မြန်မာ-အိန္ဒိယ နယ်စပ်ခြံစည်းရိုးကြောင့် နာဂဘက်က နေအိမ်တစ်ထောင်ခန့် ရွှေ့ပြောင်းရဖို့ ကြုံနေ၊
ခြံစည်းရိုးမခတ်ဖို့ ကန့်ကွက်ဆန္ဒပြတဲ့ အရပ်သားတွေကို အာသံရိုင်ဖယ်တပ်က တားမြစ်၊
ကိုသူ/MFP ၊ ဇန်နဝါရီ-၂၃
မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ညှိုနှိုင်းကာ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနယ်စပ်တလျှောက်မှာ အိန္ဒိယနိုင်ငံဘက်က ခြံစည်းရိုးကာရံနေတဲ့အတွက် နေအိမ်တစ်ထောင်ခန့် ရွှေ့ပြောင်းရဖို့ရှိနေတာကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့၂၀၂၅ ခုနှစ် နိုဝင်ဘာလကတည်းက နယ်စပ်ခြံစည်းရိုးခတ်ဖို့ အိန္ဒိယနိုင်ငံဘက်က စတင်အကောင်ထည်ဖော် ဆောင်ရွက်နေတာဖြစ်ပေမဲ့ နာဂပြည်သူတွေရဲ့ သဘောထား ပါဝင်ခြင်းမရှိဘူးလို့ ညီညွတ်သောတန်ရှန်းနာဂကောင်စီက ဆိုပါတယ်။
ခြံစည်းရိုးကာရံနေတာကြောင့် မြန်မာ -အိန္ဒိယ နယ်နိမိတ်ထိစပ်တဲ့နေတဲ့ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ခွဲတစ်ခုဖြစ်တဲ့ ပန်ဆောင်မြို့က မှတ်တိုင် အမှတ် -၁၇၂ နဲ့ ၁၇၃ ကြားမှာ ခြံစည်းကာရံနေတာ ဖြစ်ပြီးတော့ နယ်စပ်မျဉ်းပေါ်မှာရှိနေတဲ့ အိုးအိမ် ၁,၀၀၀ ခန့်လဲ ရွှေ့ပြောင်းပေးရမဲ့ အခြေအနေရှိတယ်လို့ ညီညွတ်သော တန်ရှန်းနာဂကောင်စီ ဥက္ကဌ -ဦးချစ်ယောင်းက ပြောပါတယ်။
“အကြမ်းဖျင်း သိရသလောက်တာကတော့ ၁.၇ ကီလိုမီတာတော့ ရှိသွားပြီပေါ့။သူတို့ လမ်းကြောင်းပေါက်နေတာ ၊ခြံစည်းရိုးတိုင်စိုက်တာက မီတာ (၈၀၀) (၉၀၀) ဝန်းကျင်လောက် ရှိနေလောက်ပြီ ၊အဲ့လိုမှန်းကြတာပေါ့သွားတိုင်းတာက မလုပ်နိုင်တော့ လေ၊သူတို့က တိုင်စစိုက်နေပြီပေါ့ မီတာ (၈၀၀ ) နီးပါး ။ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဒေသခေါင်းဆောင်လို့ပဲပြောပြော ၊ပြည်သူလူထုနဲ့ တစ်ခါမှ တွေ့ဆုံ ဆွေးနွေးတာမရှိဘူး ၊သဘောထားရယူတာလဲမရှိခဲ့ဘူး။ ကျွန်တော်တို့ဒေသခံတွေအနေနဲ့တော့ ဘယ်အစိုးရမဆို ၊နှစ်ဘက်သော အစိုးရတွေကို ဒါတွေက ဒီလိုမျိုးဖြစ်နေတာ အစိုးရတွေ အားလုံးမြင်နေတာပဲဆိုတော့ ကိုယ့်နိုင်ငံစီမံအုပ်ချုပ်မှု ဘယ်လိုပဲရှိနေပါစေ ကျနော်တို့မိသားစုကို ခြံစည်းရိုးနဲ့ အဟန့်အတားအဆီးပုံစံနဲ့ နိုင်ထက်စီးနင်းလုပ်တဲ့ပုံစံတော့ မလုပ်ပါနဲ”
ခြံစည်းရိုးကာရံနေတာကြောင့် ပေ ၂၀၀ ဝန်းကျင်နီးပါး နေအိမ်တွေ နောက်ဆုတ်ပေးရဖို့ ရှိတာကြောင့် ပြည်သူလူထုကိုယ်စားကန့်ကွက်ဆန္ဒပြရတာလို့ နာဂတိုင်းရင်းသားစည်လုံးရေး ဥက္ကဌဦးကျင်ဆောင်က MFPကို ပြောပါတယ်။
“ခြံစည်းရိုး ခတ်ဖို့က အစီအစဉ်ကတော့ ရှိတယ်။ဘေးက အိမ်တွေက ရွှေ့ခိုင်းအုံးမှာ ၊မခတ်သေးတာ ၊အခုက သူတို့က နယ်နမိတ် သေခြာလဲ မသတ်မှတ်သေးဘူး ၊သွားလာရေ ၊တွေက အကုန်နှောင့်နှေးကုန်မှာ သူတို့ နီးတဲ့နေရာတွေက ပေနှစ်ရာဝန်းကျင်လောက်ကို နောက်ဆုတ်ပေးရလိမ့်မယ်။ အိမ်ခြေ (၁၀၀၀) နီးပါး ပါလိမ့်မယ်”
