သတင်း

မန္တလေး ဝမ်းတွင်းမြို့အနီး ဗဟိုပြုကာ ပြင်းအား ၅ ရစ်ချ်တာစကေးရှိ ငလျင်လှုပ်၊

ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၁၅

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့အနီးကို ဗဟိုပြုကာ ဇန်နဝါရီ ၁၅ ရက် ဒီကနေ့ ညနေ ၆နာရီခွဲကျော်အချိန် ပြင်းအား ၅ ရစ်ချ်တာစကေးအဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က သတင်း ထုတ်ပြန်ပါတယ်။

အဲ့ဒီငလျင်ဒဏ်ကို မန္တလေး၊ စစ်ကိုင်း စတဲ့ မြို့တွေမှာပါ သိသိသာသာ ခံစားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဘုရားဝတ်တက်နေရင်း ငလျင်လှုပ်လို့ ထပြေးရသေးတယ်” လို့ မန္တလေးမြို့ခံတစ်ဦးက ဆိုပါတယ်။

မတ်လ ၂၈ရက်က ပြင်းအား ၇ ဒဿမ ၇ ရစ်ချ်တာစကေးအဆင့်ရှိတဲ့ ဖျက်အားပြင်း စစ်ကိုင်းငလျင်ကြီး လှုပ်ခတ် ပြီးနောက် နောက်ဆက်တွဲ ငလျင်တွေ ဆက်တိုက်လှုပ်ခတ်နေတာ ဖြစ်ပါတယ်။

စစ်ကိုင်းငလျင်ကြီးအပြီး ကိုးလကျော်အတွင်း မြန်မာနိုင်ငံတွင်း ဗဟိုပြုကာ နောက်ဆက်တွဲ ငလျင် အကြိမ် ၂၅၀ ကျော် လှုပ်ခတ်ခဲ့တယ်လို့ အာဏာသိမ်း စစ်အုပ်စုရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကလည်း ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၈ရက် ညပိုင်းကလည်း မန္တလေးမြို့အနီး ဗဟိုပြုကာ ပြင်းအား ရစ်ချ်တာစကေး ၄ဒဿမ၅ ရှိ အင်အား အသင့်အတင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ရာ မန္တလေးမြို့ခံ အများအပြား နေအိမ်ကနေ လမ်းပေါ် ဆင်းပြေးခဲ့ကြရပါသေးတယ်။

ငလျင်ကြီးအပြီး နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်ခတ်တာက ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး အချိန် ကြာလာတာနဲ့အမျှ အကြိမ်ရေ လျော့လာတတ်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က လူမှုကွန်ယက်မှာ ရေးပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ရက်က စစ်ကိုင်းမြို့အနီး ဗဟိုပြုကာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ဒဿမ၇ ရစ်ချ်တာစကေး ရှိတဲ့ ငလျင်ကြောင့် စစ်ကိုင်းနဲ့ မန္တလေးမြို့မှာ ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး နိုင်ငံတဝန်း လူပေါင်း ၅၀၀၀ ခန့် သေဆုံးခဲ့ကာပါတယ်။

ငလျင်ဒဏ်သင့် စစ်ကိုင်းနဲ့ မန္တလေးမြို့ခံပြည်သူတွေ အနေနဲ့ မိသားစု အခြေအကျ နေထိုင်နိုင်ရေးနဲ့ အပျက်အစီး ဖြိုဖျက်ရှင်းလင်းတာတွေပဲ အဓိကထား လုပ်ဆောင်နေရပြီး စီးပွားရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ မလုပ်နိုင်သေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့ရှိ ငလျင်တိုင်းတာရေးစက်တစ်ခုကို ပြီးခဲ့တဲ့ နှစ်ပိုင်းက တွေ့ရစဉ်/Photo – MFP

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button