မန္တလေးသတင်း

မန္တလေးမြို့အစွန်ရှိ မြေတွေ စျေးမြင့်တက်ချိန် အကွက်ရိုက်မြေတွေ ဝယ်မိရင် နစ်နာဆုံးရှုံးမယ်လို့ စစ်အုပ်စု ထုတ်ပြန်၊

ဖိုးချို/MFP၊ ဇန်နဝါရီ – ၃၀

မန္တလေးမြို့အစွန်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာတချို့ကို ရွာမြေဧရိယာ တိုးချဲ့မယ်ဆိုတဲ့ သတင်းကြောင့် မြေစျေးတွေ တရှိန်ထိုးမြင့်တက်နေချိန် တရားဝင် အသုံးပြုခွင့် မရသေးတဲ့ ကွက်စိပ်ရိုက် မြေကွက်တွေကို ဝယ်ယူမိရင် နစ်နာဆုံးရှုံးမှု ဖြစ်လာနိုင်တယ်လို့ အာဏာသိမ်း စစ်အုပ်စုရဲ့ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး (ထွေအုပ်)က သတိပေးခြိမ်းခြောက် ထုတ်ပြန်ပါတယ်။

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ထဲရှိ နန်းဦးလွင်၊ ဘူးကုန်းနဲ့ ကန်ကောက်ရွာတွေဘက်မှာ ရွာမြေတိုးချဲ့ဖို့ စီစဉ်နေတယ်ဆိုတဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ ဌာနတွင်း ညွှန်ကြားစာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လူမူကွန်ယက်မှာ ပြန့်နှံ့လာပြီးနောက် အဲ့ဒီ ကျေးရွာတွေအနီးရှိ အကွက်ရိုက်ရောင်းချတဲ့ လယ်ယာမြေတွေ ရက်ပိုင်းအတွင်း ကျပ်သိန်းရာချီ စျေးခုန်တက်ကာ အရောင်းအဝယ်လည်း ပိုသွက်လာတယ်လို့ မန္တလေးမြို့ခံ အိမ်၊ခြံ၊မြေ အကျိုးဆောင်တွေက MFP ကို ပြောပါတယ်။

အဲ့ဒီလို တရားမဝင် အကွက်ရိုက်ရောင်းချတဲ့ မြေတွေကို ဝယ်ယူမိပါက ဆုံးရှုံးမူတွေ ကြုံနိုင်သလို အရေးယူခံရတာတွေလည်း ရှိနိုင်တယ်လို့ ပုသိမ်ကြီးမြို့နယ် ထွေအုပ်ရုံးက သတိပေး ခြိမ်းခြောက်တဲ့စာကို ဇန်နဝါရီ ၃၀ရက်ထုတ် စစ်အုပ်စုပိုင် သတင်းစာတွေမှာ ဖော်ပြတာ ဖြစ်ပါတယ်။

“ရပ်ကွက်မြေ (သို့မဟုတ်) ရွာမြေ‌တွေနဲ့ တဆက်တည်းရှိတဲ့ လယ်မြေ၊ ယာမြေ၊ သစ်တောမြေ၊ မြေလွတ်မြေလပ်နဲ့ မြေရိုင်း‌တွေကို  ရွာမြေအတွင်း ပါဝင်တယ်လို့ ဆိုကာ ဥပဒေနှင့်အညီ အသုံးပြုခွင့် မရရှိဘဲ ကွက်စိပ်ရိုက်ခြင်း၊ အုတ်တံတိုင်း ကာရံခြင်း၊ အခိုင်အမာ အဆောက်အဦး ဆောက်လုပ်ခြင်း စတဲ့ ကျူးလွန်ဆောင်ရွက် အသုံးပြုမှု၊ အရောင်းအဝယ် ပြုလုပ်နေမှု‌တွေကို စိစစ် တွေ့ရှိရပြီး ဥပဒေနှင့်အညီ စိစစ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေရသလို  မမှန်မကန်တဲ့ နည်းလမ်းတွေနဲ့ အထက်ပါ မြေအရောင်း/အဝယ် ဆောင်ရွက်မှု၊  မြေယာအသုံးပြုမှု‌တွေနဲ့ ပတ်သက်ပြီး ဥပဒေနှင့်အညီ နည်းလမ်းတကျ အသုံးပြုမှု ရှိစေရေးအတွက် အများပြည်သူ သိရှိဖို့၊ …..။ နည်းလမ်းတကျ အသုံးပြုခွင့် မရှိသော မြေကို အများပြည်သူအနေနဲ့ ဝယ်ယူမိပါက နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သည်ကို အထူးသတိပြုဖို့”လို့ ပုသိမ်ကြီး ထွေအုပ်ရုံးက ဖော်ပြပါတယ်။

အဲ့ဒီ မန္တလေးမြို့အစွန်၊ ပုသိမ်ကြီးမြို့နယ်ထဲရှိ ကျေးရွာတချို့ကို ရွာမြေတိုးချဲ့ဖို့ စီစဉ်မယ်ဆိုတဲ့ ထွေအုပ်ရဲ့ စာတစ်စောင် ပြန့်နေသလို ပြီးခဲ့တဲ့ရက်ပိုင်းက စစ်အုပ်စုရဲ့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးမှာလည်း လယ်ယာမြေတွေ အခြားနည်းသုံးစွဲခွင့် ချထားပေးဖို့ ဆွေးနွေးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပါ်လာခဲ့ရာက ပုသိမ်ကြီးထဲမှာ ကွက်စိပ်မြေကွက်တွေ အရောင်းအဝယ် ဖြစ်နေတာလို့ မန္တလေးမြို့ခံ ဝါရင့် အိမ်၊ခြံ၊မြေ အကျိုးဆောင်တစ်ဦး က ပြောပါတယ်။

