စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ဒီပဲယင်းမှာ နှစ်လအတွင်း လူသတ်မှု ငါးခုထက်မနည်း ဖြစ်ပွား၊

သေဆုံးသူတွေထဲ CDM ကျောင်းဆရာမ မိသားစု သုံးဦး ပါဝင်၊

ရွှေဥ/MFP၊ ဖေဖေါ်ဝါရီ – ၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ရှိ တော်လှန်ရေးအင်အားစု‌တွေ စိုးမိုးထိန်းချုပ်ထားတဲ့ ဒီပဲယင်းမြို့နယ်မှာ ပြီးခဲ့တဲ့ နှစ်လတာအတွင်း လူသတ်မှု ငါးခု ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေ က MFP ကို ပြောပါတယ်။

ဒီပဲယင်းနယ်ထဲ ဖြစ်ပွားခဲ့တဲ့ မှုခင်းဖြစ်စဉ်တွေကို စနစ်တကျ အရေးယူဆောင်ရွက်နိုင်တာ အားနည်းတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

“ဒီပဲယင်းနယ်မှာက သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေက အများကြီးဗျ၊ အွန်းလိုင်းမှာ မပြန့်တာရှိတယ်။ မီဒီယာမှာ မပါတော့ ဝန်ကြီးဌာနတွေက လုပ်ဆောင်မှုပိုင်းမှာ အားနည်းတာ ရှိတယ်၊ CDM ဆရာမ သတ်ဖြတ်ခံရတာဆို အရေးယူနိုင်တာ မရှိဘူး၊ တရားရုံးချိန်းသွားတဲ့သူတောင် လမ်းမှာ သတ်ဖြတ် ခံရတာ အရေးယူ ဆောင်ရွက်နိုင်တာ မရှိဘူး” လို့ ဒီပဲယင်းနယ်ခံတစ်ဦးက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်လတာအတွင်း ဒီပဲယင်းမြို့နယ်ထဲ ဖြစ်ပွားခဲ့တဲ့ မှုခင်းဖြစ်စဉ် ငါးခုဟာ ၂၀၂၅ ဒီဇင်ဘာလက ယဉ်ကျင်း‌ကျေးရွာမှာ နေထိုင်သူ  CDM ကျောင်းဆရာမ မိသားစုဝင် သုံးဦး သတ်ဖြတ်ခံရတဲ့အမှု၊ ၂၀၂၆ ဇန်နဝါရီလအတွင်း မြို့ကြီးကျေးရွာမှာ နေထိုင်သူ အမျိုးသားတစ်ဦးဟာ အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG) တရားရုံးကို တရားရင်ဆိုင်ဖို့ သွားရောက်စဉ် လမ်းမှာ သတ်ဖြတ်ခံရတဲ့အမှု၊ ဇန်နဝါရီလအတွင်းမှာပဲ ကျွဲတိုးခြုံကျေးရွာမှာ နေထိုင်သူ မူးယစ်ဆေး သုံးစွဲသူ အမျိုးသားတစ်ဦးက နာရေးရှိတဲ့ နေအိမ်ကို ဓါးနဲ့တက်ခုတ်လို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မူးယစ်ဆေးသုံးစွဲသူ သေဆုံးတဲ့ ဖြစ်စဉ် တစ်မှု၊ ဇန်နဝါရီလအတွင်း ချောင်းနားလမ်းက မြစ်အတွင်းမှာ  ဒဏ်ရာနဲ့ မျှောပါ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့ အမျိုးသမီးတစ်ဦးအမှု၊ ယခု ဖေဖော်ဝါရီ ၁ရက်မှာ ကုန်းရိုးကျေးရွာရှိ ငှက်ပျောခြံထဲ တစ်ဦးတည်း နေထိုင်သူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဓားဒဏ်ရာနဲ့ သေဆုံးနေတဲ့အမှုတွေ ဖြစ်တယ်လို့  ဆိုပါတယ်။

အဲ့ဒီ မှုခင်းဖြစ်စဉ်တချို့မှာ ကျူးလွန်ခံရသူတွေဟာ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ မြို့နယ်မှာက တရားရေးတွေကော၊ တရားဥပဒေတွေကော၊ ပသုံးလုံးကိစ္စတွေကော အကုန်ရှိတယ်။ တပ်ရင်း၊ တပ်ဖွဲ့တွေ အားကောင်းတယ်လို့ ပြောလို့ရတဲ့ မြို့နယ်တစ်ခုတော့ ဖြစ်တယ်။ ဒါပေမယ့် မှုခင်းဆိုင်ရာ ကိစ္စတွေမှာ ပသုံးလုံး ဖွဲ့ထားတဲ့ ယန္တရားတွေက အကြောက်တရားနဲ့ ဖွဲ့ထားတာလို အကြမ်းဖျဉ်း သုံးသပ်တယ်။ အဖွဲ့အစည်း ရှိတယ်၊ နောက်ခံ ရှိတယ်ဆိုရင်  သတ်ဖြတ်ခံရသူတွေ ရှိပေမယ့် အမှု မပေါ်ဘူး” လို့ ဒီပဲယင်းနယ်ခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ ဒီပဲယင်းမြို့နယ် အုတ်ဆည်ကျေးရွာမှာ မိသားစု နှစ်စု စကားများ ရန်ဖြစ်ကြရာက သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

NUG အစိုးရ အနေနဲ့ စိုးမိုးထိန်းချုပ်နယ်မြေအတွင်း ဖြစ်ပွားတဲ့ မှုခင်းဖြစ်စဉ်တွေကို စနစ်တကျ၊ မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းပေးစေလိုတယ်လို့ ဒီပဲယင်းဒေသခံတွေက ပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button