
အရပ်သား ငါးဦးထက်မနည်း သေဆုံးထားပြီး၊ မိုးကုတ်ဘက်ကနေ စစ်ရှောင်တွေကို ကူညီကယ်ထုတ်နေ
မှူးအိန်ဂျယ်လ်/MFP၊ နိုဝင်ဘာ – ၂၇
မန္တလေးနဲ့ ရှမ်းမြောက်ဒေသကို ဆက်သွယ်ချိတ်ဆက်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နဲ့ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာကြားရှိ မိုးမိတ်- တွင်းငယ် လမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေရာ ရွာခြောက်ရွာခန့်က ဒေသခံထောင်နဲ့ချီ ပိတ်မိနေပြီး မိုးကုတ်ဘက်ကနေလည်း ဒေသခံအချင်းချင်း ကူညီကယ်ဆယ်တာတွေ လုပ်နေတယ်လို့ စစ်ရင်းသတင်းရင်းမြစ်တွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
စစ်အုပ်စုတပ်တွေဟာ မိုးမိတ်မြို့ကို ဗဟိုပြုပြီး မိုးမိတ်-မြစ်ဆုံလမ်းပိုင်းနဲ့ မိုးမိတ်-တွင်းငယ်လမ်းပိုင်းတို့မှာ စစ်မျက်နှာနှစ်ခု ဖွင့်လှစ်ထားကာ နယ်မြေခံတပ်ရင်း သုံးရင်းအပြင် ရှမ်းပြည်နယ် တောင်ခမ်း၊နောင်ချို၊ သီပေါ၊ကျောက်မဲ၊တောင်ကြီး တို့ဘက်နေ စစ်ကူလာတဲ့စစ်ကြောင်းတွေ အပါအဝင် အနည်းဆုံး စစ်ကြောင်းငါးကြောင်းက အင်အား (၁၀၀၀)ဝန်းကျင်နဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
မိုးမိတ်-တွင်းငယ်လမ်းပိုင်းမှာ အာဏာသိမ်း စစ်အုပ်စုနဲ့ တော်လှန်ရေး တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ၁၀ရက်ခန့် ကြာမြင့်လာပြီဖြစ်ပြီး ကင်းချောင်းနံဘေးက သစ်ဆိမ့်ကုန်း၊ပေကုန်း၊ဆင်တဲကုန်း စတဲ့ကျေးရွာတွေ အပါအဝင် ကျေးရွာခြောက်ရွာခန့်က ဒေသခံ (၁၀၀၀)နဲ့ (၂၀၀၀) ကြားဟာ တောတောင်အတွင်း စစ်ရှောင်နေကြရတယ်လို့ နယ်မြေခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“အားလုံးပေါင်းရင် ရွာခြောက်ရွာဝန်းကျင်ဆိုတော့ (၁၀၀၀)နဲ့ (၂၀၀၀)ကြားရှိတယ်။ စစ်ရှောင်နေတဲ့ ပြည်သူတွေရဲ့ စားနပ်ရိက္ခာ၊ဆေးဝါး၊နေထိုင်ရေးအခက်အခဲတွေကတော့ ရှိမှာပါ။ဘာကြောင့်လဲဆိုတော့ တိုက်ပွဲက ရုတ်တရက်ကြီးဖြစ်လာတာဆိုတော့ ပြည်သူတွေလည်း ဘာမှပြင်ဆင်ချိန် ရမှာမဟုတ်ဘူး ။အခုက ရဟတ်ယာဉ်၊လေယာဉ်တွေနဲ့ပါ တော်လျှောက် စစ်ကောင်စီဘက်က လာတာဆိုတော့ ပြည်သူတွေလည်း ရုတ်တရက်ကြီး ဖြစ်လာတဲ့အနေအထားမှာ အတော်လေး အခက်အခဲ ရှိလာနိုင်ပါတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကင်းချောင်းရွာတဝိုက် လေကြောင်းတိုက်ခိုက်တာတွေ ပြင်းပြင်းထန်ထန် ပြုလုပ်နေပြီး ကျေးရွာထဲက နေအိမ်အတော်များများလည်း ထိခိုက်ပျက်စီးနေသလို အရပ်သားထိခိုက် သေဆုံးတာတွေလည်း ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
“အရပ်သားပြည်သူလူထု သေဆုံးမှုတွေလည်း ရှိပါတယ်။ အခုဒီစစ်မျက်နှာ နှစ်ဘက်ပေါင်းဆိုရင် ကျွန်တော်တို့ မျက်မြင်ပေါ့။ ပြည်သူလေးငါးဦးလောက်တော့ ရှိပြီ။လက်နက်ကြီးနဲ့လေယာဉ်ဗုံးကြဲလို့ နေအိမ်ပျက်စီးမှုတွေလည်း ရှိပါတယ်။ ”လို့ သူကဆိုပါတယ်။
မိုးမိတ်မြို့နယ်၊ ကင်းချောင်းကျေးရွာက ဒေသခံ အများအပြားကို စစ်အုပ်စုက တိမ်းရှောင်ခွင့် မပေးဘဲ လူသားဒိုင်းအဖြစ် အသုံးချနေပြီး တိုက်ပွဲကြားကနေ မရမက တိမ်းရှောင်ထွက်ပြေးလာသူတွေကလည်း တောတောင်တွေထဲမှာ အခက်အခဲတွေ ဖြစ်နေတယ်လို့ မိုးမိတ်ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ တိုက်ပွဲတွေကြောင့် တောတောင်အတွင်း ပိတ်မိနေတဲ့ ဒေသခံတွေကို မိုးကုတ်ဘက်နေ ဒေသခံအချင်းချင်းကူညီ ကယ်ဆယ်တာတွေလုပ်နေဆဲဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူ မိုးကုတ်မြို့နယ်၊ စိန်အင်းရွာက ဒေါ်စုလှိုင်က အခုလိုပြောပါတယ်။