“အစောပိုင်းကတည်း ရွာမြေတိုးချဲ့ ထွေအုပ်စာက ဒီဇင်ဘာ ၂၄ ရက်စွဲနဲ့ကို ဒီဇင်ဘာ ၁၆ ရက်စွဲနဲ့ အွန်လိုင်း ပျံ့လာကတည်းက သံသယရှိနေတာ၊ အိမ်ခြံမြေ က နားမလည်ရင် ကြောက်စရာ ကောင်းတယ်၊ အချို့ပွဲစားတွေက  ‘တွေ့လားဒီလိုရှိတယ်’ ဆိုပြီး နားမလည်တဲ့ သူတွေကို ဒီဘက်ခေတ်စကားနဲ့ဆို ဂျင်းထည့်ကြတာပေါ့၊ ဘယ်နေရာမှာ အခြားနည်း (လယ်ယာမြေ အခြားနည်း အသုံးပြုခွင့်)၊ စီမံကိန်း ရှိတယ်ဆိုတာ သိတဲ့ ခရိုနီနဲ့ စစ်အုပ်စု လက်ပါးစေတွေပဲ သိတာ၊ သူတို့ပဲ အခြားနည်း ချပေးမယ့်နေရာ‌တွေကို အကုန်ဝယ်ပြီး နေပါပြီ၊  ပြည်သူ ကတော့ ခံဘက်ကပါပဲ၊ ဖျက်ပြပါဦးမယ် ဆိုတဲ့ အသိ‌ပေးချက်ပါ”

မန္တလေးမြို့အရှေ့ဘက်၊ မြို့ပတ်လမ်းဘေး၊ ပုသိမ်ကြီးမြို့နယ်ရှိ နန်းဦးလွင်၊ ဘူးကုန်းနဲ့ ကန်ကောက်ရွာတို့ကို  မူလ ရွာမြေ ၉၁ ဧက ကနေ နောက်ထပ် မြေဧက ၄၈၀ ကျော်ကို ရွာမြေဧရိယာ တိုးချဲ့ဖို့အတွက် ဆည်တာတမံ‌တွေရဲ့ နယ်နိမိတ် ဧရိယာ၊ ဆည်ရေသောက်ဧရိယာ၊ ရေဆင်းဧရိယာ၊ ရေဝပ်ဧရိယာတွေအတွင်း ကျရောက်ခြင်း ရှိ၊မရှိ စိစစ်ပေးဖို့ အာဏာသိမ်း စစ်အုပ်စုရဲ့ ပုသိမ်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးကနေ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနကို ပေးပို့ခဲ့တဲ့ ရုံးစာတစ်စောင်  လူမူကွန်ယက်မှာ ပြန့်နှံခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ ရုံးစာ ပြန့်လာပြီးနောက် အထက်ပါအတိုင်း မန္တလေးနဲ့ ပုသိမ်ကြီးမြို့ကြား၊ နန်းဦးလွင်၊ ဘူးကုန်းနဲ့ ကန်ကောက်ရွာတွေဘက်ရှိ လယ်ယာမြေအကွက်ရိုက်ရောင်းတဲ့ မြေတွေ ဈေးခုန်တက်လာတာဖြစ်ပြီး အရောင်းအဝယ် ပိုဖြစ်နေတာလို့ ဆိုပါတယ်။

လက်ရှိ ပေါက်စျေးအရ ပုသိမ်ကြီးနယ်၊ နန်းဦးလွင်ဘက်မှာ ကျပ်သိန်း ၁၀၀၀ လောက်နဲ့ မြေဝယ်လို့ မရတော့ဘဲ ပေ ၂၀×ပေ ၄၀  မြေကွက် တစ်ကွက်ကိုပင် အနိမ့်ဆုံးစျေး ကျပ်သိန်း ၁၀၀၀ အထက် ပေါက်ဈေးရှိတယ်လို့ မန္တလေးမြို့ခံ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။

နန်းဦးလွင်၊ ဘူးကုန်းနဲ့ ကန်ကောက်ရွာတွေ အပါအဝင် မန္တလေးမြို့အနီးက ရွာတွေဘက်မှာ လယ်မြေ‌တွေကို အကွက်ရိုက် ရောင်းချနေကြတာ ကာလကြာမြင့်ပြီ ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုက မကြာခဏ ဖျက်ဆီးတာ၊ ဖြိုဖျက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီလထဲမှာ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်အုပ်စုထဲက နန်းဦးလွင်၊ ကန်ကောက်၊ ကုန်းတန်း၊ တဲကုန်းနဲ့ ကျွဲရေကုန်း စတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ နေအိမ်တွေကို ဓါတ်အားလိုင်းနဲ့ မလွတ်လို့ဆိုတဲ့ အကြောင်းပြဖျက်နဲ့ စစ်အုပ်စုက ဘူဒိုဇာတွေနဲ့ ထိုးကော် ဖျက်ဆီးခဲ့ပါသေးတယ်။

အကွက်ရိုက်မြေတွေ ဝယ်ယူမိရင် ဆုံးရှုံးနစ်နာပြီး အရေးယူခံရနိုင်ကြောင်း စစ်အုပ်စုရဲ့ ခြိမ်းခြောက် သတိပေးစာနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက လူမူကွန်ယက်မှာ ပြန့်နှံ့ခဲ့တဲ့ စစ်အုပ်စုရဲ့ ရုံးတွင်းစာ/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button