အီသာရမ်/MFP ၊ ဇန်နဝါရီ-၂၈
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာရှိတဲ့ စစ်အုပ်စုတပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၂၂)ကနေ စက်တပ်လေထီးနဲ့ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။
ဇန်နဝါရီလ ၂၈ ရက်နေ့ ဒီနေ့နေ့လယ်ပိုင်းကလည်း ဆိပ်ဖြူနယ် ကဇွဲကျေးရွာအနီးကို စက်တပ်လေထီးနဲ့ ၁၂၀ မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတော့မရှိဘူးလို့ ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
“ရှေ့တစ်ရက်ကျော်ကလည်း စာသင်ကျောင်းကို ကြဲသေးတယ်၊အဲဒါက စက်လက်တွေနဲ့ပါပစ်သွားတာ၊အခုလည်း လေးလုံးကြဲသွားတယ် ထိခိုက်တော့ မသိရသေးဘူးဗျ”
စစ်အုပ်စုတပ်က စက်တပ်လေထီးတွေကို လူချေတိတ်ချိန်တွေကို ပျံလွှတ်တိုက်ခိုက်နေတာကြောင့် စက်တပ်လေထီးရန်ကို သတိထားစောင်ကြည့်နေရတယ်လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း အရှေ့ကံတွင်းကျေးရွာ စာသင်ကျောင်းကို စက်တပ်လေထီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက်တာအပြင် စက်လက်တွေနဲ့ပါ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ကျောင်းဆောင်ထိခိုက်ပျက်စီးသွားပြီး ပြည်သူအထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။
စစ်အုပ်စုတပ်ရဲ့ ကပစ-၂၂ ကို ဇန်နဝါရီလ ၁၅ ရက်နေ့က စက်တပ်လေထီးနှစ်စီး ရောက်ရှိလာတာဖြစ်ပြီး ပေါက်နယ်တောင်ပိုင်းနဲ့ဆိပ်ဖြူမြို့နယ်တို့က ဒေသခံကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ပိုတိုးလုပ်ဖို့ ရည်ရွယ်ထားတာလို့ ဆိုပါတယ်။
ဓာတ်ပုံ-CJ၊ အရှေ့ကံတွင်းကျေးရွာ စာသင်ကျောင်းကို စက်တပ်လေထီးနဲ့ စစ်အုပ်စုဗုံးကြဲခဲ့စဉ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး



