နွေဦး/MFP၊ ဇန်နဝါရီ – ၂၂
စစ်ကိုင်းတိုင်းအထက်ပိုင်းက ကောလင်းမြို့နယ်နဲ့အင်းတော်မြို့နယ်တို့မှာရှိတဲ့ ပကဖစခန်းနှစ်ခုကို ဇန်နဝါရီလ ၂၀ ရက်ကနေ ၂၂ရက်အထိ စစ်အုပ်စုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပကဖတပ်သား ၁၂ ဦးသေဆုံးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်မှာ ကောလင်းမြို့နယ် ရွှေဘို-မြစ်ကြီးနားလမ်းမအနီးက ပဒုမ္မာကျေးရွာမှာရှိတဲ့ ပကဖစခန်းတစ်ခုကို အသေခံဒရုန်းတွေနဲ့ဗုံးကြဲခဲ့တာကြောင့် ပကဖ ခုနစ်ဦးသေဆုံးကာ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျေးရွာအနီးမှာ အရပ်သားနဲ့တော်လှန်ရေးအင်အားစုတွေ ယာယီပူးပေါင်းနေထိုင်နေကြတာဖြစ်ပြီး အဲဒီနေရာကို ပေါင် ၇၀၀ ဗုံးနှစ်လုံးအပြင် စက်လက်တွေနဲ့ပါ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
“ဆုံးတဲ့ကိုးဦးစလုံးက နေရာမှာတင်ပဲ ဆုံးသွားကြတာဗျ၊ ဆုံးတဲ့အထဲ ကန့်ဘလူပကဖတပ်သားတွေလည်း ပါတယ်။ မနေ့ကမှ သူတို့လူကြီးလာပြီး နာရေးအခမ်းအနားကျင်းပသွားတာ။ ဒဏ်ရာကလည်း အရပ်သားတွေရကြတာများတယ်။ အပေါ်ကအရမ်းပစ်နေတော့ အသက်ရှင်အောင် ရုန်းပြေးလာရတော့ ဘယ်လောက်ဒဏ်ရာရလဲဆိုတာတော့ အတိအကျမသိဘူးဖြစ်နေတယ်”
အလားတူ ဇန်နဝါရီလ ၂၁ရက် ည၁၁ နာရီကျော်မှာ မာန်ဟဲရွာထိပ်က ပကဖရုံးစခန်းတစ်ခုကို ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် ပကဖတပ်သားငါးဦးသေဆုံးတာ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
လေကြောင်းပစ်ခတ်ခံရတဲ့ ပကဖရုံးခန်းဟာ အရင်က မာန်ဟဲရွာရဲ့ကျေးရွာဆေးပေးခန်းအဖြစ် အသုံးပြုခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ပကဖစခန်းတစ်ခုအဖြစ် ပြောင်းလဲအသုံးပြုခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လူခြေတိတ်တဲ့ ညပိုင်းအချိန်မှာ လေကြောင်းပစ်ခတ်ခဲ့တာကြောင့် ရှောင်တိမ်းချိန်မရဘဲ ပကဖတပ်သားတွေ ထိမှန်သေဆုံးကုန်တာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ အင်းတော်ဒေသခံတစ်ဦးက ပြောပါတယ်။
“အာဏာသိမ်းပြီးနောက်ပိုင်း ပကဖအဖွဲ့တွေရုံးထိုင်နေတဲ့ နေရာကို လာကြဲသွားတာပါ။ ပကဖလေးဦး၊ KIA တစ်ဦးဆုံးသွားတယ်။ အဲဒီရုံးဘေးက နေအိမ်မှာရှိနေတဲ့ အရပ်သားနှစ်ဦး ဒဏ်ရာရတာ သူတို့ကတော့ တခြားမြို့မှာဆေးသွားကုတယ်၊ အဲဒီစခန်းက အရင်ကတော့ ဆေးပေးခန်းအသုံးပြုခဲ့တော့ သူတို့စီစာရင်းကပေါက်နေပြီးသားဗျ”
လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေဟာ အသက် ၂၀ကျော်အရွယ်တွေဖြစ်ကြပြီး ဗုံးကြဲခံရတဲ့ နေရာမှာတင် သေဆုံးသွားတာကြောင့် ဒီနေ့မှာ နာရေးအခမ်းအနားနဲ့ သင်္ဂြိုလ်သွားမယ်လို့ သူကဆိုပါတယ်။
အဲဒီ ဇန်ဝါရီလ ၂၀ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်းအထက်ပိုင်းက ကောလင်း၊ အင်းတော်၊ ဝန်းသိုမြို့နယ် ပင်လည်ဘူးမြို့နယ်တို့ကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ အသေခံဒရုန်းတွေ အသုံးပြုကာ ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အုပ်စုတပ်ဟာ လေကြောင်းပစ်ခတ်မှုတွေကိj အရပ်သားတွေ အိပ်မောကျချိန်ဖြစ်တဲ့ ညပိုင်းအချိန်ကို ပိုဦးတည်ပစ်ခတ်လာသလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စစ်ဘေးရှောင်စခန်း၊ ဆေးရုံတွေအပြင် သဘာဝသံယံဇာတာထွက်ရှိတဲ့ ရေနံမှော်နဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို စစ်ရေးအရ ဖိအားပေးတိုက်ခိုက်နေတာ တွေ့ရတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(MDIS) က ဇန်နဝါရီလ ၅ ရက်က ထုတ်ပြန်ပါတယ်။
ဓာတ်ပုံ – Indaw Revolution-IR။ အင်းတော်မြို့နယ်က ပကဖစခန်းတစ်ခု လေကြောင်းဗုံးကြဲခံရတာကို မြင်တွေ့ရစဉ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



