
ဖိုးချို/MFP၊ ဇန်နဝါရီ – ၃
မန္တလေးမြို့မှာ မကြာခင်ရက်ပိုင်း ရွေးကောက်ပွဲ ထပ်လုပ်မှာ ဖြစ်ပြီး အိမ်တိုင်းက မဖြစ်မနေ မဲစာရင်း စစ်ဆေးကြည့်ရှု့ဖို့နဲ့ မဲစာရင်းနံပတ်ပါ ကတ်ပြားတွေ လာရောက်ထုတ်ယူဖို့ စစ်အုပ်စုက ရပ်ကွက်ထဲ လော်စပီကာနဲ့ လိုက်အော်ကာ သတိပေး ခိုင်းစေနေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
ဒီဇင်ဘာ ၂၈ရက်မှာ စစ်အုပ်စုက ပထမအကြိမ် ရွေးကောက်ပွဲ လုပ်ပြီးနောက် ဒီဇင်ဘာ ၂၉ရက်ကစလို့ အထက်ပါအတိုင်း မဲစာရင်းတွေ ကြည့်ရှု့စစ်ဆေးဖို့နဲ့ မဲစာရင်းနံပတ်စာရွက်တွေ လာရောက် ထုတ်ယူဖို့ ရပ်ကွက်ထဲ လိုက်လံသတိပေး အော်ဟစ်နေတာလို့ ဆိုပါတယ်။
ဇန်နဝါရီ ၃ ရက်က စလို့ သက်ဆိုင်ရာရပ်ကွက်ရုံးတွေမှာ မဲပေးခွင့်ကတ်တွေကို စတင် ထုတ်ပေးနေပြီလို့ စစ်အုပ်စုက ပြောပါတယ်။
“ဟုတ်တယ်၊ အခုပဲထုတ်ပြီးပြန်လာတာ၊ သွားမထုတ်ရင်လည်း ပြဿနာရှာခံရမှာစိုးလို့ ထုတ်ထားလိုက်တာ၊ ဒီကောင်တွေက လွယ်တာမဟုတ်ဘူး၊ ဘယ်သူလာမထုတ်ဘူးလဲဆိုတာ စာရင်း လိုက်စစ်ပြီး အိမ်ရှေ့ရောက်လာမှာ၊ ရွေးကောက်ပွဲတွေမှာ အခုလို မဲပေးခွင့်ကတ် သွားထုတ်ရတာတော့ ပထမဆုံးပါပဲ၊ ဘာတွေ ကြံနေလဲတော့မသိဘူး” လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်တဲ့ ရွေးကောက်ပွဲမှာလည်း စစ်အုပ်စုက မြို့ပေါ်ရပ်ကွက်တချို့မှာ အိမ်တိုင်ရာရောက် မဲပေးခွင့်ကတ်တွေ လိုက်ဝေပြီး မဖြစ်မနေ မဲပေးခိုင်းတာမျိုး လုပ်ခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ဒါ့အပြင် ယခုရက်ပိုင်း မန္တလေးမြို့တွင်း အုပ်စုဖွဲ့၊ လက်နက်ကိုင်ကာ လမ်းပေါ်တက်ပြီး လမ်းသွားလမ်းလာတွေကို တားဆီး စစ်ဆေးငွေညှစ်တဲ့ မော်တော်ပီကယ် အပါအဝင် စစ်အုပ်စု လက်နက်ကိုင်တွေကလည်း မဲစာရင်းနံပတ်မေးကာ မသိသူတွေကို ငွေညှစ်တာမျိုးတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်တဲ့ ရွေးကောက်ပွဲ မတိုင်မီကလည်း မန္တလေးမြို့တွင်း လမ်းပေါ်တက် ငွေညှစ်ရာမှာ မဲစာရင်းနံပတ် သိ၊မသိ မေးမြန်းပြီး မသိသူတွေကို ရိုက်နှက်ငွေညှစ်တာတွေ လုပ်ခဲ့တယ်လို့ ကိုယ်တိုင်ကြုံရတဲ့ မြို့ခံတချို့က ပြောပါတယ်။
မန္တလေးခရိုင် ခုနှစ်မြို့နယ်အနက် စစ်အုပ်စုဟာ ဒီဇင်ဘာ ၂၈ရက်က အောင်မြေသာစံနဲ့ ချမ်းအေးသာစံ မြို့နယ်မှာ အယောင်ပြ ရွေးကောက်ပွဲ လုပ်ခဲ့ပြီး လာမယ့် ဇန်နဝါရီ ဒုတိယပတ်မှာ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ်တွေမှာ ရွေးကောက်ပွဲ ထပ်လုပ်မယ်လို့ ကြေညာထားပါတယ်။
ရွေးကောက်ပွဲ မလုပ်မီ မဲဆန္ဒရှင်စာရင်း အရေအတွက်ကို မကြေညာပေမယ့် အောင်မြေသာစံနဲ့ ချမ်းအေသာစံမြို့နယ် အပါအဝင် အယောင်ပြ ရွေးကောက်ပွဲ အပိုင်း(၁) လုပ်ခဲ့တဲ့ နိုင်ငံတဝန်း ၁၀၂ မြို့နယ်မှာ မဲပေးသူ ၅၂ ရာခိုင်နှုန်းကျော် ရှိတယ်လို့ စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်ထားပါတယ်။
မန္တလေးမှာ မြို့ပေါ်ရပ်ကွက်တွေထဲ မိုက်နဲ့လိုက်အော် ခြိမ်းခြောက်လေ့ရှိတဲ့ စစ်အုပ်စု လက်နက်ကိုင်တွေကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – CJ


MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



