စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

NUG ဂိတ်က ဖမ်းခေါ်လာသူကို ပြန်အပ်လိုက်ပြီလို့ ဗိုလ်နဂါး ပြော၊

ဖမ်းခံရသူ ပြန်လွှတ်လာပြီး လက်နက်တွေ ပြန်မရသေးဘူးလို့ ပုလဲ ပအဖ ဦးဇော်ထက် ပြော၊

အင်အားအလုံးအရင်းနဲ့ ဝင်စီးတာ မဟုတ်ဘဲ ရွာအနီး ဂိတ်ဖွင့်အခွန်မကောက်ဖို့ တပ်ဖွဲ့ဝင် လေးဦးက သွားရောက် တားမြစ်ခဲ့တာလို့ ဆို၊

ဖမ်းခံရသူ ပြန်လွှတ်လာပြီး လက်နက်တွေ ပြန်မရသေးဘူးလို့ ပုလဲ ပအဖ ဦးဇော်ထက် ပြော၊

မှူးအိန်ဂျယ်လ်/MFP၊ ဇန်နဝါရီ – ၁၇

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပန်းရွာလမ်းဆုံရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အခွန်ဂိတ်မှာ ဇန်နဝါရီလ ၁၇ ရက် ဒီကနေ့ မနက်ပိုင်း ဖြစ်ပွါးခဲ့တဲ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တယ်ဆိုတာ မဟုတ်မှန်ဘဲ ဖမ်းခေါ် လာသူကိုလည်း ညနေပိုင်းမှာ  ပြန်လည် အပ်နှံလိုက်ပြီလို့ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါးက MFP ကို ပြောပါတယ်။

“လှော်ကားကျေးရွာနားမှာ ပအဖကနေပြီးတော့ နေ့စားလစား ပေးပြီးတော့ ပိုက်ဆံကောက်ခိုင်းထားတဲ့ လူတွေ ရှိတယ်။ အခွန်ဂိတ်တွေရယ်လို့လည်း မဟုတ်ဘူး။ အဲဒီမှာ တစ်နေ့က ပိုက်ဆံ အကောက်ခံလိုက်ရတဲ့ ပြည်သူ တစ်ယောက်က လှော်ကားမှာ ရှိတဲ့ BNRA ရဲဘော်ကို အကူအညီ တောင်းတယ်။ သူတို့ကို ဒီလို ဒီလိုကောက်တယ်၊ စလစ်လည်း မပေးဘူး။ အဲတာ ရွာနားမှာလည်း ဖြစ်နေတဲ့ အတွက် ရဲဘော်က စောစောရက်က သတိပေးထားတာ ရှိတယ်တဲ့၊  မကောက်ဖို့ ဒီကနေ့တစ်ခါ ထပ်သွား (သတိ)ပေးတဲ့အချိန်မှာ သူတို့ဘက်က (သေနတ်) မောင်းချိန်ပြီးတော့ အချင်းများ ကြရာကနေ လုံးထွေးပြီးတော့၊ အပြန်အလှန် အဲ့လို သေနတ်တွေနဲ့ ပစ်တာမျိုး မဟုတ်ဘူး။ ကျေးရွာနားမှာ ရုန်းရင်းဆန်‌ခတ် ဖြစ်ကြတာမျိုး။ ဘယ်တပ်ဖွဲ့ကမှ ဝင်စီးတာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က သေနတ်မောင်းတွေနဲ့ ချိန်တဲ့အတွက် သူတို့သေနတ်တွေတော့ ယူထားလိုက်တယ်၊ ယူထားပြီးတော့ အဲ့ဒီ့ဂိတ်မှာရှိတဲ့ လူတစ်ယောက်ကိုပါ ထိန်းသိမ်းထားတယ်။ ထိန်းသိမ်းတဲ့အခါမှာ သူတို့ကတော့ ထွက်ပြေးကြတာပေါ့၊ ဂိတ်တော့ မဟုတ်ပါဘူး၊ ဒီလမ်းပေါ်မှာပေါ့ ထိန်းသိမ်းထားတဲ့ လူကိုလည်း ကျွန်တော်တို့အနေနဲ့ တိတိကျကျ သိချင်လို့ ကျွန်တော်တို့ ခေါ်တွေ့တာ ရှိတယ်၊ ခေါ်တွေ့တဲ့ အချိန်မှာလည်း ဘယ်တပ်ရင်း တပ်ဖွဲ့မှ ပါတာ မရှိဘူး၊ ဒီလေးယောက်ပဲ လာတယ်၊ သူတို့ အဲ့ဒီ့မှာ ဆိုတဲ့ ပြဿနာ ဖြစ်သွားတယ်၊ ဒီ ဖမ်းဆီးခေါ်ဆောင်လာတဲ့ သူကိုလည်း မြို့နယ် ပအဖ / ပလဖ တာဝန်ရှိသူကို ဆက်သွယ်ထားပြီးတော့ ကျွန်တော်တို့ အခုပဲ ပြန်အပ်လိုက်တယ် “

