ရွှေဥ/MFP၊ ဇန်နဝါရီ – ၁၆
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ရွေးကောက်ပွဲကာလအတွင်း စစ်အုပ်စုနဲ့တော်လှန်ရေးအင်အားစုတွေအကြား နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ရွှေဘိုတပ်ရင်းက တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက MFP ကို အတည်ပြု ပြောပါတယ်။
ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်တို့မှာ ရွေးကောက်ပွဲကျင်းပနေတဲ့ ချောင်းဦးမြို့ပေါ်က မဲရုံတွေနဲ့စစ်စခန်းတွေကို ဒရုန်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဆက်တိုက် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
နှစ်ရက်တာတိုက်ပွဲအတွင်း ဇန်နဝါရီလ ၁၁ ရက်မှာ စစ်အုပ်စုဘက်က လေကြောင်းကနေ ပါရာမိုတာ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ ဗုံးကြဲပစ်ခတ်တာကြောင့် တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ စစ်ဒေသ – ၃ တာဝန်ခံတစ်ဦးက ပြောပါတယ်၊၊
“လေကြောင်းက ပစ်လိုက်တာမှာကျတာ ၊ရွှေဘိုတပ်ရင်းက တစ်ယောက်ကျတယ်၊ မဲရုံတွေက လေးရုံရှိတယ်။ဒရုန်းလဲပါတယ်။ ၆၀ မမတွေ ပါတယ်။အထိအခိုက်ကတော့ စုံစမ်းတုန်းပဲ ၊အထိအခိုက်ကတော့ မသိရသေးဘူး “
တော်လှန်ရေးအင်အားစုတွေက ရွေးကောက်ပွဲကျင်းပရာ နေရာဖြစ်တဲ့မဲရုံတွေနဲ့ စစ်အုပ်စုစခန်းတွေကို နှစ်ရက်တာ တိုက်ခိုက်ခဲ့တယ်လို့လည်း ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး(BLDF)၊ စစ်ဒေသ – ၃ က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး – BLDF (စစ်ဒေသ-၃)က ဦးဆောင်ခဲ့ပြီး မုံရွာခရိုင်တပ်ရင်း- ၄၊ တပ်ခွဲ (၂)၊ မုံရွာခရိုင်ပကဖ(ရေနဂါး)စတဲ့ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းဆင်နွဲခဲ့တယ်လို့ ဆိုပါတယ်။
ချောင်းဦးမြို့နယ်အတွင်းမှာ စစ်အုပ်စုတပ်တွေက ဇန်နဝါရီ ၁၀ ရက်နေ့မှာ တောင်ဖီလာရွာနဲ့ ညောင်ပင်တဲကျေးရွာကို လေကြောင်းက ဗုံးကြဲတာကြောင့် ကလေးငယ်နှစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံးကာ ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် ဇန်နဝါရီ ၇ ရက်နေ့မှာလည်း တောကျောင်းလေးကျေးရွာကို လေကြောင်းကဗုံးကြဲလို့ အမျိုးသားတစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာ ရရှိခဲ့ပါတယ်။
ဓာတ်ပုံ – Burma Liberation Democratic Front – BLDF
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



