စစ်ကိုင်းသတင်း

မြောင်နယ် နဘက်ကျေးရွာကို စစ်အုပ်စု ဂျိုင်ရိုကော်ပတာသုံးစီးနဲ့ ဗုံးကြဲတာကြောင့် နှစ်ဦးသေဆုံး ငါးဦးဒဏ်ရာရ၊

MN/MFP ၊ ဇန်နဝါရီ – ၅

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက နဘက်ကျေးရွာကို ဇန်နဝါရီ ၅ ရက် ဒီကနေ့မနက် ၁၀နာရီဝန်းကျင်မှာ စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာသုံးစီးနဲ့ လေကြောင်းဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား တစ်ဦး ထိမှန်သေဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စု ဗုံးသီးချပစ်ခတ်မှုကြောင့် အသက် ၃၀ အရွယ် ဒေါ်ဒေလီကျော်နဲ့ လူလတ်ပိုင်းအရွယ် ကိုအေးကိုတို့နှစ်ဦးဟာ နေရာမှာတင်သေဆုံးခဲ့ပြီး ငါးဦးခန့် ထိခိုက်ဒဏ်ရာရကာ နေအိမ်သုံးလုံးလည်း ဗုံးအစထိမှန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြောင်မြို့နယ် အနောက်ခြမ်း မြောင်-ပရိမ္မ ကားလမ်းနံဘေးက အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ နဘက်ကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်အုပ်စုက ဂျိုင်ရိုကော်ပတာနဲ့ ပေါင် ၁၂၀ ဗုံးသီးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရွာခံတစ်ယောက်က ပြောပါတယ်။

“ဗုံးသီးချတာက မြသိန်းတန်ဘုရားထဲမှာ စာသင်နေတာကို ချတာ။ ဂျိုင်ရိုကော်ပတာနဲ့ ၁၂၀ ဗုံးသီး သုံးလုံးချတာမှာ တစ်လုံးပဲ ကွဲတာ။ တစ်လုံးက မြသိန်းတန်ဘုရားနားက မန်ကျည်းပင်ပေါ်မှာ တင်နေတာ။ တစ်လုံးက တခြားနေရာမှာ ကျတာ။ သေဆုံးတာကတော့ နှစ်ဦးပါ။ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား တစ်ဦးပါ။ အမျိုးသမီးကတော့ ထက်ပိုင်းပြတ်ပြီးတော့ ဆုံးသွားတာ။ အမျိုးသားကတော့ ဦးခေါင်းထိ ဆုံးသွားတာပါ”

စစ်အုပ်စုတပ်က လေကြောင်းကနေ ဗုံးသီးချတိုက်ခိုက်ရာမှာ မပေါက်ကွဲဘဲ ကျန်နေခဲ့တဲ့ ဗုံးသီးနှစ်လုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက ရှင်းလင်းလုပ်ဆောင် ပေးခဲ့တယ်လို့လည်း သူကဆိုပါတယ်။

လက်ရှိမှာ ရေစကြိုနယ်ဘက်ကနေ မြောင်နယ် ကျောက်ရစ်ရွာပျူစခန်းကို စစ်အုပ်စုတွေ အင်အားဖြည့်တင်းဖို့ ရောက်ရှိနေပြီး စစ်ကြောင်းထိုးမယ့်အခြေအနေလည်း ရှိနေတာကြောင့် အခြေအနေစောင့်ကြည့်နေရတယ်လို့ နောက်ထပ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“အခုက ရေစကြိုဘက်ကနေလည်း ကျောက်ရစ်ရွာကို စစ်ကြောင်းရောက်နေတာဆိုတော့ စစ်ကြောင်းထိုးမယ့် အခြေအနေပါရှိနေတာကြောင့် ဒေသခံတွေက အထုပ်အပိုးတွေ ပြင်ထားကြရတယ်။ အခု လေကြောင်းရန်ကလည်း ရှိနေတာဆိုတော့ ဒေသခံတွေက ဘယ်ပြေးရမယ်မသိဘူးဖြစ်နေကြတာ။ အထိတ်တလန့်နဲ့ နေနေကြရတာ”

မြောင်မြို့နယ် နဘက်ကျေးရွာဟာ စစ်အုပ်စု နယ်မြေရဲစခန်းရှိတဲ့ ကျောက်ရစ်ရွာ အရှေ့ဘက်အနီးမှာ တည်ရှိပြီး အိမ်ခြေ ၁၀၀၀ ကျော်နဲ့ လူဦးရေ ၄၀၀၀ ကျော်ရှိသလို ဗုဒ္ဓဘာသာတွေအပြင် ပေါ်တူဂီမျိုးဆက်တွေ နေထိုင်ကြတဲ့ ရွာကြီးတစ်ရွာတာကြောင့် ဘုန်းကြီးကျောင်း၊ ဘုရားစေတီတွေအပြင် ခရစ္စယာန် ဘုရားရှိခိုးကျောင်းတွေပါရှိတဲ့ ရွာလည်းဖြစ်ပါတယ်။

စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်နဲ့ ရခိုင်ပြည်နယ်စတဲ့ နိုင်ငံတစ်ဝန်းက မြို့နယ်တွေမှာ ဒီဇင်ဘာလ တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၁၉ ကြိမ်ရှိခဲ့ပြီး လူပေါင်း ၁၇၆ဦး သေဆုံးကာ၊ ၃၀၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(MDIS) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

မြောင်နယ် ရေလယ်ကျွန်းဒေသကို ပြီးခဲ့တဲ့နှစ်က စစ်အုပ်စုလေကြောင်းတိုက်ခိုက်ခဲ့ပုံ။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button