မဲရုံလုံခြုံရေးယူဖို့လာတဲ့ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေလည်း ရှိနေ၊
MN/MFP ၊ ဇန်နဝါရီ – ၂၁
စစ်အုပ်စုဦးဆောင်ကျင်းပနေတဲ့ ရွေးကောက်ပွဲအပိုင်း-၃ ကို တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့နယ် ၆၃ မြို့မှာ လာမဲ့ဇန်နဝါရီလ ၂၅ ရက်နေ့မှာကျင်းပသွားဖို့ ရှိနေပါတယ်။
အဲဒီမြို့နယ်တွေအထဲမှာ မန္တလေးတိုင်းအတွင်းက မြစ်သား၊ ချမ်းမြသာစည်၊ မလှိုင်၊ တောင်သာ၊ မြင်းခြံ၊ ငါန်းဇွန်၊ သပိတ်ကျင်းနဲ့ပုသိမ်ကြီးစတဲ့ ရှစ်မြို့နယ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ကျင်းပသွားမဲ့ မြို့နယ်တွေအထဲက ချမ်းမြသာစည်၊ မလှိုင်နဲ့ မြစ်သားတို့ကလွဲရင် ကျန်တဲ့ငါးမြို့နယ်ဟာ လတ်တလောမှာ စစ်ရေးမတည်ငြိမ်ဘဲ တိုက်ပွဲတွေခပ်စိတ်စိတ် ရှိနေတာဖြစ်ပါတယ်။
ရွေးကောက်ပွဲပြုလုပ်မဲ့ မန္တလေးတိုင်းအတွင်းက တောင်သာ၊ မြင်းခြံနဲ့ ငါန်းဇွန်နယ်တို့မှာ ဇန်နဝါရီ ၁၇ ရက်က စတင်ကာ စစ်အုပ်စုစစ်ကြောင်းထိုး စီးနင်းလုယက်မီးရှို့တာတွေ လုပ်ဆောင်နေသလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပါ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်ကပဲ ကျောက်ပန်းတောင်မြို့ကနေ တောင်သာနယ်ကို မဲရုံလုံခြုံရေးယူဖို့လာတဲ့ အင်အား ၂၀၀ခန့်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း စစ်အုပ်စုတပ်က မြင်းခြံခရိုင်အထဲက ငါန်းဇွန်၊ မြင်းခြံ၊ တောင်သာစတဲ့ သုံးမြို့နယ်မှာ အတုယောင် ရွေးကောက်ပွဲလုံခြုံရေးအတွက် စစ်ကြောင်းထိုးကင်းပတ်တာတွေအပြင် မြို့ပေါ်တွေမှာ အင်အားတိုးတာနဲ့ ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးအကြောင်းပြပြီး စီးနင်းလုယက်မီးရှို့တာတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြင်းခြံမြို့နယ်
မြင်းခြံမြို့နယ်မှာ ဇန်နဝါရီ ၁၇ ရက်ကစပြီး မြို့အနောက်ဘက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေကို စစ်အုပ်စုနဲ့ပျူစောထီးပူးပေါင်းစစ်ကြောင်းတွေ စစ်ကြောင်းထိုးစီးနင်းလုယက်မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ မြင်းခြံမြို့ပေါ်မှာတော့ စစ်အုပ်စုက ရွေးကောက်ပွဲလုပ်ဖို့ တပ်အင်အားတွေ တိုးမြှင့်ထားသလို ပြည်သူတွေကို မဲပေးဖို့ခြိမ်းခြောက်မှုတချို့ရှိနေပြီး Non CDM ဝန်ထမ်းတွေနဲ့ ပြည်သူတွေကို ကြိုတင်မဲထည့်ခိုင်းတာတွေ လုပ်ဆောင်နေပေမဲ့ မြို့ခံအများစုကတော့ မဲသွားထည့်ဖို့ အစီစဉ်မရှိကြောင်း ဆိုကြပါတယ်။
စစ်ရေးအခြေအနေတွေအနေနဲ့ ဇန်နဝါရီ ၁၈ ရက်မှာ မြင်းခြံမြို့ အနောက်ခြမ်းက တံဆောင်းရွာနဲ့ နတ်ညွှန်းရွာကို စီးနင်းလုယက်မီးရှို့ပြီး မနေ့ကနဲ့ ဒီကနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ဧရာဝတီမြစ်ကမ်းဘေးက ပတ္တာကျေးရွာကို ရွာလုံးကျွတ်နီးပါး စီးနင်းလုယက်မီးရှို့နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