ဖမ်းခေါ်လာသူကို ပြန်လွှတ်လိုက်ပေမဲ့ သိမ်းဆည်းထားတဲ့ လက်နက်တွေကိုတော့ ပြန်လည် အပ်နှံမှာ မဟုတ်ဘူးလို့ ဗိုလ်နဂါးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း NUG လက်အောက်ခံ PDF တပ်ဖွဲ့တွေက BNRA ဂိတ်စခန်းတွေကို စီးနင်းချိန် သိမ်းဆည်းသွားတဲ့ စက်လက် လက်နက် တစ်လက်ကို ပြန်မပေးသေးတာကြောင့် ယခုကိစ္စမှာလည်း လက်နက်တွေကို ပြန်မပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပုလဲမြို့နယ် ပအဖ ဘက်ကတော့ BNRA တပ်ဖွဲ့က အခွန်ဂိတ်ကို ဝင်ရောက် စီးနင်းခဲ့တာ ဖြစ်ပြီး ပစ်ခတ်မှုကြောင့် ရဲဘော်တစ်ဦး ဒဏ်ရာရတယ်လို့ ပုလဲမြို့နယ် ပအဖ တာဝန်ခံ ဦးဇော်ထက်က MFP ကို ပြောပါတယ်။

“မြို့နယ် ပအဖ အခွန်ဂိတ်ကို BNRA အဖွဲ့က ဝင်စီးတာ ဟုတ်ပါတယ်။ ပအဖ တာဝန်ခံကိုလည်း သေနတ်နဲ့ အချက် ၂၀ ကျော် လိုက်ပစ်ခဲ့ပါတယ်။ ကျွန်တော်ကိုတော့ မထိခိုက်ပေမယ့် ရဲဘော်တစ်ဦး ခြေထောက် ထိမှန်ပါတယ်”

အခွန်ဂိတ်ကို စီးနင်းမှုအပြီး ပလဖ အဖွဲ့ဝင် တစ်ဦး ဖမ်းဆီးခံရကာ သေနတ်အရှည် သုံးလက်၊ အတိုနှစ်လက်၊ စစ်အသုံးအဆောင် ပစ္စည်းအချို့နဲ့ ကောက်ခံထားတဲ့ အခွန်ငွေတွေကိုပါ ယူဆောင်သွားခဲ့တယ်လို့လည်း ဦးဇော်ထက်က ဆိုပြီး ညနေပိုင်းမှာတော့ ဖမ်းဆီးခံရသူ ပြန်လွတ်လာတယ်လို့ ဦးဇော်ထက်က ပြောပါတယ်။

“ဖမ်းထားတဲ့လူ ပြန်လွတ်လာပါပြီ။ သေနတ် အရှည် သုံးလက်၊ အတို နှစ်လက်၊ အခွန်ငွေ သိန်း ၁၀၀ ဝန်း ကျင် ပြန်မရသေးပါ” ပုလဲမြို့နယ် ပအဖ တာဝန်ခံ ဦးဇော်ထက်က MFP ကို ပြောပါတယ်။

ယခု ဖြစ်စဉ်မတိုင်မီ ဇန်နဝါရီ ၉ ရက်က ပုလဲနယ်ထဲရှိ BNRA ဂိတ်နှစ်ဂိတ်ကို NUG လက်အောက်ခံ ပုလဲ ပအဖ နဲ့ PDF တပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းကာ ဂိတ်ကို ရှင်းလင်းပြီး လက်နက်တွေ သိမ်းဆည်းခဲ့ပါတယ်။

အဲ့ဒီ ဇန်နဝါရီ ၉ ရက်က BNRAရဲ့ ဂိတ်နှစ်ဂိတ် စီးနင်းခံရချိန် ပုလဲ ပအဖ နဲ့ PDF တပ်ရင်းတွေက လက်နက် ၁၀ လက် သိမ်းယူသွားပြီး ညနေပိုင်းမှာ သေနတ် ကိုးလက်ကို ပြန်လည် ရရှိထားပြီဖြစ်ကြောင်းလည်း BNRA က MFP ကို ဖြေဆိုထားဖူးပါတယ်။

ဒီကနေ့ မနက်ပိုင်း ပုလဲနယ်က NUG ဂိတ်ကို BNRA က ဝင်ရောက်ကာ လက်နက်တွေ သိမ်းယူသွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ကိုနေဘုန်းလတ်ကလည်း ဖြစ်စဉ် မှန်ကန်ကြောင်း MFP ကို အတည်ပြုပြောကြားပြီး အသေးစိတ်ကိုတော့ မဖြေကြားပါဘူး။

ပုလဲနယ်ထဲ အခုလို လက်အောက်ငယ်သားအဆင့်မှာ ဖြစ်ပွါးတဲ့ ပြဿနာတွေကို ခေါင်းဆောင်ပိုင်းက ညှိနှိုင်း အဖြေရှာသင့်ပြီး ခေါင်းရှောင်နေပါက ပြဿနာပိုမိုကြီးထွားလာနိုင်ကာ သက်ဆိုင်ရာ တာဝန်ရှိသူတွေအကြား ညှိနှိုင်းဖြေရှင်းခြင်းသာ အကောင်းဆုံး ဖြစ်မယ်လို့ ဗိုလ်နဂါးက ဆိုပါတယ်။

BNRA ခေါင်းဆောင် ဗိုလ်နဂါးနဲ့ ပုလဲ ပအဖ တာဝန်ခံ ဦးဇော်ထက်/Photo – BNRA fb, ကိုဇော်ထက် fb

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button