စစ်ကိုင်းသတင်း

ရွှေဘို မြို့ရှောင်လမ်းမှာ ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ စစ်အုပ်စုတပ်ပစ်ခတ်ခံရပြီးနောက် လမ်းပိုင်းကို ဘူဒိုဇာနဲ့ ဖျက်ဆီး၊

MN/MFP ၊ ဇန်နဝါရီ -၁၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က မြို့ရှောင်လမ်းပေါ်မှာ ဇန်နဝါရီ ၁၀ ရက်က ပြည်သူတွေထံကနေ ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ စစ်အုပ်စုလက်အောက်ခံရဲတပ်သားတွေ ပစ်ခတ်ခံရပြီးနောက် ဒီကနေ့ ဇန်နဝါရီ ၁၂ ရက် ဒီနေ့နေ့လယ်ပိုင်းမှာ မြို့ရှောင်လမ်းပိုင်းကို စစ်အုပ်စုတပ်က စက်ယန္တရား(ဘူဒိုဇာ)တွေနဲ့ ဖျက်ဆီးလိုက်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီကားပေါ်မှာ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှုးရုံးက ဒုရဲမှုးနှစ်ဦးနဲ့ရဲတပ်သားတွေ အပါအဝင် ဆယ်ဦးနီးပါးလိုက်ပါလာသလို မြို့ရှောင်လမ်းကို ဖြတ်သန်းမောင်းနှင်တဲ့ ကုန်ကားတွေကို ဆက်ကြေးကောက်ဖို့ ထွက်လာရာမှာ အမည်မသိရသေးတဲ့ လက်နက်ကိုင်တပ်ဖွဲ့က ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်ရာမှာ ဒုရဲမှုးနှစ်ဦးနဲ့ ရဲတပ်သားတစ်ဦး သေဆုံးခဲ့သလို နောက်ထပ်ပျုစောထီးနှစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ရွှေဘိုမြို့ရှောင်လမ်းကို စစ်အုပ်စုတပ်က စက်ယန္တရားတွေ အသုံးပြုပြီး ဖျက်ဆီးခဲ့သလို မြို့ရှောင်လမ်းကိုလည်း ဇန်နဝါရီလ ၁၁ ရက်ကတည်းက ဖြတ်သန်းခွင့်ပိတ်ထားတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဲဒီ လမ်းပိုင်းပေါ်မှာ သူတို့ရဲမှူးတွေ အသတ်ခံရလို့ထင်တာပဲ။ မနက်က ဖျက်သွားတာ။ နေရာကတော့ သွားကြည့်လို့မရလို့ ဘယ်နေရာတွေ ဖျက်ဆီးသွားတယ်ဆိုတာတော့ မသိရသေးဘူး”

ရွှေဘိုမြို့ရှောင်လမ်းပေါ်မှာ ဖြတ်သန်းမောင်းနှင်နေတဲ့ ကုန်တင်ယာဉ်တွေကို စစ်အုပ်စုတပ်က ဖမ်းဆီးငွေညှစ်ဖို့ ထွက်လာရာမှာ စစ်အုပ်စုကားတစ်စီးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ပြောက်ကျားတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကိုတော့ MFPအနေနဲ့ သီးခြားအတည်မပြုနိုင်တာမျိုး မရှိသေးပါဘူး။

ဒါ့အပြင် ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ရွှေဘိုဒေသတွင်းအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး အခုထိ မရှိသေးပါဘူး။

အာဏာသိမ်းပြီးနောက် စစ်အုပ်စုတပ်ဟာ ရွှေဘိုမြို့ရှောင်လမ်းပေါ်မှာ ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်ယာဉ်တွေကို ဖမ်းဆီးငွေညှစ်တာနဲ့ ဆက်ကြေးကောက်ခံတာတွေအပြင် အဲဒီလမ်းပေါ်မှာ လူငယ်တွေကို မကြာခဏ ပေါ်တာဆွဲဖမ်းဆီးတာတွေပါ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်ကလည်း ရွှေဘိုမြို့နယ် တည်သီးတောကျေးရွာအနီးက စစ်ဘေးရှောင်တွေနေထိုင်နေကြတဲ့ မကျဉ်းစုတောတိုက်ကို စစ်အုပ်စုတပ် နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်လေးဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြို့ရှောင်လမ်းအပါအဝင် ရွှေဘိုမြို့ပေါ်ကို ၂၀၂၄ ခုနှစ်က မြင်တွေ့ရပုံ။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button