မကွေးသတင်း

ပခုက္ကူအနောက်ခြမ်းကို စစ်အုပ်စုစစ်ကြောင်းထိုးကာ နေအိမ်တွေမီးရှို့နေတာကြောင့် ဒေသခံသောင်းနဲ့ချီ တိမ်းရှောင်နေကြရ၊စစ်အုပ်စုနဲ့တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်အုပ်စုတပ်သားတချို့ အထိအခိုက်ရှိနိုင်ဟုဆို

အီသာရမ်/MFP ၊ ဇန်နဝါရီ-၂၃

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အနောက်ခြမ်းကို ဇန်နဝါရီလ ၂၃ ရက်နေ့ ဒီနေ့မှာ စစ်အုပ်စုစစ်ကြောင်းထိုးကာ ပြည်သူနေအိမ်တွေမီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံပြည်သူသောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရပြီး တော်လှန်ရေးတပ်တွေနဲ့လည်း ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ပခုက္ကူနယ် ကမ္မမြို့ကို ဦးတည်ထိုးလာတာ့ဖြစ်ပြီး ကမ္မမြို့နဲ့မြစ်ခြေမြို့ကြားက ကျေးရွာ‌နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ စစ်ကြောင်းသွားရာလမ်းတလျောက်မှာ နေထိုင်တဲ့ ဒေသခံပြည်သူသောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဆားကျင်းရွာကိုရောက်ပြီး ကြက်တွေ ဝက်တွေ သတ်စားပြီးတော့ မနေ့ကမနက်မှာထွက်လာပြီး ကြိုတန်းရွာကိုရောက်တယ် ဒီနေ့မနက် ကြိုးတန်းရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး တောတိုက်တွေကို မီးရှို့ဖျက်ဆီးသွားတယ်ပေါ့နော်၊ဒီနေ့ ရွာက ထွက်တဲ့အချိန်မှာ ထိတွေ့နည်းနည်းဖြစ်တယ်၊မီးပိတ်ရှို့ခဲ့ပြီး မီးရှို့တဲ့ဘက်က မထွက်ဘဲ မီးမရှို့တဲ့ဘက်ကထွက်သွားတာဗျ”

စစ်အုပ်စုစစ်ကြောင်း သွားရာလမ်း‌တစ်လျှောက်မှာရှိတဲ့ ကြက်တိုး၊အနောက်တော၊ကန်စောက်၊မန်းကျည်းတော၊သဘွတ်တော၊ဗျင်း၊မြောက်တော၊ဆုံကုန်း၊ချိုင်၊ဆားကျင်း၊ကြိုးတန်း၊စဘေ စတဲ့ ကျေးရွာဆယ်ရွာခန့်နဲ့ ကမ္မမြို့ပေါ် ရပ်ကွက် ၁၂ ရပ်ကွက်က ဒေသခံပြည်သူသောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ သူကဆိုပါတယ်။

ဒ့ါအပြင် စစ်ကြောင်းဟာ ကျေးရွာတွေနဲ့တောတိုက်တွေကို မီးရှို့ဖျက်ဆီးပြီး ကမ္မမြို့ကိုဝင်ရောက်ရာမှာလည်း ကမ္မမြို့မဈေးကဆိုင်ခန်းတွေကို ဖောက်ထွင်းပြီး စားနပ်ရိက္ခာတွေ ခိုးယူသယ်ဆောင်နေတယ်လို့ဆိုပါတယ်။

အဲဒီစစ်အုပ်စုစစ်ကြောင်းက ဇန်နဝါရီလ ၁၀ ရက်နေ့က ပခုက္ကူတပ်မ -၁၀၁ ကနေ အင်ပင်စစ်ဆေးရေးဂိတ်ကို အင်အားဖြည့်တင်းပြီးနောက် ကိုင်းကျေး‌ရွာ၊နှောပင်ကျေးရွာ၊ကွမ်းသီးကန်ကျေးရွာ၊ကုန်းတတ်ကန်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး နှောပင်ကျေးရွာက ပြည်သူ‌တစ်ဦးလည်း မီးလောင်သေဆုံးခဲ့ပါသေးတယ်။

ဓာတ်ပုံ- ပခုက္ကူလူထုတိုက်ပွဲကော်မတီ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button