“မြင်းခြံမြို့အနောက်ဖက်ခြမ်းက ကျေးရွာတွေကို ၁၇ ရက်ကနေစပြီးတော့ ဒီကနေ့ထိ စစ်ကြောင်းထိုးနေတယ်။ ရွာတွေကို မီးရှို့နေတာကတော့ လေးရက်ရှိသွားပြီး။ အရင်ရက်တွေက နတ်ညွှန်းရွာကို ရှို့တယ်။ ဧရာဝတီမြစ်ဘေးက ပတ္တာရွာကို ဒီကနေ့လည်းထပ်ရှို့နေတယ်၊ မနေ့ကတည်းကရှို့နေတာ။ တော်လှန်ရေးတပ်ဖွဲ့တွေ မြို့အနားကပ်လို့မရအောင် စစ်ကြောင်းထိုးနေတာ။ ရွေးကောက်ပွဲလုပ်ဖို့ရှိနေလို့ ရွာတွေကို နယ်မြေရှင်းလင်းရေးဆိုပြီးတော့ စစ်ကြောင်းထိုးမီးရှို့နေတာ။ မြို့ပေါ်ရပ်ကွက်တွေမှာ အေးအေးဆေးဆေး ရွေးကောက်ပွဲလုပ်လို့ရအောင် နယ်မြေရှင်းလင်းရေး ဝင်နေတဲ့သဘောပေါ့။ မနေ့က မြင်းခြံအနောက်ခြမ်း စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်လိုက်သေးတယ်”
ရွေးကောက်ပွဲလုပ်မယ့် မြင်းခြံမြို့ပေါ်မှာတော့ မနေ့က စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။
ဒါ့အပြင် မြင်းခြံမြို့နယ်အထဲက ကျေးရွာတွေနဲ့ ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းလုယက်မီးရှို့နေတာကြောင့် နတ်ညွှန်း၊ ဒါးကျွန်း၊ သဲဖြူဝ၊ ပြည်တော်သာ၊ တန်ဆောင်း၊ ပတ္တာ၊ ဒေါင့်သစ်၊ လေးဖြတ်ခုံ၊ အောင်ပြည်စိုး စတဲ့ ကျေးရွာပေါင်း ၁၀ ကျော်က ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာအကူညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ဆိုထားပါတယ်။
မြင်းခြံမြို့နယ်မှာ ရွေးကောက်ပွဲကို မြို့ပေါ်ရပ်ကွက် ၂၀ နဲ့ ကျေးရွာအုပ်စု ရှစ်ခုမှာ ကျင်းပသွားမှာဖြစ်ပြီး ကျန်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေစိုးမိုးထားနိုင်တဲ့ ကျေးရွာအုပ်စု ၅၈ အုပ်စုမှာတော့ ရွေးကောက်ပွဲမလုပ်နိုင်ဘူးလို့ စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
တောင်သာမြို့နယ်
တောင်သာမြို့နယ်မှာတော့ စစ်အုပ်စုက မြို့ပေါ်ရပ်ကွက်တွေမှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေသလို Non CDM တွေကို ကြိုတင်မဲထည့်ခိုင်းတာ၊ မြို့ပေါ်မှာ အင်အားတိုးထားတာနဲ့ စစ်ကြောင်းထိုးဖို့ထွက်လာတဲ့ စစ်အုပ်စုတွေနဲ့ပါ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း၊ ဒုတပ်ရင်းမှူးက MFP ကို ပြောပါတယ်။
“တောင်သာမြို့ပေါ်မှာ Non CDM ဌာနဆိုင်ရာဝန်ထမ်းတွေကို ကြိုတင်မဲထည့်ခိုင်းတာတွေ လုပ်နေတာရှိတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲအတွက် မဲရုံတွေကို လုံခြုံရေးပေးဖို့ ကျောက်ပန်းတောင်းဘက်ကနေ စစ်ကြောင်းထိုးထားတာရှိတယ်။ တောင်သာနဲ့ထိစပ်နေတဲ့ မလှိုင်နယ်ဘက်မှာလည်း အင်အားတွေ ၄၀၀ လောက်ရှိတယ်။ ကျွန်တော်တို့နဲ့ သူတို့(စစ်အုပ်စု) တိုက်ပွဲဖြစ်ထားတာတွေလည်း ရှိတယ်။ တောင်သာမြို့ပေါ်ကို မဲရုံလာပြီး လုံခြုံရေးပေးဖို့ထွက်လာတဲ့ ကောင်(စစ်အုပ်စု)တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တယ်။ စစ်ကူစစ်ကြောင်းတွေကို တိုက်ခိုက်ထားတာလည်း ရှိပါတယ်။ ဒီနေ့လည်း အောင်သာ-ကျောက်ချောလမ်းပိုင်းပေါ့ အောင်သာကနေ မိတ္ထီလာဘက်ထွက်တဲ့ လမ်းပိုင်းမှာ စစ်ကြောင်းထွက်လာနေတာရှိတယ်။ အခုလက်ရှိမှာကတော့ ရွေးကောက်ပွဲအတွက် တောင်သာမြို့ပတ်လည်ကို (စစ်အုပ်စု)ကင်းပတ်နေတဲ့ သဘောရှိပါတယ်။ မြို့ပေါ်မှာ ရွေးကောက်ပွဲကို လာလုပ်လို့မရအောင် ကာကင်းယူနေတဲ့သဘောပါ”
တောင်သာမြို့ပေါ်မှာ စစ်အုပ်စု မဲရုံသုံးရုံနဲ့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်ထားပြီး လက်ရှိမှာ မြို့ပေါ်မှာ အင်အားတိုးထားတာ၊ မြို့ပတ်လည်မှာ ကင်းပတ်တာနဲ့ မြို့ခံပြည်သူတွေကို မဲလာထည့်ဖို့ ခြိမ်းခြောက်တာ၊ Non CDM ဝန်ထမ်းတွေကို ကြိုတင်မဲထည့်ခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။
