
MN/MFP ၊ ဇန်နဝါရီ – ၂၅
မကွေးတိုင်း၊ မကွေးမြို့ ဗဟိုအကျဉ်းထောင်မှာ အာဏာသိမ်း စစ်အုပ်စု သစ္စာခံ ထောင်ဝန်ထမ်းတွေက နိုင်ငံရေး အကျဉ်းသားတွေကို အလုပ်ကြမ်းခိုင်းစေနေပြီး မလုပ်နိုင်သူတွေကို ရိုက်နှက်နှိပ်စက်ကာ ဆေးဝါး ကုသခွင့်မပေးဘဲ တိုက်ပိတ်ထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက MFP ကို ပြောပါတယ်။

မန္တလေးမြို့၊ အိုးဘိုထောင် အပါအဝင် နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေကနေ မကွေးထောင်ကို ပြောင်းရွှေ့ ရောက်ရှိလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ထောင်ဝန်ထမ်းတွေက အကြောင်းမဲ့ ရိုက်နှက် နှိပ်စက်ကာ တိုက်ပိတ်တာတွေပါ လုပ်နေပြီး အကွေးထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ထင်တိုင်းကျဲ ကျူးလွန်နေကြတာလို့ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကလည်း ပြောပါတယ်။
“မကွေး ဗဟိုအကျဉ်းထောင်မှာ ထောင်တွင်း အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ပန်းကန် ဆေးခိုင်းတာ၊ မိလ္လာပုံး ဆွဲခိုင်းတာ၊ တောင်ယာအလုပ် လုပ်ခိုင်းတာ စတဲ့ အတင်းအဓမ္မ နိုင့်ထက်စီးနင်း ခြိမ်းခြောက်ပြီး စေခိုင်းတာတွေ ရှိပါတယ်။ အလုပ်မလုပ်ချင်လို့ ဆန္ဒပြတဲ့ အကျဉ်းသားတွေကို ဒေါက်ခြေကျင်းတွေ ခတ်၊ ဦးခေါင်းကို အဝတ်စွပ်ပြီး မိန်းဂျေးတာဝန်ခံ အရာရှိ ဝင်းထွန်းက အကျဉ်းသား လူမိုက်တွေ မွေးပြီးတော့ လူမဆန်စွာ ရိုက်နှက်နှိပ်စက်တယ်။ ရက်ပေါင်းများစွာ တိုက်ပိတ် ထားတယ်။ နောက်ပြီးတော့ ပြစ်ဒဏ်တိုက် အဆောင်မှူး အောင်ရွှေကလည်း ထောင်ကို ရောက်လာတဲ့ နိုင်ကျဉ်းတွေကို ဝမ်းလျားမှောက်ခိုင်းပြီးတော့ တုတ်နဲ့ရိုက်တာ၊ မိသားစုနဲ့ အဆက်သွယ်ဖြတ်တာ၊ ထောင်ဝင်စာ ပိတ်တာ လုပ်ဆောင်နေပါတယ်” လို့ နိုင်/ကျဉ်းဟောင်း တစ်ဦးက ပြောပါတယ်။
၂၀၂၅ ဇူလိုင်လကလည်း မန္တလေး အိုးဘိုထောင်ကနေ မကွေးထောင်ကို ပြောင်းရွှေ့ရောက်ရှိလာတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက အချို့ကို နာမည်မေးပြီး စစ်အုပ်စု ထောင်ဝန်ထမ်းတွေက ရိုက်နှက် နှိပ်စက်ကာ ဒီကနေ့ အချိန်ထိ တိုက်ပိတ်ထားဆဲ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
“မကွေးထောင်ထဲမှာ အရင်ကလည်း ဝိုင်းရိုက်ကြလို့ သေဆုံးသွားခဲ့တာကို မြင်ခဲ့ရဖူးတယ်။ နှာခေါင်းရိုး ကျိုးတာ၊ သွားသုံးချောင်း ကြိုးသွားတာ၊ သတိမေ့သွားတာတွေထိ ဝိုင်းရိုက်တာတွေ ရှိခဲ့တယ်။ ၂၀၂၅ ခုနှစ် ခုနစ်လပိုင်းတုန်းက မကွေးထောင်ကို မန္တလေး အိုးဘိုထောင်ကနေ ထောင်ပြောင်းရောက်ရှိလာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို နာမည်မေးပြီးတော့ ဝိုင်းရိုက်တယ်၊ ပြီးတော့ တိုက်ပိတ်ထားတယ်။ အခုထိပဲ။ ကျူးလွန်တဲ့ သူတွေကတော့ ထောင်ပိုင်ကြီး (တာဝန်ခံအရာရှိ)၊ ထောင်ပိုင်လေး၊ မိန်းဂျေးတာဝန်ခံ အရာရှိ၊ အဆောင်မှူးနဲ့ ဝန်ထမ်းတွေ အကုန်ပါတယ်”

