မတ္တရာ ကျေးရွာအုပ်စု ၈၃ခုအနက် ၂၀ မှာသာ ရွေးကောက်ပွဲ လုပ်နိုင်ပြီး ပြည်သူ ထောင်သောင်းချီ စစ်ဘေးရှောင်နေရ၊
ဒေါ်လာ၊ ဂျီဂျီ/MFP၊ ဇန်နဝါရီ – ၁၁
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ မြို့ပေါ် ရပ်ကွက်နဲ့ မြို့အနီး ကျေးရွာတချို့မှာ စစ်အုပ်စုက အယောင်ပြရွေးကောက်ပွဲ လုပ်နေတယ်လို့ သတင်းရရှိပါတယ်။
မတ္တရာမြို့နယ်မှာ မြို့ပေါ် ရပ်ကွက် ငါးခု၊ ကျေးရွာအုပ်စု ၈၃ ခု ရှိတဲ့အနက် ရွေးကောက်ပွဲကို မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၂၀ မှာသာ လုပ်နိုင်မယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ လတွေအတွင်း မတ္တရာနယ်က စစ်ရှုံးနယ်မြေတွေ ပြန်ရရေး စစ်အုပ်စုက ပြန်လည် ထိုးစစ်ဆင်ခဲ့ပြီး ကျေးရွာတွေကို ဗုံးကြဲတာ၊ မီးရှို့တာ၊ ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ပေါ်တာဆွဲတာတွေကြောင့် မတ္တရာနယ် ကျေးရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မတ္တရာနယ် ကျေးရွာတွေကို စစ်အုပ်စုက ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဒေသခံပြည်သူတွေကို ကျေးရွာအတွင်း ပြန်လည် နေထိုင်ခွင့်မပေးသေးဘဲ ရွာထဲပြန်ဝင်လိုသူတွေကို တစ်ဦးကို ကျပ်တစ်သိန်းနှုန်း ငွေတောင်းတာ၊ ရွာအတွင်း ချက်ချင်းပြန်နေခွင့်မပေးဘဲ တောစပ်တွေမှာ ယာယီနေရာချထားပြီး လူငယ်လူရွယ်တွေကို PDF အဖြစ် စွပ်စွဲဖမ်းဆီးတာ၊ ပေါ်တာဆွဲတာတွေ လုပ်နေလို့ စစ်ဘေးရှောင်ပြည်သူ အများစု နေရပ်မပြန်နိုင်ကြသေးဘူးလို့ ကိုယ်တိုင် စစ်ဘေးရှောင်နေရသူတွေက ပြောပါတယ်။
မန္တလေးတိုင်းအတွင်း ရွေးကောက်ပွဲ အပိုင်း(၂)အဖြစ် မတ္တရာ အပါအဝင် မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ စဉ့်ကိုင်၊ ကျောက်ပန်းတောင်း၊ သာစည်၊ ဝမ်းတွင်း နဲ့ တံတားဦးမြို့နယ် ကိုးမြို့နယ်မှာ လုပ်နေတာ ဖြစ်ပါတယ်။
စစ်အုပ်စုက ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းခွဲကာ လုပ်နေတာ ဖြစ်ပါတယ်။
မတ္တရာမြို့ပေါ် မဲရုံတွေမှာ မဲပေးနေသူတွေ/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



