
လမ်းသွားလာတွေကိုပါ ပစ်ခတ်လို့ အမှိုက်ကောက် ကလေးနဲ့ သုံးဘီးမောင်းသူ အပါ ငါးဦးခန့် သေဆုံး၊
ဘုန်းစိုး/MFP၊ ဖေဖော်ဝါရီ – ၄
စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့ သာစည်လမ်း မီးပွိင့်အနီးမှာ မနေ့က မနက်ပိုင်း မတ်တူး အမျိုးအစား အဖြူရောင် အိမ်စီးကားတစ်စီးကို အာဏာသိမ်း စစ်အုပ်စုက ပတ်ကင်းကား သုံးလေးစီးနဲ့ နောက်ကနေ တရစပ် လိုက်လံ ပတ်ခတ်ခဲ့ပြီးနောက် အိမ်စီးကား ဆက်မောင်းမရတော့လို့ ရပ်တန့်သွားချိန် ကားပေါ်ပါသူ လူငယ်တစ်ဦးကို လမ်းပေါ်ဆွဲချကာ ဦးခေါင်းကို သေနတ်နဲ့တေ့ ပစ်သတ်ခဲ့ပါတယ်။
အဲ့ဒီ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဖေဖေါ်ဝါရီ ၃ရက် မနက်ပိုင်းက PDF တွေ မုံရွာမြို့ပေါ်တက်ကာ ပြန်ပေးဆွဲမယ် ဆိုတဲ့ သတင်းအရ အိမ်စီးကားကို လိုက်လံပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ရဲ့ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်က အောင်ပွဲခံ သတင်း ဖြန့်ပါတယ်။
ကားပေါ်ပါသူ နှစ်ဦးအနက် တစ်ဦးက ထွက်ပြေးသွားပြီး နောက်တစ်ဦးကို ကာေးပါ်ကဆွဲချ၊ သေနတ်နဲ့တေ့ ပစ်သတ်ခဲ့ကာ လက်နက်ခဲယမ်း သိမ်းဆည်း ရမိတာတော့ မရှိဘူးလို့ စစ်အုပ်စုက ဆိုပါတယ်။

စစ်အုပ်စုဟာ ဖေဖေါ်ဝါရီ ၃ရက် မနက်ပိုင်းက မုံရွာမြို့၊ ပညာရေးကောလိပ် (TTC) အနီး သာစည်လမ်းပေါ် မောင်းနှင်သွားလာနေတဲ့ အိမ်စီးကားကို ပတ်ကင်း၊ လှည့်ကင်းကား သုံး၊လေးစီးနဲ့ နောက်ကနေ တရစပ် လိုက်လံ ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်ပြီး လမ်းသွားလမ်းလာတွေကိုပါ ပစ်ခတ်ခဲ့တာလို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
သာစည်လမ်း၊ TTC အနီးကနေ သာစည်လမ်း မီးပွိုင့်အထိ လိုက်လံ ပစ်ခတ်ခဲ့တာဖြစ်ပြီး အဲ့ဒီ ပစ်ခတ်မှုကြောင့် လမ်းဘေး အမှိုက်ကောက်နေတဲ့ ကလေးငယ်တစ်ဦး၊ သုံးဘီးမောင်းသူ လင်မယားနှစ်ဦးနဲ့ လမ်းသွားလမ်းလာ အရပ်သားပြည်သူတွေလည်း သေနတ်ထိမှန်ပြီး ငါးဦးခန့် သေဆုံးသလို ငါးဦးခန့် ဒဏ်ရာရပြီး လမ်းသွားလမ်းလာ ကား၊ ဆိုင်ကယ်နဲ့ သုံးဘီးတချို့လည်း ကျည်ထိမှန်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ကားကို လိုက်ပစ်ရင်း TTC အမှိုက်ပုံဘေးက အမှိုက်ကောက်တဲ့ ကလေးတစ်ယောက်က ပွဲချင်းပြီး သေတယ်၊ သုံးဘီးသမား တစ်ယောက် ခေါင်းမှန်တာ၊ သူ့မိန်းမက ဒဏ်ရာရသွားတာ၊ တခြား သုံး၊လေး ယောက်လောက် သေတယ်လည်း ကြားတယ်” လို့ ဖြစ်စဉ်ကို သိရှိတဲ့ မုံရွာမြို့ခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုက မုံရွာ TTC အနီးကနေ သာစည်လမ်း မီးပွိုင့် အထိ လမ်းတလျှောက်လုံး တရစပ် ရမ်းကား ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“စစ်သားတွေက ကားဘီးတွေ အရင်ပစ်တာ၊ တလမ်းလုံး ပစ်လိုက်သွားတာပဲ၊ တကယ့် စစ်ကားထဲက လိုပဲ၊ လမ်းဘေး ရပ်ထားတဲ့ ကားတွေလည်း အကုန်ထိတာပဲ၊ မှန်တွေကွဲကုန်တာ၊ ကျုပ်တို့လည်း ဘေးကပ်နေရတာ” လို့ မြို့ခံပြည်သူတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက အဓိကပစ်မှတ်ထားကာ လိုက်လံပစ်ခတ်တဲ့ အိမ်စီးကားဟာ ပြည်ထောင်စုလမ်းနဲ့ သာစည်လမ်းထောင့်၊ သာစည်လမ်းမီးပွိုင့်အနီးမှာ ထိုးရပ်သွားတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ သူတို့ အဓိက ပစ်မှတ်ထား ပစ်ခတ်ခဲ့တဲ့ အဖြူရောင် အိမ်စီးကားကို ကရိတ်နဲ့သယ်ကာ ဆည်မြောင်းရုံးထဲ ယူဆောင်သွားသလို လမ်းသွားလာရင်း ကျည်ထိမှန် သေဆုံးတဲ့ သုံးဘီးမောင်းသူရဲ့ သုံးဘီး ကိုလည်း ကရိန်နဲ့ လာတင်ယူသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အိမ်စီးကားပေါ်ပါသူတွေဟာ PDF ဟုတ်၊မဟုတ် MFP အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
၂၀၂၃ အောက်တိုဘာလကလည်း အဲ့ဒီ မုံရွာ TTC ကျောင်းအနီး သာစည်လမ်းပေါ် သွားလာနေသူတွေကို TTC ကျောင်းဝင်ပေါက်မှာ ဂိတ်ဖွင့်ငွေညှစ်နေတဲ့ စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်လို့ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၀ ကျော်အရွယ် ဇနီးမောင်နှံ သေဆုံးခဲ့ပါသေးတယ်။
စစ်အုပ်စုဟာ မုံရွာမြို့အနှံ့ ဂိတ်တွေဖွင့်ကာ လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးတာ၊ လက်နက်ပြ မိုက်ကြေးခွဲတာ၊ စိတ်ထင်တိုင်း ပစ်ခတ်သတ်ဖြတ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။


မုံရွာ သာစည်လမ်းမှာ အိမ်စီးကားတစ်စီးကို စစ်အုပ်စုက လိုက်လံပစ်ခတ်ပြီးနောက် ကားပေါ်ပါသူ လူငယ်ကို ပစ်သတ်ခဲ့စဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



