မန္တလေးသတင်း

မိုးကုတ်မှာ ကျောက်ဆေးသမား ၁၀၀ နီးပါးကို စစ်အုပ်စုဖမ်းဆီးပြီးနောက် ခြိမ်းခြောက်ငွေတောင်းယူပြီး ပြန်လွှတ်၊

နန်းယု/MFP၊ ဇန်နဝါရီ – ၅

မန္တလေးတိုင်း၊ မိုးကုတ်မြို့ရဲ့အကျဉ်းထောင်အနောက်ဘက်မှာရှိတဲ့ ချောင်းအတွင်းမှာ ကျောက်(ခနဲ)ဆေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့ အရပ်သား ၁၀၀ နီးပါးကို ဇန်နဝါရီ ၅ ရက် မနက်ပိုင်းမှာ စစ်အုပ်စုတပ်က ဖမ်းဆီးပြီးနောက် ကျပ်သိန်းချီ ခြိမ်းခြောက်ငွေတောင်းယူကာ နာရီပိုင်းအကြာမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဆီကနေ တစ်ဦးကို ငွေကျပ်သိန်းပိုင်းစီ တောင်းယူပြီးနောက် နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့သလို ကျောက်ဆေးလုပ်ငန်းကို ထပ်မံလုပ်ကိုင်ခွင့်ကိုပါ ပိတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုတပ်က ကျောက်ဆေးလုပ်ငန်းလုပ်ကိုင်သူတွေကို ဖမ်းဆီးရာမှာ လုပ်ငန်းပိုင်းဆိုင်ရာ စက်ပစ္စည်းတွေကိုပါ သိမ်းဆည်းသွားခဲ့တယ်လို့ ဆိုပါတယ်။

“မနေ့က နေ့လယ် ၃ နာရီလောက်မှာ ပြန်လွှတ်လာတယ်။ တစ်ယောက်ကို သိန်းပိုင်းစီ ငွေညစ်ပြီးမှ လွှတ်တာ။ နောက်ထပ် မလုပ်ဖို့ သတိပေးပြီး စက်တွေ ပစ္စည်းတွေကို သိမ်းသွားတယ်” ဟု မြို့ခံတစ်ဦးက ပြောပါတယ်။

အလုပ်အကိုင်ရှားပါးနေတဲ့ မိုးကုတ်မြို့မှာ စစ်အုပ်စုတပ်က ဒေသခံတွေ တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေတဲ့ ကျောက်ဆေးလုပ်ငန်းတွေကိုပါ ဆက်လက်လုပ်ကိုင်ခွင့် မပြုတော့တာကြောင့် စားဝတ်ရေရေး ပိုခက်ခဲသွားတယ်လို့ သူကဆိုပါတယ်။

စစ်အုပ်စုတပ်ဟာ မိုးကုတ်မြို့ကို ပြန်ဝင်ရောက်ပြီးနောက် မြို့အတွင်းလုံခြုံရေးကို တင်းကြပ်ထားသလို ဇန်နဝါရီ ၆ ရက်ကလည်း မြို့အနောက်ပိုင်း ကျပ်ပြင်ဆေးရုံမှ ထွက်ခွာလာတဲ့ စစ်အုပ်စုရဲ့ ခြေမြန်တပ်ရင်း ခမရ–၅၅ရဲ့ အင်အား ၃၀ ပါစစ်ကြောင်းဟာ ကျောက်ဖားဂိတ်အနီးက စွမ်းပန့်ဓာတ်ဆီဆိုင်မှာ အထိုင်ချပြီးနောက် လမ်းသွားလမ်းလာဒေသခံတွေကို စစ်ဆေးပြီးနောက် ဖုန်းတွေကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုတပ်ဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးတာ ဖုန်းတွေသိမ်းဆည်းတာတွေ ပိုလုပ်လာတာကြောင့် မြို့ခံတွေအကြားမှာ စိုးရိမ်မှုတွေရှိနေတယ်လို့ ပြောပါတယ်။

လတ်တလောမှာတော့ စစ်အုပ်စုတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း ငြိမ်သက်နေပေမဲ့ စစ်အုပ်စုတပ်က မြို့တွင်းကနေရာတော်တော်များများမှာ ခြေကုတ်ယူထားပြီး ကင်းထောက်ဒရုန်းတွေနဲ့လည်း မြို့ကိုစောင့်ကြည့်စစ်ဆေးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button