MN/MFP ၊ ဇန်နဝါရီ – ၁၄
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေက ပြီးခဲ့တဲ့ဇန်နဝါရီ ၆ ရက်နဲ့ ၁၁ ရက်မှာ ဒေသခံအမျိုးသားသုံးဦးကို ကာကွယ်ရေးတပ်တွေနဲ့ ပတ်သက်တယ်ဟုဆိုကာ ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းကို လမ်းဘေးမှာစွန့်ပစ်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
စစ်အုပ်စုနဲ့ပျူစောထီးတွေ လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ ဒေသခံတွေဟာ ခေါင်းကွဲရွာက အသက် ၄၈နှစ်အရွယ် ကိုဝင်းခိုင်၊ အသက် ၂၀ ကျော်အရွယ် ကိုခန့်ကြီးနဲ့ ပိုက်တဲကုန်းရွာက ကိုနိုင်ဦးတို့ဖြစ်ပါတယ်။
ဇန်နဝါရီ ၆ ရက်က မြင်းခြံမြို့မြောက်ဘက် ကံရွာလမ်းခွဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးတွေက ခေါင်းကွဲရွာနဲ့ ပိုက်တဲကုန်းရွာက အမျိုးသား သုံးဦးကို ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ကာ အလောင်းတွေကို စွန့်ပစ်သွားခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဇန်နဝါရီ ၆ ရက် ညနေပိုင်းက ပိုက်တဲကုန်းရွာက စခတွေနဲ့ပျူ သုံးကောင် ကင်းပတ်နေတဲ့အချိန် Myingyan Black Tiger အဖွဲ့က ရှင်းလင်းနိုင်ခဲ့တာကြောင့် လက်စားချေတဲ့သဘောမျိုးနဲ့ လုပ်သွားတာ။ အသတ်ခံရတဲ့သူတွေက အရပ်သားတွေပါ။ အဲဒီထဲက တစ်ယောက်ဆိုရင် ဆိုင်ကယ်ကယ်ရီ ဆွဲစားနေတာ။ PDF နဲ့ အဆက်သွယ်ရှိတယ်လို့ စွပ်စွဲပြီးတော့ သတ်တာ”
ကိုဝင်းခိုင်ကိုတော့ စစ်အုပ်စုက ခေါင်းကွဲရွာ သုသာန်မှာ ဇန်နဝါရီ ၆ ရက် ညပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခဲ့တာဖြစ်ပြီး ကိုခန့်ကြီးနဲ့ ကိုနိုင်ဦးတို့ နှစ်ဦးကိုတော့ ပစ်သတ်ပြီးနောက် ခေါင်းကွဲရွာ အရှေ့ဘက်မှာရှိတဲ့ အမှိုက်ပုံမှာ ဇန်နဝါရီ ၁၁ ရက် မနက်က အလောင်းကို လာရောက်စွန့်ပစ်ထားခဲ့တယ်လို့ သူကဆိုပါတယ်။
ဖမ်းဆီးပစ်သတ်ခံရသူတွေဟာ သာမန်လက်လုပ်လက်စား အရပ်သားတွေဖြစ်ပြီး စစ်အုပ်စုတပ်က PDFနဲ့ပတ်သက်တယ်လို့ စွပ်စွဲသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
မြင်းခြံမြို့နယ်ထဲမှာ စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ပျူတွေက ကျေးရွာတွေကို စီးနင်းလုယက်မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ မကြာခဏ ကျူးလွန်နေတာကြောင့် ရွာပေါင်း ၃၀ ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်ပြီး စားနပ်ရိက္ခာ အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ရေးအနေနဲ့ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်က မြင်းခြံမြို့ အနောက်ဘက် ပိုက်တဲကုန်းကျေးရွာအနီးမှာ ကင်းပတ်နေတဲ့ စစ်အုပ်စုနဲ့ ပျူတွေကို မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း – Myingyan Black Tiger (MBT) တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုသုံးဦးသေဆုံးခဲ့ပြီး MA – 1 အမျိုးစား သေနတ်တစ်လက်နဲ့အတူ ခဲယမ်းအချို့ တော်လှန်ရေးတပ်တွေက သိမ်းဆည်းရရှိခဲ့ပါသေးတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး



