မန္တလေးသတင်း

မန္တလေးမှာ ရွေးကောက်ပွဲ မဲပေးသူနည်းလို့ မဲလာပေးကြဖို့ စစ်အုပ်စုက ရပ်ကွက်ထဲ မိုက်နဲ့လိုက်အော်၊

မဲလာပေးသူတွေကို အချိုရည်၊ မုန့်နဲ့ ရေဗူး ပေးဝေ၊

ဖိုးချို၊ ဂျီဂျီ/MFP၊ ဇန်နဝါရီ – ၁၁

မန္တလေးမြို့ပေါ် ရပ်ကွက်တချို့မှာ အာဏာသိမ်း စစ်အုပ်စုက အယောင်ပြ ရွေးကောက်ပွဲ လုပ်နေပြီး မဲပေးသူ အရေအတွက် နည်းပါးတာကြောင့် မဲရုံကို မဲလာပေးကြဖို့ ရပ်ကွက်ထဲ မိုက်နဲ့ လိုက်အော်နေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

မန္တလေးမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ်တွေမှာ စစ်အုပ်စုက ရွေးကောက်ပွဲ လုပ်နေတာ ဖြစ်ပြီး ဇန်နဝါရီ ၁၁ရက် ဒီကနေ့ မနက် ၈နာရီက စတင်ပြီး မဲရုံကို မဲလာပေးကြဖို့ အသံချဲ့စက်တွေ၊ ကားတွေနဲ့ ရပ်ကွက်ထဲ လိုက်အော်နေတာလို့ ဆိုပါတယ်။

“သွား မပေးဘူး။ (မဲပေးဖို့) သူတို့လည်း ဘာမှ လာမပြောဘူး။ မိုက်နဲ့ လိုက်အော်တာတော့ ရှိတယ်။ မဲရုံ လူ မရှိလို့ ထင်တယ်။ ခုမနက် ၈ နာရီခွဲလောက်ကရယ်၊ ၁၁ နာရီလောက်ကရယ်၊ နှစ်ခါ။ ဒီ အနီးအနားက လူတွေ ဘယ်သူမှ သွားမပေးကြဘူး။ (သွားပေးတာ) မမြင်ဘူး” လို့ မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

မဲရုံလုပ်တဲ့ ရပ်ကွက်ဓမ္မာရုံတွေကနေ အသံချဲ့စက် အော်နေသလို ရပ်ကွက်ထဲ စစ်အုပ်စုနဲ့ပျူစောထီးတွေ ကားနဲ့လှည့်ကာ  မဲမပေးရသေးသူတွေ မဲလာပေးဖို့ လိုက်အော်နေတာလို့ မြို့ခံတွေက ပြောပါတယ်။

“ဟုတ်ပါတယ်၊ ၄ နာရီ နောက်ဆုံးထား မဲလာပေးကြဖို့ နှိုးဆော်အသိပေးပါတယ်ဆိုပြီး ကားနဲ့ လှည့်အော်နေတာ၊ ရပ်ကွက်မဲရုံဆို ၁၂ နာရီနောက်ပိုင်းကတည်းက လူရှင်းသွားပြီ” လို့ မဟာအောင်မြေ မြို့နယ်မှာ နေထိုင်သူ နောက်ထပ် တစ်ဦးက ပြောပါတယ်။

ရွေးကောက်ပွဲမတိုင်မီက မဲပေးဖို့ နည်းမျိုးစုံသုံးကာ ခြိမ်းခြောက်အကြပ်ကိုင် ဖိအားပေးတဲ့ စစ်အုပ်စုဟာ ရွေးကောက်ပွဲနေ့ မဲသွားပေးရာမှာတော့ အချိုရည်၊ မုန့်နဲ့ ရေသန့်ဗူးပေးဝေတာမျိုးလည်း ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ မဲပေးသူ အရေအတွက် နည်းပါးပြီး မဲရုံလူအစည်းကားဆုံးအချိန်လို့ ဆိုရမယ့် မဲရုံဖွင့်စ မနက် ၆နာရီကနေ ၈နာရီအတွင်းမှာပဲ မဲရုံအများစုမှာ လူ ၅၀ ကနေ ၁၀၀ ကြားသာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ရွေးကောက်ပွဲကို အပိုင်းပိုင်းခွဲ လုပ်နေတာ ဖြစ်ပြီး ဒီကနေ့ ဇန်နဝါရီ ၁၁ရက်မှာ အပိုင်း ၂အဖြစ် နိုင်ငံတဝန်း မြို့နယ် ၁၀၀ က ရပ်ကွက်၊ကျေးရွာတချို့မှာ ရွေးကောက်ပွဲ လုပ်နေတာ ဖြစ်ပါတယ်။

မန္တလေးတိုင်းမှာတော့ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ စဉ့်ကိုင်၊ ကျောက်ပန်းတောင်း၊ မတ္တရာ၊ ဝမ်းတွင်း၊ သာစည် နဲ့ မတ္တရာမြို့နယ်တို့မှာ ရွေးကောက်ပွဲ လုပ်နေတာ ဖြစ်ပါတယ်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်း စစ်အုပ်စုက လုပ်တဲ့ ရွေးကောက်ပွဲမှာ မဲရုံလာပြီး မဲပေးနေသူတွေ/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button