စစ်ကိုင်းသတင်း

ပခုက္ကူနယ်မှာ စစ်ဘေးရှောင်တွေနေထိုင်တဲ့ ‌တောတိုက်တဲတွေကို စစ်အုပ်စုစစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေ၊ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖို့အတွက် မီးလောင်အားကောင်းတဲ့ ပစ္စည်းတွေကိုပါ စစ်အုပ်စုတပ်တွေ အသင့်ယူဆောင်လာဟုဆို၊

အီသာရမ်/MFP ၊ ဇန်နဝါရီ-၂၀

ပခုက္ကူမြို့နယ် အနောက်ခြမ်း ဖလံအိုကျေးရွာအနီးက စစ်ဘေးရှောင်‌တဲတွေကို ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းမှာ စစ်အုပ်စုစစ်ကြောင်း မီးရှို့ဖျက်ဆီးသွားတာကြောင့် ဒေသခံစစ်ဘေးရှောင်တွေ ထပ်မံစစ်ရှောင်ထွက်ပြေးနေကြရပြီး အနီးအနားကျေးရွာတွေက ပြည်သူတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အဲဒီစစ်ဘေးဒုက္ခသည်တွေဟာ ပခုက္ကူမြို့နယ်အတွင်းက ကျေးရွာတွေမှာ နေထိုင်ကြသူတွေဖြစ်ပြီး စစ်အုပ်စုတပ် စစ်ကြောင်းထိုးနေတာကြောင့် လွတ်ကင်းရာနေရာတွေမှာ လှည့်လည်စစ်ရှောင်နေကြရတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုစစ်ကြောင်း မီးရှို့သွားတာကြောင့် စစ်ဘေးရှောင်တောတိုက်က နေအိမ် ၂၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ရပြီး စစ်ဘေးရှောင်ပြည်သူတွေလည်း ထပ်မံစစ်ဘေးရှောင်ထွက်ပြေးနေကြရတယ်လို့ အမည်မဖော်လိုတဲ့ ပခုက္ကူဒေသခံတစ်ဦးက ပြောပါတယ်။

“ဖလံအိုနဲ့ဆယ်ပင်စုနဲ့ကြားထဲက စစ်ရှောင်တဲလေးတွေကို မီးရှို့သွားတာ၊ မီးရှို့ဖို့ Gas(ဓာတ်ငွေ့) အိုးတွေပါယူလာတာ၊ စစ်ကြောင်းကိုကတည်းက ဖျက်ဆီးရေးစစ်ကြောင်းပေါ့ အခုစစ်ကြောင်းက တွေ့ရာကိုမီးရှို့တာကို မဟုတ်ဘူး လုပ်ချင်ရာကို လုပ်တာပါ”

အဲဒီ စစ်အုပ်စုစစ်ကြောင်းဟာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖို့အတွက် မီးလောင်အားကောင်းတဲ့ ပစ္စည်းတွေကို အသင့်ယူဆောင်ကာ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာဖြစ်တယ်လို့ သူကဆိုပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ဒီနေ့နေ့လယ်ပိုင်းမှာတော့ စစ်အုပ်စုတပ်ရဲ့ရှေ့ပြေးစစ်ကြောင်းနဲ့တော်လှန်ရေးတပ်တွေဟာ ကျပ်တိုးရွာအနီးမှာ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထိခိုက်မှုကိုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

စစ်အုပ်စုစစ်ကြောင်းကြောင့် စစ်ဘေးရှောင်ပြည်သူတွေနဲ့ အနီးအနားက ကျေးရွာတွေဖြစ်တဲ့ ဆယ်ပင်စု၊အောက်ကျင်းစု၊ကူ၊တမာပင်ရိုးရာ ၊ကျပ်တိုး၊ချိုင် စတဲ့ကျေးရွာ ဆယ်ရွာခန့်က ဒေသခံပြည်သူ ငါးထောင်ခန့် စစ်ဘေးရှောင်ထွက်ပြေး နေကြရပါတယ်။

အဲဒီ စစ်အုပ်စုစစ်ကြောင်းက ပခုက္ကူတပ်မ -၁၀၁ ကနေ အင်ပင်စစ်ဆေးရေးဂိတ်ကို အင်အားဖြည့်ပြီးနောက် ကိုင်းကျေး‌ရွာ၊ နှောပင်ကျေးရွာ၊ ကွမ်းသီးကန်ကျေးရွာ၊ ကုန်းတတ်ကန်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နှောပင်ကျေးရွာက ပြည်သူ‌တစ်ဦးလည်း မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။

ဓာတ်ပုံ – ပေးပို့၊ ပခုက္ကူနယ်က ကံရပ်ကြီးကျေးရွာနဲ့ ကိုင်းကျေးရွာကို စစ်အုပ်စုစစ်ကြောင်း မီးရှို့ခဲ့ပုံ။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button