
အီသာရမ်/MFP ၊ ဇန်နဝါရီ-၆
မကွေးတိုင်း ပေါက်မြို့နယ်က ရက်ရှည်စစ်ရှောင်နေကြရတဲ့ စစ်ဘေးရှောင်ကလေးတွေမှာ သောက်သုံးရေရှားပါးတာကြောင့် အရေးပြားရောဂါဝေဒနာတွေ ခံစားနေရပြီး စားနပ်ရိက္ခာ၊အမိုးအကာနဲ့ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ ပေါက်မြို့နယ် လူသားစာနာက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ပေါက်မြို့နယ် အနောက်ခြမ်းမှာရှိတဲ့ စစ်အုပ်စုရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာနဲ့ စစ်ကြောင်းထိုးလာတာတွေကြောင့် ကျောက်တံခါးရွာကျောက်မဲတောင်ရွာ၊ မျှားပိုင်းရွာ၊ ခင်အေးရွာ၊ အုံးမှင်ရွာ၊ မကျီးကုန်းရွာ၊ ယောကုန်းရွာ၊ နန်းစဥ်ကုန်းရွာ၊ တယ်ပင်ရွာ၊ ထန်းပင်ချောင်းရွာနဲ့ ပလောင်းရွာမှာနေထိုင်တဲ့ ဒေသခံ ငါးထောင်ခန့်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက နေရပ်စွန့်ခွာထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။
ကာလကြာရှည် ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ တောတိုက်တွေအနီးမှာ ပုန်းခိုနေကြရပြီး သုံးရေးရှားပါးပြီး မသန့်ရှင်းတာကြောင့် ကလေးငယ်အများစုနဲ့ လူကြီးတွေမှာ အရေပြားရောဂါတွေ ဖြစ်ပွားနေတယ်လို့ ပေါက်မြို့နယ် လူသားစာနာတာဝန်ခံတစ်ဦးက ပြောပါတယ်။
“လူကြီးတွေ အနည်းစုမှာလည်းဖြစ်တယ်။ ကလေးတွေအများစုဖြစ်တာပေါ့၊သောက်သုံးရေမှာ သုံးရေကြောင့် ဖြစ်နေတာ၊ ပေါက်မြို့နယ်ထဲက စစ်ရှိန်မြှင့်လာတာလည်းရှိတော့ စစ်ရှောင်တွေ အရမ်းများလာတော့ ကျွန်တော်တို့မြို့နယ်မှာလည်း ရှိတဲ့အားနဲ့ရုန်းတဲ့အချိန်မှာ ကူညီထောက်ပံ့မှုတွေ လိုအပ်နေတာပေါ့နော် နေထိုင်ရေး အမိုးအကာ အကုန်လုံးပါဘဲ၊ကျွန်တော်တို့် မြို့နယ်ဘက်ကလည်း သွားနိုင်သလောက်သွားထားတယ် လိုအပ်ချက်တွေက များလွန်းတော့ မနိုင်ဖြစ်နေတာပေါ့ဗျာ”
စစ်ဘေးရှောင်အများစုဟာ တောတိုက်တွေအနီးက မသန့်ရှင်းတဲ့ စိမ့်စမ်းရေတွေကို အသုံးပြုနေကြရပြီး စစ်ရှောင်လူဦးရေများတာကြောင့် သောက်သုံးရေမလောက်ဘဲ ဝေဌသုံးစွဲနေရတယ်လို့ သူကဆိုပါတယ်။
စစ်အုပ်စုက ပေါက်မြို့နယ်ကို စစ်ရေးအရှိန်မြှင့်ကာ စစ်ကြောင်းထိုးတာတွေနဲ့လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် စစ်ဘေးရှောင် ပြည်သူတွေဟာ ခြောက်လနီးပါးအကြာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကပစ -၂၄ ကို ပခုက္ကူတပ်မ -၁၀၁ ကနေ စစ်အုပ်စုတပ်အင်အားနဲ့ ရိက္ခာခဲယမ်းတွေ ပို့ဆောင်ပြီးနောက်ပိုင်း စစ်အုပ်စုက စစ်ကြောင်းထိုးတာတွေ လက်နက်ကြီးနဲ့ပစ်ခတ်တွေ ပိုတိုးလုပ်လာသလို အနီးအနားက ကျေးရွာတွေကို စစ်ကြောင်းထိုးကာ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလည်း ရှိနေပါတယ်။
ဇန်နဝါရီလ ၆ ရက်နေ့ ဒီနေ့မှာလည်း စစ်အုပ်စုတပ်က ကပစ -၂၄ အနောက်ဘက်က ကျေးရွာတွေကို ဦးတည်စစ်ကြောင်းထိုးနေပြီး တိုက်ပွဲဖြစ်ပွားနေတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၂၉ ရက်နေ့ကလည်း ကာကွယ်ရေးပစ္စည်းစက်ရုံ-ကပစ၂၄ ကနေထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းက ကျောက်မဲတောင်ကျေးရွာက ပြည်သူသုံးဦးနဲ့ မန်းကျည်းကုန်းက ပြည်သူနှစ်ဦး တို့ကိုဖမ်ဆီးသွားပြီး ဒီနေ့အထိ ပြန်လွတ်တာမျိုးမရှိသေးပါဘူး။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



