
သုထက်/MFP၊ ဇန်နဝါရီ – ၂၅
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ အာဏာသိမ်း စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲ လုပ်နေပြီး မြို့ပေါ် မှာ မဲရုံဖွင့်ထားပြီး မြို့အနီးဝန်းကျင်ကို ကျေးရွာတွေကိုတော့ လေကြောင်း ဗုံးကြဲ၊ လက်နက်ကြီး တိုက်ခိုက်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ် တွေက MFP ကိုပြောပါတယ်။
ဇန်နဝါရီ ၂၅ရက် ဒီကနေ့ မနက်ပိုင်း စစ်အုပ်စုက ကနီမြို့ပေါ် ရပ်ကွက် သုံးခုမှာ မဲရုံဖွင့်ပြီးနောက် ကနီမြို့ပတ်လည်ရှိ တဇယ်ချောင်၊ ကျန်းဖျား၊ စိန်ကုန်း၊ အလည်ကျွန်း စတဲ့ ကျေးရွာတွေကို ဗုံးကြဲ၊ လက်နက်ကြီး ထုနေတာလို့ ဆိုပါတယ်။
မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က တက်လာတဲ့ ပါရာမော်တာ (Paramotor – စက်တပ်လေထီး) နှစ်စီးနဲ့ နှစ်ကြိမ်၊ ဂျိုင်အိုကော်ပရာ (Gyrocopter – ရဟတ်ယာဉ်ငယ်) တစ်စီးနဲ့ တစ်ကြိမ် ဗုံးလာကြဲသွားပြီး လက်နက်ကြီးကလည်း ဆက်တိုက် ပစ်ခတ်နေတာလို့ ကနီမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ – ပအဖ အဖွဲ့တစ်ဦးက MFP ကို ပြောပါတယ်။
“မြို့ထဲက လက်နက်ကြီး ထုတယ်၊ လေကြောင်းက ၁၂၀ မမဗုံးသီး ၁၀ လုံး လာချတယ်၊ အဓိက က ရွေးကောက်ပွဲကို ကြောက်ကာ ကာနေတာ”
ကနီမြို့ကို တော်လှန်ရးတပ်တွေ လာရောက် တိုက်ခိုက်မှာကို စစ်အုပ်စုဘက်က စိုးရိမ် ကြောက်ရွံ့ တာကြောင့် အခုလို မြို့ပတ်လည် ကျေးရွာတွေကို ဗုံးကြဲ၊ လက်နက်ကြီးပစ်ခတ်နေတာလို့ ဆိုပါတယ်။
ကနီမြို့ပေါ် မဲပုံးထောင်ကာ ရွေးကောက်ပွဲ လုပ်နေပေမယ့် ပြည်သူ့လွှတ်တော်နဲ့ တိုင်းလွှတ်တော်တွေ အတွက် ယှဉ်ပြိုင်သူ မရှိဘဲ စစ်အုပ်စုရဲ့ လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး) ကသာ အနည်စာရင်းပေးထားတာကြောင့် အဲ့ဒီ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေက မပြိုင်ခင်ကတည်းက နိုင်နှင့်ပြီးဖြစ်တယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။ အမျိုးသား လွှတ်တော်အတွက်တော့ ကြံ့ခိုင်ရေးအပြင် စစ်အုပ်စုနဲ့ နီးစပ်တဲ့ နောက်ထပ်ပါတီတစ်ခု၊ နှစ်ခု ဝင်ပြိုင်ထားကြပါတယ်။
ကနီမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် သုံးရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၄၅ ခု ရှိပြီး စစ်အုပ်စု အနေနဲ့ ကျေးရွာ အုပ်စုတွေ အားလုံးမှာ မဲပုံးထောင်နိုင်ဘဲ မြို့ပေါ်ရပ်ကွက် သုံးခုမှာသာ မဲရုံဖွင့်နိုင်တာ ဖြစ်ပါတယ်။



ကနီမြို့ပေါ် စစ်အုပ်စု လုပ်တဲ့ ရွေးကောက်ပွဲ မဲလာပေးသူကို မဲရုံဝန်ထမ်းတွက မီးထိုးပြနေစဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