မြန်မာ -အိန္ဒိယ နှစ်နိုင်ငံဟာ ယခင်ကာလတွေကတည်းက ညီအစ်ကိုရင်းပမာ အတူယှဉ်တွဲနေထိုင်ခဲ့ကြတာဖြစ်ပြီး နှစ်နိုင်ငံ မိသားစုဝင်တွေ ကန့်သတ်ခံရမယ့် အခြေအနေတွေရှိလာနိုင်မဲ့အပေါ် ဒေသခံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။
ဒါ့အပြင် ကုန်သွယ်ရေး ၊စီးပွားရေး ၊ကျန်းမာရေး ၊ပညာရေးနဲ့ ယဉ်ကျေးမှုတွေ ထိခိုက်လာနိုင်တဲ့ အခြေအနေအနေကြုံတွေလာရနိုင်သလို စားနပ်ရိက္ခာတွေလည်း ပြတ်လပ်လာနိုင်တယ်လို့နန်းယွန်းမြို့မှာနေထိုင်တဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ကျနော်တို့နာဂလူမျိုးတွေဆိုရင် ၊နန်းယွန်းဘက်က နာဂဌာနေ တိုင်းရင်းသားတွေ ဆိုလို့ရှိရင် မိသားစုဝင်တွေက ဟိုဘက် ဒီဘက် ရှိကြတယ်။ရှိကြတဲ့ အခါမှာမြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ အခြေအနေတွေက ပွင့်ပွင့်လင်းလင်းမရှိတော့ ကျနော်တို့မိသားစုတွေ တွေ့ဆုံတဲ့ အခါဖြစ်ဖြစ် ဒါမှ မဟုတ် ၊တစ်နိုင် တစ်ပိုင် စားဝတ်နေရေး ၊ဆီ၊ဆန်ဆား သွားဝယ်တာက ဖြစ်ဖြစ် ၊သူတို့ဘက်ကနေ တဆင့် သွားဝယ်ကြရတာ ၊သူတို့ ခြံစည်းရိုး ကာလိုက်ရင် မိသားစုတွေ တွေ့လို့မရတဲ့ အခြေအနေမျိုး ၊ဆီ၊ဆန်၊ဆားလေးတွေ လိုအပ်တာ သွားဝယ်၊ဆေးဝါးတွေ သွားဝယ်တဲ့အခါ ခက်ခဲလာမှာပေါ့ “
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ခြံစည်းရိုးကာရံမှုဟာ ဒေသခံတွေရဲ့နေ့စဉ်နေထိုင်မှု ဘ၀တွေမှာ ခက်ခဲမှုတွေနဲ့ မလိုလားအပ်တဲ့ အခြေအနေတွေသာ ကြုံတွေ့လာရနိုင်တာကြောင့် နှစ်နိုင်ငံတာဝန်ရှိသူတွေနဲ့ ဒေသခံပြည်သူတွေရဲ့ ဆန္ဒတွေကို လေးစားလိုက်နာသင့်တယ်လို့ ညီညွတ်သောတန်ရှန်းနာဂကောင်စီက တိုက်တွန်းပါတယ်။
အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ၁,၆၄၃ ကီလိုမီတာ ရှည်လျားပြီး ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့ဟာ နယ်နိမိတ်ချင်းထိစပ်နေတာ ဖြစ်ပါတယ်။ နယ်မြေချင်း ထိစပ်နေတဲ့ ကီလိုမီတာ ၁,၆၄၃ ကို ခြံစည်းရိုးခတ်ဖို့ ကြိုးပမ်းနေကြတာဖြစ်ပြီး မြန်မာ -အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်း ၊နန်းယွန်းမြို့နယ်ခွဲ တစ်ခုဖြစ်တဲ့ ပန်ဆောင်မြိုဈေးမှာ ဇန်နဝါရီလ ၂၀ ရက်ကနေ ၂၁ ရက်အထိ နှစ်ရက်တာအတွင်း ဒေသခံတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြပေမဲ့ အိန္ဒိယနိုင်ငံနယ်စပ်ဂိတ် စောင့်တပ်ဖြစ်တဲ့ (Assam Rifles) အာသံရိုင်ဖယ်တပ်က တားဆီးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ဆန္ဒပြလှုပ်ရှားမှုတွေကို ညီညွတ်သောတန်ရှန်းနာဂကောင်စီ ဦးဆောင်မှုနဲ့ ဒေသခံပြည်သူတွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဒီနေ့မှာတော့ ဆန္ဒပြတာကို ရပ်နားထားတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ-ညီညွတ်သောတန်ရှန်းနာဂကောင်စီ (United Thangshang Naga Council)
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး



