စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ယင်းမာပင်နယ် စစ်အုပ်စု ဝင်မွှေမီးရှို့တဲ့ ရွာမှာ လက်နက် အကြွင်းအကျန် ပေါက်ကွဲလို့ ကလေးတစ်ဦး သေဆုံး၊

မုံရွာ ချောင်းဦးမှာလည်း စစ်အုပ်စုက ရွာထဲ မိုင်းတွေ ထောင်ခဲ့လို့ ပြည်သူတွေ အိမ်ပြန်မနေရဲ၊

သုထက်/MFP၊ ဇန်နဝါရီ – ၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာကို စစ်အုပ်စု စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်းလုယက်၊ မီးရှို့ပြီး ပြန်ထွက်သွားချိန် စွန့်ပစ်ခဲ့တဲ့ ၄၀ မမ ကျည်ဖူးကို ဆော့ကစားမိရာက ပေါက်ကွဲလို့ အသက်ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇန်နဝါရီ ၂ရက် နေ့လည်ပိုင်းက ယင်းမာပင်နယ်၊ ကျောက်မှော်ရွာရဲ့ မြောက်ဖက် လယ်ကွင်းအစပ်မှာ ကလေး လေးယောက် ဆော့ကစားရင်း ပေါက်ကွဲမှုဖြစ်လို့ တစ်ယောက် ထိခိုက် သေဆုံးတာလို့ ဆိုပါတယ်။

“ကလေးတွေ ကစားတာက အတူတူပဲ၊ အခြားကလေးတွေက အိမ်ပြန်မယ်ဆိုပြီးအပြန် အေးမင်းမောင်ဆိုတဲ့ ကလေးက တုတ်နဲ့ရိုက်ပြီး ဆော့ကစားနေရစ်ပြီး ပေါက်ကွဲမှု ဖြစ်တာ”လို ဒေသခံ ပရဟိတလုပ်ဆောင်နေတဲ့ လူငယ်တစ်ဦးက MFP ကို ပြောပါတယ်။

အဲ့ဒီ ကျောက်မှော်ရွာကို စစ်အုပ်စုက ဒီဇင်ဘာလ ၁၆ ရက်ကနေ ၁၉ ရက်အထိ လေးရက်ကြာ စီးနင်း တပ်စွဲခဲ့ကာ ဒေသတွင်း အိမ်မီးရှို့၊ လူသတ်၊ လုယက်၊ နေအိမ်ဖောက်ထွင်းခိုးယူတာတွေ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

ကျောက်မျှော်ရွာဟာ ယင်းမာပင်နယ် အရှေ့မြောက်ခြမ်း၊ ကနီနယ်အစပ်၊ ချင်းတွင်းမြစ်ရိုးမှာ တည်ရှိတာ ဖြစ်ပြီး စစ်အုပ်စုဟာ ဒီဇင်ဘာ တတိယပတ်အတွင်း ကျောက်မှော်ရွာ အပါအဝင် ကျောက်ကုန်း၊ ကျွန်းပေါ်၊ နှောပင်၊ အင်းပတ်၊ ကြက်လျာ စတဲ့ ကျေးရွာ ခြောက်ရွာက အိမ်ခြေ ၂၃၈ လုံး မီးရှို့ဖျက်ဆီးကာ အဆိုပါ ကျေးရွာတွေအပြင် ပန်းတိမ်ပြင်ရွာက နေအိမ်တွေကိုပါ ဖောက်ထွင်းပြီး တန်ဘိုးရှိ ပစ္စည်းတွေကို ကားတွေနဲ့ တင်ကာ ခိုးယူသယ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စု ပြန်ထွက်သွားပေမယ့် ကျေးရွာတွေထဲ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည်တွေ တွေ့ရပြီး ရွာခံတွေ တတ်နိုင်သမျှ ရှင်းလင်းခဲ့ပေမယ့် စစ်လက်နက်ပစ္စည်း အကြွင်းအကျန် ရှိနေနိုင်တာကြောင့် ပေါက်ကွဲပြီး ထိခိုက်မှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ ချောင်းဦးမြို့နယ် ကျီကုန်းရွာ အပါအဝင် မုံရွာနဲ့ ချောင်းဦးနယ်အစပ်ရှိ ကျေးရွာတွေကို နိုဝင်ဘာ လကုန်ပိုင်းကနေ ဒီဇင်ဘာအထိ တစ်လကြာ စီးနင်းကာ ရွာမီးရှို့၊ လူသတ်၊ လုယက်၊ နေအိမ် ဖောက်ထွင်းပြီး တန်ဘိုးရှိ ပစ္စည်းတွေ ခိုးယူသယ်ထုတ်တဲ့ စစ်အုပ်စုဟာ နေအိမ်တွေထဲ မိုင်းတွေ ထောင်ထားခဲ့လို့ ပြည်သူတွေ အိမ်မပြန်ရဲကြသေးဘူးလို့ ချောင်းဦးနယ်ခံတွေက ပြောပါတယ်။

ကျီကုန်းရွာရှီ နေအိမ်တွေနဲ့ ကျေးရွာအတွင်း လမ်းတွေမှာ စစ်အုပ်စု ထောင်ထားတဲ့ မိုင်းတွေ ဒီကနေ့အချိန်ထိ ဖော်ထုတ်ရှင်းလင်းလို့ မပြီးသေးဘဲ ရွာထဲပြန်ဝင်မိတဲ့ ပြည်သူနဲ့ ကျွဲ၊နွားတွေ မိုင်းထိတဲ့ဖြစ်စဉ်လည်း သုံးခုထက်မနည်း ရှိတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း ရွာမီးရှို့၊ လူသတ်၊ လုက်၊ ဗုံးကြဲတာတွေ ကျူးလွန်နေသလို ၂၀၂၂ လောက်က စပြီး ရွာထဲ မိုင်းထောင်တာတွေပါ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ယင်းမာပင်နယ် ကျောက်မျှော်ရွာမှာ စစ်အုပ်စု စွန့်ပစ်ခဲ့တဲ့ လက်နက်ကျည်ကြောင့် သေဆုံးတဲ့ ကလေးငယ်နဲ့ ချောင်းဦး ကျီကုန်းရွာထဲ စစ်အုပ်စု ထောင်ထားခဲ့တဲ့ မိုင်းတွေ/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button