နိုင်ငံတစ်ဝန်းက မြို့ ၃၇ မြို့ကို သိမ်းပိုက်ထားပြီး ၄၁ မြို့ကို PDFနဲ့မဟာမိတ်တပ်တွေ ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း NUG ထုတ်ပြန်၊
နန်းယု / MFP၊ဇန်နဝါရီ -၂
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့ပေါင်း ၃၇ မြို့နယ်ကို အပြည့်အဝ သိမ်းပိုက်ထားပြီး နောက်ထပ် ၄၁ မြို့နယ်ကိုလည်း ဆက်လက် ဝိုင်းဝန်းပိတ်ဆို့ ထိန်းချုပ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၅ ခုနှစ် စစ်ရေးတိုးတက်ဖြစ်ပေါ်မှု အခြေအနေအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကချင်၊ ကယား(ကရင်နီ)، ကရင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ ရှမ်းမြောက်ဒေသတွေအပြင် မကွေး၊ တင်္နသာရီဒေသတွေထိ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေကို ထိထိရောက်ရောက် ဆောင်ရွက်ခဲ့နိုင်ပြီး မံစီ၊ ဖလမ်း၊ အင်းတော်၊ ဗန်းမောက်၊ မောတောင်မြို့တွေကို အပြည့်အဝ သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒါအပြင် ဗန်းမော်၊ ကျောက်ဖြူ၊ ဖာပွန်၊ ကသာ၊ ဆင်ဖြူကျွန်းမြို့တွေကိုလည်း မဟာမိတ်တော်လှန်ရေးအင်အားစုတွေက ရန်သူဘက် စစ်ရေးအင်အားတွေကို ဆက်လက် ပြင်းထန်စွာ ဖိအားပေးတိုက်ခိုက်နေတယ်လို့ ပြောပါတယ်။
“ လက်ရှိအချိန်မှာလည်း တော်လှန်ရေးအောင်နိုင်ရေးအတွက် မဟာဗျူဟာကျတဲ့ အရေးကြီးနယ်မြေတွေကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက် နိုင်ရေးကိုလည်း စုစည်းမှုအင်အားနဲ့ အားထုတ်ကြိုးပမ်းလျက်ရှိကြောင်း ပြည်သူလူထုကို အသိပေးပြောကြားလိုပါတယ်”လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးရဲ့ အင်အားစုတွေအားလုံးဟာ အထူးသဖြင့် စစ်ရေးကဏ္ဍဘက်မှာ ဗဟိုကွပ်ကဲမှု တခုတည်းအောက်မှာ စုစည်းနိုင်မယ်ဆိုရင် အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ် ချေမှုန်းနိုင်ဖို့ အကောင်းဆုံး အင်အားတခုဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်တောင်းမြစ်ဝှမ်းဒေသ၊ ရန်ကုန်–မန္တလေးလမ်းဟောင်းအပိုင်းနဲ့ မွန်–တနင်္သာရီ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးတလျှောက် စိုးမိုးထိန်းချုပ်ရေးကိုလည်း အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ အသိပေးထားပါတယ်။
ကချင်၊ ရခိုင်၊ ချင်း၊ ကရင်နဲ့ တနင်္သာရီဒေသ အတွင်းမှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေနဲ့ စခန်းအချို့ကိုလည်း တော်လှန်ရေးဘက်အဖွဲ့တွေက ထိန်းချုပ်ထားနိုင်လာပြီ ဖြစ်ကြောင်း ဆိုပါတယ်။
“ အချိန်က အရေးကြီးလာတာနဲ့အမျှ ဒီ ၂၀၂၆ ခုနှစ်အတွင်းမှာတော့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအားလုံးအနေနဲ့ ပိုမိုစုစည်းပြီး ပိုမိုပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ တော်လှန်ရေးကို အကောင်းမွန်ဆုံး ဦးဆောင်သွားကြဖို့ အင်မတန် အရေးကြီးနေပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒီကဏ္ဍကို အထူးအလေးပေးဆောင်ရွက်သွားကြမယ်ဆိုတာကိုလည်း ပြည်သူများအားလုံးကို အသိပေးတင်ပြလိုပါတယ်” လို့ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ်တစ်နှစ်လုံးအတွင်း မန္တလေး၊ မကွေး၊ ပဲခူး၊ တင်္နသာရီနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာ တော်လှန်ရေးစိုးမိုးထိန်းချုပ်မှု သက်ရောက်လာတဲ့ နယ်မြေတွေ ပိုမို ပေါ်ထွန်းလာကာ စစ်အုပ်ချုပ်ရေးစနစ် အချို့ ကျဆင်းလာတာ၊ ပြည်သူ့အုပ်ချုပ်ရေးစနစ် ထူထောင်မှု ပိုမို အားကောင်းခိုင်မာလာတယ်ဆိုတာနဲ့ PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေက တော်လှန်ရေးရဲ့ ရည်မှန်းချက်ကို တစိုက်မတ်မတ် ဆက်လက် ကြိုးပမ်းနေတယ်လို့ အသိပေးထားပါတယ်။
Photo – ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က ဗန်းမောက်မြို့သိမ်းတိုက်ပွဲအပါအဝင် စစ်အုပ်စုစခန်းတွကို အမှတ်-၁ စစ်ဒေသနဲ့NUG က ထုတ်ပြန်ထားပုံ။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



