မြင်းမြံမှာ စစ်အုပ်စု ရန်ကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာ လိုအပ်နေ၊
MN/MFP၊ ဖေဖော်ဝါရီ – ၅
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပြီး စားသောက်နေထိုင်ရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
မြင်းခြံနယ် ပတ္တာ၊ နတ်ညွှန်း၊ ဒါးကျွန်း၊ သဲဖြူဝ၊ ပြည်တော်သာ၊ တန်ဆောင်း၊ သင်္ဘောတင်၊ ဒေါင့်သစ်၊ လေးဖြတ်ခုံ၊ အောင်ပြည်စိုး၊ ရွှေညောင်ပင် စတဲ့ ကျေးရွာ ၁၅ ရွာကျော်က ထောင်သောင်းချီတဲ့ ပြည်သူတွေဟာ လွန်ခဲ့တဲ့တစ်လကျော် ဇန်နဝါရီကတည်းက စစ်အုပ်စု ရန်ကြောင့် စစ်ဘေးရှောင် ထွက်ပြေးနေကြရတာ ဖြစ်ပြီး မြစ်ရိုးတလျှောက် သောင်ပြင်တွေမှာ ဖြစ်သလို နေထိုင်ကြရကာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ စောင်၊ အနွေးထည်၊ ဆေးဝါး စတာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
အတုအယောင် ရွေးကောက်ပွဲ အကြောင်းပြကာ ပြီးခဲ့တဲ့ ဇန်နဝါရီလက စတင်ပြီး အခု ဖေဖော်ဝါရီ ၅ ရက်ထိ မြင်းခြံနယ် အနောက်ခြမ်းရှိ ကျေးရွာတွေကို စစ်အုပ်စုနဲ့ နဲ့ စစ်အုပ်စု လက်သပ်မွေးထားတဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။
မြင်းခြံနယ်ခံ စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ကိုင်းတိုင်း မြောင်နယ်နဲ့ မကွေးတိုင်း ရေစကြိုနယ်ထဲ ထွက်ပြေး ခိုလှုံနေရသလို တချို့ကလည်း ဧရာဝတီ မြစ်ရိုးတလျှောက် သောင်ခုံတွေနဲ့ ကိုင်းတောတွေထဲ ဖြစ်သလို နေထိုင်နေကြတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
“အရင်တစ်ပတ်က စစ်ကြောင်းထိုးလာတုန်းက ဧရာဝတီမြစ် အနောက်ဖက်ကမ်းကို သွားပြီးတော့ ရှောင်ကြတယ်။ အခု တစ်ကြိမ် စစ်ကြောင်းထိုးလာချိန်မှာတော့ ကျွန်းခုံတွေ၊ သဲသောင်ပြင်တွေနဲ့ ကိုင်းတောတွေ ထဲမှာ ရှောင်နေကြရတယ်။ တချို့ကတော့ မြို့ပေါ်တက် ရှောင်ကြတယ်။ တချိုကျတော့ ရှောင်စရာနေရာ မရှိသလို မြစ်ကူးဖို့ကလည်း စက်လှေမရှိတော့ အဆင်ပြေသလို ရှောင်နေရတာ။ အခုက သောင်ပြင်မှာက ဆောင်းနေဆိုပေမဲ့ နေ့လယ်ပိုင်းဆိုရင် တအားကိုပူတာ။ တချို့ စစ်ရှောင်တွေ နေမကောင်း ဖြစ်ကြတာတွေလည်း ရှိတယ်။ စစ်ရှောင်ပြည်သူတွေက စားနပ်ရိက္ခာက အခက်အခဲ ရှိတယ်။ ဘေးနားက ရွာတွေကလည်း မီးရှို့ခံထားရတော့လေ။ စစ်ကြောင်းထွက်သွားရင်ကို အိမ်ပြန်ဖို့က သစ်၊ဝါး ဝယ်ဖို့က အဆင်မပြေဘူး။ မီးရှို့သွားလို့ ကျန်ခဲ့တဲ့ ပြာတွေ ရှင်းရမှာနဲ့ အခက်ခဲတွေက အများကြီးပဲ”
လက်ရှိမှာ စစ်ဘေးရှောင်ပြည်သူတွေဟာ ဧရာဝတီမြစ်ကမ်းဘေး သဲသောင်တွေနဲ့ ကျွန်းခုံတွေပေါ်၊ မြောင်နယ်နဲ့ ရေစကြိုနယ် ရေလယ်ကျွန်းဒေသတွေမှာ ထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ စတဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ဆိုပါတယ်။
စစ်အုပ်စုဟာ ဖေဖေါ်ဝါရီ ၄ရက် မနေ့က မြင်းခြံနယ် အနောက်ခြမ်းရှိ နတ်ညွှန်း၊ ဒါးကျွန်း (တောင်ရွာနဲ့ မြောက်ရွာ)၊ တန်ဆောင်း၊ ပြည်တော်သာ စတဲ့ ကျေးရွာ ငါးရွာကို တစ်နေ့တည်း မီးရှို့ ဖျက်ဆီးရာ အိမ်ခြေ ထောင်နဲ့ချီ ပြာကျပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း မြင်းခြံနယ် ပတ္တာရွာ(အရှေ့-အနောက်)ရှိ စာသင်ကျောင်း နှစ်ကျောင်းနဲ့ နေအိမ် ၂၇၇ လုံး၊ နတ်ညွှန်းရွာရှိ နေအိမ် ၆၂ လုံး၊ စုစုပေါင်း အိမ်ခြေ ၃၀၀ ကျော်ကို စစ်အုပ်စုက မီးရှို့ ဖျက်ဆီးပြီး ငါးတန်းကျောင်းသူ ကလေးငယ် အပါအဝင် ဒေသခံတချို့ကို ဖမ်းဆီး၊ သတ်ဖြတ် ခဲ့ပါသေးတယ်။
မြင်းခြံနယ်ထဲ စစ်အုပ်စု ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ စစ်ဘေးရှောင် ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – မင်းစစ်နိုင်
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