တောင်သာမြို့နယ်ထဲမှာ ရွေးကောက်ပွဲ မဲရုံတွေကို လုံခြုံရေးပေးဖို့ရာ ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းက ကျောက်ပန်းတောင်းမြို့ကနေထွက်လာတဲ့ စစ်အုပ်စု အင်အား ၂၀၀ ဝန်းကျင်ကို ပဒပ်စာကုန်းကျေးရွာ အနီးမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတွေ ထိခိုက်ဒဏ်ရာရသူတွေ အများအပြားရှိခဲ့ပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၁၇ ရက်ကလည်း မြင်းခြံ-ပုဂံညောင်ဦး ကားလမ်းဘေးရှိ တမိုက်သာကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုနဲ့ ပျူစောထီး လေးဦးသေဆုံးကာ ကျန်ရှိနေတဲ့ စစ်အုပ်စုတပ်သားတွေကလည်း အထိနာထွက်ပြေးသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။
မြင်းခြံ၊ တောင်သာမြို့နယ်တို့နဲ့ နယ်မြေခြင်းထိစပ်နေတဲ့ နွားထိုးကြီးမြို့နယ်မှာတော့ စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်က အတုယောင်ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်းကြေညာထားပြီး မြေပြင်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ငါန်းဇွန်
ရွေးကောက်ပွဲ အပိုင်း- ၃ မှာပါဝင်တဲ့ ငါန်းဇွန်မြို့နယ်မှာတော့ ကျေးရွာတွေကို စစ်အုပ်စုတပ်က လတ်တလော စစ်ကြောင်းထိုးတာတွေမရှိသေးပေမဲ့ မြို့ပေါ်မှာတော့ ရွေးကောက်ပွဲအတွက် လုံခြုံရေးယူနေတာ၊ ကင်းပတ်တာတွေနဲ့ စစ်ဆေးမှုတွေကို ပိုတိုးလုပ်လာတာ ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
“ငါန်းဇွန်မှာတော့ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာမျိုးတော့ မရှိသေးဘူး။ ရွေးကောက်ပွဲကတော့ မြို့ပေါ်မှာပဲ လုပ်မှာ။ ကျေးရွာတွေကတော့ ရွေးကောက်ပွဲမလုပ်နိုင်ဘူး။ မြို့ပေါ်မှာတောင်မှ သုံးရပ်ကွက်မှာပဲ မဲရုံတွေဖွင့်ပြီး မဲထည့်ရမယ်လို့တော့ ကြားရတယ်”
တိုက်ပွဲမဖြစ်ပွားပေမဲ့ ငါန်းဇွန်မြို့ပေါ်မှာ ဝင်ရောက်ယှည်ပြိုင်ကြမဲ့ နိုင်ငံရေးပါတီတွေကတော့ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်က ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလို ပေါ်ပေါ်တင်တင် မဲဆွယ်တာမျိုးမရှိဘဲ လက်ကမ်းစာစောင်ဖြန့်ဝေတာလောက်ပဲ ရှိတယ်လို့ ပြောပါတယ်။
ငါန်းဇွန်မြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ငါးရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း ၄၄ အုပ်စုရှိပေမဲ့ ရွေးကောက်ပွဲကိုတော့ မြို့ပေါ်ရပ်ကွက်ငါးခုမှာသာ ပြုလုပ်သွားမှာဖြစ်ပြီး ကျေးရွာတွေမှာတော့ မကျင်းပနိုင်ဘူးလို့ ဒေသခံတွေကဆိုပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ ငါန်းဇွန်မြို့နယ်မှာ လူဦးရေ ၁၂၄,၀၅၅ဦးနေထိုင်ပေမဲ့ စစ်အုပ်စုလက်အောက်ခံ သတင်းစာတွေမှာတော့ တစ်မြို့နယ်လုံးမှာ မဲပေးပိုင်ခွင့်ရှိသူ ၁၀၅,၀၀၇ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
မြင်းခြံမြို့ပေါ်မှာ မဲလာပေးကြဖို့ စစ်အုပ်စုက လက်ကမ်းစာရွက်တွေ လိုက်ဝေနေစဉ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



