“စစ်တပ်ဖျက်ပိုးမရှိရင် အထွက်တိုးမယ့် အညာလယ်သမားတွေ”
ထင်လင်း/MFP၊ ဇန်နဝါရီ – ၁၈
စစ်အာဏာသိမ်းချိန်ကစလို့ အညာဒေသ စပါးစိုက် တောင်သူလယ်သမာတွေအတွက် စစ်တပ်ဆိုတဲ့ ဖျက်ပိုးဟာ ကပ်ဆိုးကြီးသဖွယ် ကျရောက်ခဲ့ရပါတယ်။
၂၀၂၁ ခုနှစ်မှာ စပါးတွေရိတ်သိမ်းပြီးကာစအချိန် အညာတဝှမ်းက ကျေးရွာတွေကို စစ်တပ်က ဝင်စီးပြီး အကြိမ်ကြိမ် မီးရှို့တာမို့ နေအိမ်တွေရော၊ စပါးကျီတွေပါ မီးလောင်ပျက်စီးခဲ့ကြရပါတယ်။
နောက်နှစ် စပါးရာသီ ပျိုးနှုတ်ချိန်၊ ကောက်စိုက်ချိန်၊ လယ်ကွက်ကို ပေါင်းသင် မြက်ရှင်းချိန်၊ စပါးရိတ်သိမ်းချိန်ပါ မကျန် အလီလီ စစ်ကြောင်းထိုးခံရတာကြောင့် စပါးပုံတွေ ပစ်ထားခဲ့ရပြီး မိုးတွင်းကာလ ရွှံ့ထဲဗွက်ထဲမရှောင် ခက်ခက်ခဲခဲ ဘေးလွတ်ရာကို အသက်လု ထွက်ပြေးရင်း ဝမ်းစာ စပါး စိုက်စားခဲ့ကြရပါတယ်။
စစ်ကြောင်းထိုး မီးရှို့ရင် မျိုးစပါးလေးတောင် မကျန်တာမို့ ရင်းနှီးပြီး စပါးမစိုက်ရဲခဲ့ကြတဲ့ နှစ်တွေလည်း ရှိခဲ့ပါတယ်။
အဲ့ဒီလိုနှစ်တွေမှာ စပါးခင်းလည်း ခြောက်သလို အညာပြည်သူတွေရဲ့ ပါးစပ်လည်း ခြောက်ကပ်ခဲ့ရတာကြောင့် ရတဲ့နည်းနဲ့ စပါးပြန်စိုက်ခဲ့ကြရပြန်ပါတယ်။
ခေတ်နဲ့ စနစ်တွေကြောင့် လယ်တွေ၊ မြေတွေ ရှိပေမယ့် ကြီးပွါးချမ်းသာဖို့ အခွင့်အရေးမရတဲ့ အညာတကြောက တောင်သူလယ်သမားတွေခမျာ စစ်တပ်က ထပ်ပိုးပေးလာတဲ့ ဒုက္ခတွေကြောင့် စစ်ပြေးဖို့ အဝတ်ထုပ်ကလေး အရန်သင့် ပြင်ထားကြရသလို အခေါက်ပေါင်း မရေတွက်နိုင်တဲ့ စစ်ကြောင်းထိုး မီးရှို့၊ လုယက်၊ သတ်ဖြတ်၊ အဓမ္မမှုတွေကြားမှာ မသေရုံတမယ် ရှင်သန်နေကြရပါတယ်။
ဒီလို အညာသား ကျောမွဲတွေဟာ စစ်တပ်ရဲ့ ဒဏ်ကို ရင်စည်းခံရင်းနဲ့ပဲ ရတဲ့နည်းနဲ့ တော်လှန်လာကြချိန်မှာတော့ စစ်တပ်ဟာ အညာတခွင်မှာ ဗိုလ်ကျမင်းမူဖို့ ခက်ခဲလာပါတော့တယ်။
စပါးစိုက်တဲ့ အညာသားတွေဟာ နွားရိုက်တဲ့ နှင်တံအစား သေနတ်ကို ပြောင်းကိုင်လာသလို အညာသားတွေ လုပ်တဲ့ လက်လုပ်မိုင်းတွေနဲ့ အညာသားတော်လှန်ရဲဘော်တွေရဲ့ ခုံခံမှုတွေကြောင့် အထိနာလာတဲ့ စစ်တပ်ဟာ မြေပြင်မှာ စိတ်ထင်တိုင်းကြဲ သတ်ဖြတ်အနိုင်ကျင့်ဖို့ မစွမ်းတော့ပါဘူး။
စပါးစိုက်ရာသီတွေမှာ စစ်ကြောင်းတွေ သိပ်မထိုးနိုင်ကြတော့လို့ စပါးကောင်းကောင်း စိုက်နိုင်လာကြပါတယ်။
ဒီကြားထဲ စစ်တပ်အထိုင်စခန်းတွေနဲ့ နီးလို့ စစ်ကြောင်းထိုးလာရင်လည်း ထွက်ပြေးရတာတွေ ရှိနေပါသေးတယ်။
ဒီနှစ်တွေမှာတော့ အညာမှာ အဓိကစိုက်တဲ့ ဘေးကြား(ပေါ်ဆန်းမွှေး)စပါးတွေ စျေးကောင်း ရနေကြပါပြီ။ ဒီကြားထဲ မတော် စစ်ကြောင်းများ ထိုးလာခဲ့ရင်ဆိုတဲ့ ပူပန်စိတ်နဲ့ ရိတ်သိမ်းချိန်ကို စက်ယန္တရားတွေ ကူပြီး ခပ်သွက်သွက် လုပ်နေကြပါတယ်။ အာဏာသိမ်းတဲ့နှစ်က တလင်းတွင်း စျေးလို့ခေါ်တဲ့ ရိတ်ပြီးပြီးချင်း စျေးက စပါးတင်းတစ်ရာကို ကျပ် ၁၁သိန်းပဲ ရခဲ့ရာက ကျပ်သိန်း ၃၀ ကျော်အထိ စျေးပေါက်ခဲ့တာ သုံးနှစ်ရှိပြီလို့ တောင်သူတွေက ပြောပါတယ်။ ဒီနှစ်မှာတော့ တလင်းတွင်းစျေး ကျပ်သိန်း ၄၀ကျော် ကနေ ၄၂သိန်းအထိ စျေးပေါက်လို့ အညာ တောင်သူလယ်သမားတွေ ပျော်နေကြပါတယ်။
ခေတ်ကောင်းစဉ်ကလို တစ်နှစ်ပြည့်အောင် စပါးကျီတွေနဲ့ အောင်းထားနိုင်ရင် စပါးဟောင်းစျေးက ကျပ်သိန်း ၆၀ နီးပါးအထိ ရနိုင်ပေမယ့် စစ်တပ် မီးရှို့မယ့် ရန်ကို ကြောက်လို့ ရိတ်ပြီးပြီးချင်းပဲ ရောင်းချ နေကြရပါတယ်။
ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံဆိုတဲ့ မြန်မာဆိုရိုးစကားထဲကလို အညာသူ အညာသား တောင်သူလယ်သမားကြီးတွေနဲ့ စပါးခင်းကြီးတွေကတော့ စစ်တပ်ဆိုတဲ့ ဖျက်ပိုး မထိုးတော့ဘဲ လွတ်လွတ်လပ်လပ် ရှင်သန်ကြီးထွား အသက်ရှူခွင့် ရနိုင်မယ့်အချိန်ကို မျှော်လင့်ရင်း ဗုံးဒဏ် သေနတ်သံတွေကြားမှာ ရဲရဲကြီး ဖြတ်သန်းနေကြပါတော့တယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



