ သံဃာတော်တစ်ပါးနဲ့ ပြည်သူသုံးဦးသေဆုံးခဲ့ပြီး ဒီဇင်ဘာလ ၁၇ ရက်မှာတော့ ဆည်တောရွာ လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူလေးဦး ထပ်မံသေဆုံးကာ၊ ငါးဦးထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
အလားတူ ဒီဇင်ဘာလ ၁၈ ရက်မှာလည်း သစ်ဆိပ်ရွာကို အသေခံဒရုန်းနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် သံဃာတစ်ပါးပျံလွန်တော်မှုကာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တစ်ဦး ဒဏ်ရာရရှိခဲ့သလို ၂၃ ရက်မှာတော့ ငါးပတ်ချောင်းရွာကို မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ရာမှာ ခုနစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၉ ရက်မှာတော့ လိန်ပင်ရွာကို တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီး နှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့သလို ဒီဇင်ဘာလ ၁၉ရက် ၂၄၊ ၂၇၊ ၃၀နဲ့ ၃၁ ရက်တို့မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့ပေမဲ့ ထိခိုက်သေဆုံးတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
MFP က လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်အုပ်စုဗုံးကြဲ သတ်ဖြတ်မှုကြောင့် သံဃာနှစ်ပါး အပါအဝင်ဒေသခံ အသက်မပြည့်သေးတဲ့ကလေးငယ်တွေနဲ့ အမျိုးသား၊အမျိုးသမီး ၂၇ ဦးသေဆုံးကာ ၃၀ ကျော် ဒဏ်ရာရရှိပြီး နေအိမ် ၂၀ ကျော်နဲ့ ကားတွေ ထိခိုက်ပျက်စီး မီးလောင်ပျက်စီးခဲ့ပါတယ်။
စစ်အုပ်စုတပ်ဟာ ဝက်လက် – ရွှေဘိုမြို့နယ်အစပ်က စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံနေထိုင်ရာ နေရာတွေအပါအဝင် နတ်မှော်ဦး၊ ထုံးဘိုရွာ တောင်ဘက် သန်းတိုက်ကုန်းတောတိုက်အနီး၊ ဆည်တော၊ သစ်ဆိပ်၊ ငါးပတ်ချောင်း၊ လိန်ပင်နဲ့ ဝက်လက် အမှတ် (၃) ကားလမ်းအနောက်ခြမ်း စတဲ့ နေရာတွေကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲ သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
” ဝက်လက်ကို သူတို့ တော်တော်လေး ငြိုးနေတယ်။ စစ်ရှောင်တွေရော ဒီဘက်ရောက်လာကြတာဆိုတော့ တော်လှန်ရေးရဲဘော်တွေလည်း ဒီဘက်ရောက်တယ်ဆိုတဲ့ဟာနဲ့ ပြည်သူလူထုကို ဦးတည်ပြီးပဲ စကစက လေကြောင်းတိုက်ခိုက်နေတာ။ အတော်လေး စိတ်မကောင်းစရာပါပဲ။ ဆောင်းရာသီလည်းဖြစ်တော့ စောင်တို့ စားနပ်ရိက္ခာတို့ အခက်အခဲအများကြီးရှိတယ်။ ထောက်ပံ့မှုတွေက အကုန်လုံး မရရှိဘူးလို့လည်း သိရပါတယ်”လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
စစ်အုပ်စု အင်အား ၃၀၀ ကျော်နဲ့ ဝက်လက်နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေကို ဒီဇင်ဘာ ၂၆ရက်က စတင်ကာ စစ်ကြောင်းထိုး သတ်ဖြတ်နေတာကြောင့် ထုံးဘို ၊ရှားကွဲ ၊ ရေဂမိုး ၊ရွာသစ် ၊ လှေပို့ဆိပ် ၊ သစ်ဆိပ့် ၊ ကူကြီး ၊ ငါးပတ်ချောင်း ၊ သရက်ပင်ရွာ ၊ ရေလည်မော် ၊ မှော်ဦး ၊ ကမ်းဖြူ ၊ ရွာသာ ၊ မင်းရွာတောင် ၊ အင်ဒေါင်း ၊ ရှိမ်းမကား ၊ ငါးရယ် ၊ ဆည်တော ၊ ငါးတိုက်တောင် စတဲ့ ကျေးရွာ ၂၀ခန့်က ပြည်သူတွေ စစ်ဘေးရှောင်ထွက်ပြေးနေရပြီး အဝတ်အထည်၊ စောင်နဲ့ အစားအသောက်တွေ လိုအပ်နေတယ်လို့ Wetlet Informational Network ကလည်း ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ဝက်လက်နယ်ကို မင်းကွန်းဘက်ကနေ အင်အား ၁၅၀ခန့်ပါတဲ့ စစ်ကြောင်းဟာ မင်းရွာထဲကို ဝင်ရောက်စီးနင်းနေသလို ကျောက်မြောင်အခြေစိုက် ခြေမြန်တပ်ရင်းဖြစ်တဲ့ ခမရ -၁၂ကနေလည်း အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကြောင်းတစ်ကြောင်းဟာ ရွာသစ်ရွာထဲကို ဝင်ရောက်နေပြီး စစ်ကြောင်းနှစ်ကြောင်း ခွဲထိုးနေတာကြောင့် ဒေသခံ ပြည်သူ ထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး



