ကြေးနီတူးနေတဲ့ တရုတ်ပိုင် ယန်စီကုမ္မဏီ လက်နက်ကြီး ထုခံရလို့ လုပ်ငန်းရပ်ဆိုင်း၊
စက်ရုံထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်၊

စက်ရုံထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်၊
ဝမ်ပေါင်က လုပ်ငန်း ရပ်ထားတာ တစ်လကျော်ပြီ ဖြစ်ပြီး မရပ်တဲ့ ယန်စီ ထပ်မံ တိုက်ခိုက်ခံရတာဖြစ်၊
သုထက်/MFP၊ ဇန်နဝါရီ – ၁၁
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲ တောင်တွေဖြိုကာ ကြေးနီတူးနေတဲ့ တရုတ်ပိုင် ယန်စီကုမ္မဏီ ဒီမနက်ပိုင်း လက်နက်ကြီး ပစ်ခတ်ခံရတာကြောင့် လုပ်ငန်းခွင် ယာယီရပ်ဆိုင်းသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
ဇန်နဝါရီ ၁၁ရက် မနက် ၁၀နာရီလောက်မှာ တရုတ်ပိုင် ယန်စီကုမ္ပဏီကို အမည်မသိ တော်လှန်ရေးတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ကြေးနီ တူးဖော်ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ယာယီ ရပ်ဆိုင်းသွားတာလို့ ဆိုပါတယ်။
“အသံအကျယ်ကြီး ခြောက်ချက်လောက် ကြားတယ်၊ နှစ်ချက်က အသံပျော့တယ်၊ လက်နက်ကြီးသံ ကြားကြားချင်း ဥသြသံ ဆက်တိုက် ကြားရပြီး လုပ်ငန်းပါ ရပ်သွားတယ်” လို့ ယန်စီကုမ္ပဏီ CDM ဝန်ထမ်း တစ်ဦးက MFP ကို ပြောပါတယ်။
ယန်စီကုမ္ပဏီဟာ ဆားလင်းကြီးနယ်ရှိ စပယ်တောင်နဲ့ ကြေးစင်တောင်တွေကို ဖြိုကာ ကြေးနီတူးနေတာ ဖြစ်ပြီး ကြေးစင်တောင်ရှိ ယန်စီကုမ္ပဏီ မိုင်းမြို့ရဲ့ အရှေ့ဘက် ဂေါက်ကွင်းဘက်မှာ လက်နက်ကြီး ကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
လက်နက်ကြီးတွေ ပစ်ခတ်ခံရချိန် တရုတ်စက်ရုံထဲကနေလည်း လက်နက်ကြီးတွေ ပြန်လည် တုန့်ပြန် ပစ်ခတ်တာ၊ သေနတ် ပစ်ဖောက်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်ပိုင် ယန်စီကုမ္မဏီကို အာဏာသိမ်း စစ်အုပ်စု လက်နက်ကိုင် အင်အား ၁၅၀ လောက်က လုံခြုံရေးယူ ဂိတ်စောင့်ပေးနေတာ ဖြစ်ပါတယ်။
အဲ့ဒီ တရုတ်စက်ရုံ ဂိတ်အစောင့် စစ်အုပ်စုဟာ ကုမ္မဏီ ခြံစည်းရိုးအတွင်း ကင်းပတ်တာ၊ ခြံစည်းရိုးအပြင်ဘက် ညောင်ပင်ကြီး – ယင်းမာပင် လမ်းပိုင်းပေါ် တက်ကာ လမ်းသွားလမ်းလာ ပြည်သူကို စစ်ဆေးငွေညှစ်တာ၊ တယ်ပင်ကန်နဲ့ မောက်သရက်ရွာ အပါအဝင် ကုမ္မဏီအနောက်ဘက်ရှိ ကျေးရွာတွေကို စီးနင်းပြီး ကင်းချစစ်ဆေးတာတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်ထဲရှိ စံပယ်တောင်၊ ကြေးစင်တောင်နဲ့ လက်ပံတောင်းတောင်တွေကို ဖြိုကာ တရုတ်ပိုင် မြန်မာယန်စီကုမ္ပဏီနဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီတို့က ကြေးနီတူးနေတာ ဖြစ်ပြီး စစ်အုပ်စုက လုံခြုံရေးယူပေးထားတာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် တရုတ်နဲ့ စစ်အုပ်စု ပေါင်းကာ မြေယာတွေကို အဓမ္မသိမ်းယူပြီး ကြေးနီစီမံကိန်း ဧရိယာ ချဲ့ထွင်တာ၊ စီမံကိန်းလုံခြုံရေး အကြောင်းပြပြီး စစ်အုပ်စုက ဒေသတွင်း ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး မီးရှို့တာ၊ ဖမ်းဆီးစစ်ဆေး ငွေညှစ်တာ၊ သတ်ဖြတ်တာတွေ မကြာခဏ ကျူးလွန်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကနေ စက်တပ်လေထီး (Paramotor)၊ ရဟတ်ယာဉ်ငယ် (Gyrocopter) စတာတွေနဲ့ ကြေးနီစီမံကိန်း ပတ်လည် ရွာတွေကို ဗုံးကြဲတာတွေ ကျူးလွန်နေပြီး ဒေသခံ တော်လှန်ရေးတပ်တွေနဲ့လည်း မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
တရုတ်ပိုင် ကုမ္ပဏီနှစ်ခုအနက် ဝမ်ပေါင်ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ရက်ကတည်းက လုပ်ငန်းတွေ ရပ်ဆိုင်းထားပြီး စစ်အုပ်စု ရွေးကောက်ပွဲအပြီးမှ လုပ်ငန်းပြန်လည်ပတ်မယ်လို့ သတင်းကြားကြောင်း ဒေသခံ သတင်းအရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲ လုပ်နေပြီး ယင်းမာပင်နယ်မှာ ရွေးကောက်ပွဲ မလုပ်နိုင်ပေမယ့် ဆားလင်းကြီးနယ်ကို အပိုင်း ၃ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာထားပါတယ်။

ဆားလင်းကြီးနယ်ထဲ တောင်တွေဖြိုကာ ကြေးနီတူးနေတဲ့ တရုတ်ပိုင် မြန်မာယန်စီကုမ္ပဏီ/Photo – ဝမ်ပေါင်ကုမ္ပဏီ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



