မန္တလေးသတင်း

မန္တလေးမှာ နှစ်သစ်ကူးနေ့ တစ်ရက်တည်း သုံးကြိမ် ငလျင်လှုပ်၊

ဖျက်အားပြင်း ငလျင်ကြီး လှုပ်ပြီးနောက် ကိုးလကျော်အတွင်း အကြိမ် ၂၅၀ ကျော် ထပ်မံ ငလျင် လှုပ်ခဲ့၊

ဖျက်အားပြင်း ငလျင်ကြီး လှုပ်ပြီးနောက် ကိုးလကျော်အတွင်း အကြိမ် ၂၅၀ ကျော် ထပ်မံ ငလျင် လှုပ်ခဲ့၊

 ဂျီဂျီ/MFP၊ ဇန်နဝါရီ – ၃

မန္တလေးမြို့မှာ ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးနေ့ တစ်ရက်တည်း သုံးကြိမ် ငလျင် လှုပ်ခတ်ခဲ့ပြီး အင်အား အသင့်အတင့်ပြင်းထန်တဲ့ ငလျင်တစ်ကြိမ်ကြောင့် အိမ်ထဲနေသူတွေ လမ်းပေါ်ထွက်ပြေးခဲ့ရတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

ဇန်နဝါရီ ၁ရက် မနက် ၂ နာရီ ၃၆ မိနစ်ဝန်းကျင်ခန့်မှာ တစ်ကြိမ်၊ ည ၇ နာရီ ၄၈ မိနစ် ဝန်းကျင်ခန့်မှာ တစ်ကြိမ်နဲ့ ည ၈ နာရီ ၃၃ မိနစ်ဝန်းကျင်တွေမှာ တစ်ကြိမ် လှုပ်ခတ်ခဲ့တာလို့ စစ်အုပ်စုရဲ့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မနက် အစောဆုံး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ စဉ့်ကိုင်မြို့ရဲ့ အရှေ့မြောက်ဘက် ၁၃ မိုင် အကွာကို ဗဟိုပြုကာ အင်အား ၃ ဒဿမ ၁ ရစ်(ခ်)တာစကေး ရှိတယ်လို့ စစ်အုပ်စု မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန သတင်းထုတ်ပြန်ထားပါတယ်။

“အသံလည်းပါ တုန်ခါတာလည်း ကြမ်းပါတယ်။ သတိလေးရှိကြပါ”လို့ မနက် အစောပိုင်း ငလျင်လှုပ်ခတ်မှုနဲ့ ပတ်သက်ပြီး မန္တလေးမြို့ခံတစ်ဦးက ဆိုပါတယ်။

ည ၇နာရီကျော်အချိန် လှုပ်ခတ်ခဲ့တဲ့ ငလျင်ကတော့ သပိတ်ကျင်းမြို့ရဲ့ တောင်ဘက် ကိုးမိုင်ခန့်အကွာ ကို ဗဟိုပြုကာ အင်အား ၄ ဒဿမ ၉ ရစ်(ခ်)တာစကေး ရှိတယ်လို့ ဆိုပါတယ်။

“ခါတိုင်းလို အသံမကြားရဘူး။ ငြိမ်ငြိမ်ပဲ လှုပ်နေတာ။ အိမ်က အသံတွေမြည်လာပြီး အိမ်တံခါးရွက် လှုပ်တော့မှ ငလျင်လှုပ်မှန်းသိတာ”လို့ မန္တလေးမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

အဲ့ဒီနောက် ညပိုင်း ၈နာရီခွဲကျော်မှာလည်း သပိတ်ကျင်းမြို့ရဲ့ တောင်နဲ့ အနောက်တောင်ဘက် ကိုးမိုင်ခန့်အကွာကို ဗဟိုပြုကာ အင်အား ၄ ဒဿမ ၁ ရစ်(ခ်)တာစကေးအဆင့်ရှိ ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ပြီး အဲ့ဒီ နောက်ဆုံးအကြိမ် လှုပ်ခတ်တဲ့ ငလျင်ကိုတော့ မန္တလေးမြို့ခံအများစု မသိလိုက်ကြဘူးလို့ ဆိုပါတယ်။

မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာ လူထောင်နဲ့ချီ သေဆုံးတဲ့ ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ကိုးလကျော်အထိ ငလျင်တွေ ထပ်မံ လှုပ်ခတ်နေဆဲ ဖြစ်ပါတယ်။

အင်အား ၇ဒဿမ၇ ရစ်(ခ်)တာစကေးရှိတဲ့ စစ်အုပ်စုက မန္တလေးငလျင်လို့ နာမည်တပ်ပြီး ပြည်သူတွေက စစ်ကိုင်းငလျင်လို့ ခေါ်တဲ့ ဖျက်အားပြင်း ငလျင်ကြီးအပြီး နိုင်ငံတဝန်း အကြိမ်ရေ ၂၅၀ ကျော် ငလျင်ထပ်မံ လှုပ်ခတ်ခဲ့တယ်လို့ စစ်အုပ်စုရဲ့ မိုး/ဇလ ဌာနက ထုတ်ပြန်ထားပါတယ်။

ငလျင်ဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ စစ်ကိုင်းနဲ့ မန္တလေးမြို့မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မပြီးစီးသေးပေမယ့် စစ်အုပ်စုက ငလျင်ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အာရုံစိုက် လုပ်ဆောင်တာ မရှိဘဲ မြို့ခံတွေကို ရွေးကောက်ပွဲ မဲထည့်ဖို့ လိုက်လံခြိမ်းခြောက်ဖိအားပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြောင့် မန္တလေးနန်းမြို့ရိုး ပြိုကျ ပျက်စီးနေစဉ်/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button