“တချို့တလေကတော့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ လာကြတာ တချို့က တစ်ထည်နှစ်ထည်ပါတဲ့သူလည်းပါကြတယ်၊ လုံးဝမပါကြတာများတယ်။ ခုလောလောဆယ် စိန်အင်းမှာ ရွာသူရွာသားတွေ စုပြီးမှ စားတာသောက်တာကော၊အိပ်စရာကော ပေးထားပါတယ်။ အခက်အခဲကတော့ အဝတ်အစားတို့ စောင်တို့မရှိဘူး။ဘာလို့လည်းဆိုတော့ အမတို့ စိန်အင်းဆိုလည်း အရင်က တိုက်ပွဲဖြစ်တဲ့နေရာလေ အမတို့အိမ်ဆိုလည်း ဘာတစ်ခုမှမရှိတော့တဲ့အတွက် အိမ်တိုင်းမှာ စောင်တွေအပိုမရှိဘူး။ ”
ကူညီကယ်ဆယ်ရေးလုပ်နေသူတွေအနေနဲ့ လက်ရှိအချိန်မှာ ဒေသခံ အယောက် ၇၀ကျော်ကို စိန်အင်းရွာမှာ ကယ်ဆယ်ထားပြီး ဆက်ပြီးပိတ်မိနေတဲ့ စစ်ရှောင်တွေကို ဆက်လက်စုံစမ်းကာ သွားရောက်ခေါ်ဆောင်သွားမယ်လို့ သူကဆက်ပြောပါတယ်။
“အမတို့က ကယ်ဆယ်ရေးမလုပ်ဖူးတော့ ဒီအတိုင်း ဆိုင်ကယ်သွားလို့ ရရင်သွား သွားလို့မရရင် လမ်းလျှောက်ပြီးမှ သွားပေါ့။ အသက်ကြီးတဲ့ အဖိုးအဖွားတွေ ကလေးတွေ လမ်းမလျှောက်နိုင်တဲ့သူတွေ ဗိုက်ကြီးသည်တွေကိုတော့ ထမ်းပြီးမှလာရတာ။အခုတော့ အယောက် ၇၀ကျော်ကျော်တော့ ရောက်ပြီ။ခဏနေရင် ရွှံ့တောရွာကို ကားနဲ့သွားကြိုရမှာ၊ရွှံ့တောရွာက ကားရပ်လို့မရဘူး။ ကင်းရွာမှာကားရပ်ပြီး ဆိုင်ကယ်နဲ့သွားကြိုရမှာ ”လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူ ဒေါ်စုလှိုင်က ပြောပါတယ်။
မိုးမိတ် – တွင်းငယ် လမ်းပိုင်းပေါ်က စစ်အုပ်စုရဲ့ ကင်းစခန်းတွေ ဖြစ်တဲ့ ကင်းချောင်း၊ ပေကုန်းနဲ့ သစ်စိမ့်ကုန်းရွာ စခန်းတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် – KIA ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက နိုဝင်ဘာ ၁၉ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်တွေ သိမ်းဆည်း ရရှိတယ်လို့ KIA ရဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
KIA တပ်မဟာ ၄၊ KIA တပ်မဟာ ၁၁၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – KPDF ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၉ရက် မနက်ပိုင်းမှာ မိုးမိတ် – တွင်းငယ် လမ်းပိုင်းပေါ်က အဲ့ဒီ စစ်အုပ်စု ကင်းစခန်းသုံးခုကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် စခန်းတွေ သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။
မိုးမိတ် – တွင်းငယ် လမ်းပိုင်းဟာ ရှမ်းမြောက်ဒေသနဲ့ မန္တလေးတိုင်းမှသည် အညာဒေသအထိ ဆက်သွယ်ထားတဲ့ ဒေသတွင်း အရေးပါတဲ့ လမ်းကြောင်းဖြစ်ပါတယ်။လက်ရှိမှာ မိုးမိတ် – တွင်းငယ် လမ်းပိုင်းပေါ်ရှိ စစ်အုပ်စု ကင်းစခန်းတချို့ကို သိမ်းပိုက်ထားနိုင်ပြီး တွင်းငယ်ကျေးရွာအနီးရှိ စစ်အုပ်စု တန်းမြှင့်လေ့ကျင့်ရေးကျောင်း တတက-၁၃ နဲ့ မိုးမိတ် လမ်းကြောကို တော်လှန်ရေးတပ်တွေက ဖြတ်တောက် ထားနိုင်ပြီလို့လည်း စစ်ရေး သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။
မိုးမိတ်မြို့ဟာ ၂၀၂၄ ခုနှစ်အတွင်း KIA နဲ့ TNLA ပူးပေါင်းတပ်တွေရဲ့ ထိန်းချုပ်မှုအောက်ကို နှစ်ကြိမ် ရောက်ရှိခဲ့ဖူးပြီး ၂၀၂၅ နိုဝင်ဘာလကုန်ပိုင်းမှာ တရုတ်က ခြိမ်းခြောက်အကြပ်ကိုင်လို့ TNLA က မိုးမိတ်နဲ့ မိုးကုတ်မြို့တွေကို စစ်အုပ်စုလက်ထဲ ပြန်ပေးခဲ့ပါတယ်။
မိုးမိတ်- တွင်းငယ် လမ်း တိုက်ပွဲမှာ ပိတ်မိနေတဲ့ ဒေသခံတချို့/ဓာတ်ပုံ- ဒေသခံ