မကွေးထောင်မှာ စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားတွေကို ပုံစံမျိုးစုံနဲ့ လူအခွင့်အရေး ချိုးဖောက်ပြီး ရိုက်နှက်တာ၊ အလုပ်ကြမ်း စေခိုင်းတာ၊ နေ့စဉ် တစ်နာရီကြာ (၁)ပုံစံ ထိုင်ခိုင်းတာ၊ စာဖတ်ခွင့် မပေးတာ၊ ရေ လုံလောက်အောင် မချိုးရတာ၊ အိပ်စရာနေရာ ကျဉ်းမြောင်းတာ စတဲ့ ဖိနှိပ်မှုတွေနဲ့ ကြုံတွေ့ နေရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ထောင်ထဲမှာ ညနေဆိုရင် ၅နာရီကနေ ၆နာရီထိ (၁)ပုံစံ ထိုင်ရတယ်။ (၁)ပုံစံ မထိုင်နိုင်တဲ့ အကျဉ်းသားတွေကို အခန်းလူကြီးနဲ့ ဝန်ထမ်းတွေက ဖားခုန်ခုန်ခိုင်းတာ၊ ထိုင်ထ လုပ်ခိုင်းတာနဲ့ ပုံစံမျိုးစုံ အပြစ်ပေးတာ။ အဲဒီလို သူတို့ အပြစ်ပေးတာကို မလုပ်ချင်တဲ့သူတွေကို ဝိုင်းပြီးတော့ ရိုက်တယ်။ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အပြင်က ပြည်သူတွေအနေနဲ့ ဝန်းရံ ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်”လို့ မကွေးထောင်က ပြန်လည် လွတ်မြောက်လာသူ တစ်ဦးက ပြောပါတယ်။
မကွေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်နှိပ်စက်တာနဲ့ လူအခွင့်ရေး ချိုးဖောက်မှုတွေ ကျူးလွန်နေသူတွေဟာ စစ်အုပ်စု လက်အောက်ခံ ထောင်ပိုင်ကြီး (တာဝန်ခံအရာရှိ)၊ ထောင်ပိုင်လေး (ဒုတာဝန်ခံအရာရှိ)၊ မိန်းဂျေးတာဝန်ခံ ဝင်းထွန်း၊ အဆောင်းမှူးတွေနဲ့ ထောင်ဝန်ထမ်းတွေ အားလုံး ပါဝင်တယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားက ဆိုပါတယ်။

မကွေးအကျဉ်းထောင်မှာ ၂၀၂၅ ဒီဇင်ဘာလအတွင်းက နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထောင် တစ်ခုလုံးက စားပြီးသား ပန်းကန်တွေကို လူ ၁၀ ဦး တစ်ဖွဲ့စီနဲ့ ထောင်အာဏာပိုင်တွေက ဆေးကြော ခိုင်းရာမှာ မလုပ်ဆောင်နိုင်ကြောင်း ပြောဆိုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်အုပ်စု ထောင်ဝန်ထမ်းတွေက နေပူလှန်းတာ၊ ရိုက်နှက်နှိပ်စက်တာတွေ လုပ်ဆောင်ခဲ့ပြီးနောက် နိုင်ကျဉ်း ၃၅ ဦးကို အခုလ ဇန်နဝါရီ ၅ ရက်ထိ တိုက်ပိတ်ထားဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် – PPNM က သတင်းထုတ်ပြန်ထားပါတယ်။
၂၀၂၄ အောက်တိုဘာလ စာရင်းအရ မကွေးမြို့ ဗဟိုအကျဉ်းထောင်အတွင်း အကျဉ်းသား အမျိုးသား ၁၉၁၅ ဦးနဲ့ အမျိုးသမီး ၂၆၈ ဦး၊ စုစုပေါင်း ၂၁၈၃ ဦး ရှိပြီး တရားရုံး စစ်ဆေးဆဲ အချုပ်သား ၉၂ ဦး ရှိတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။

မကွေးထောင်ရှိ စစ်အုပ်စု သစ္စာခံ ဝန်ထမ်းတွေကို ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာလက တွေ့ရစဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



