မကွေးသတင်း

ပခုက္ကူ ကမ္မမြို့စျေးကို စစ်အုပ်စု လက်နက်ကြီး ထုလို့ ပြည်သူအမျိုးသမီး သေဆုံး၊ တစ်ဦး ဒဏ်ရာရ၊

စစ်အုပ်စု စစ်ကြောင်းထိုး၊ မီးရှို့နေလို့ ဒေသခံပြည်သူ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရ၊

အီသာရမ်/MFP ၊ ဖေဖော်ဝါရီ-၉

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့စျေးကို အာဏာသိမ်း စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးကာ တစ်ဦး အပြင်းအထန် ဒဏ်ရာရပြီး စစ်အုပ်စု ရန်ကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၉ ရက် ဒီနေ့ မနက် ၇ နာရီခန့်မှာ ကမ္မမြို့ရဲစခန်းထဲကို ရောက်နေတဲ့ စစ်အုပ်စုက လက်နက်ကြီးနဲ့ ရမ်းကားပစ်တာကြောင့် ကမ္မဈေးအနီး ကျရောက်ပေါက်ကွဲကာ အသက် ၄၅ ဝန်းကျင် ပြည်သူ အမျိုးသမီးတစ်ဦး နေရာမှာပဲ သေဆုံးသွားပြီး နောက်ထပ် အမျိုးသမီးတစ်ဦး ဒဏ်ရာရကာ ထိခိုက်မှု ပြင်းထန်တယ်တယ်လို့ ကမ္မဒေသခံတစ်ဦးက ပြောပါတယ်။

“အမျိုးသမီးတွေပဲ နှစ်ယောက်ကို တစ်ယောက်က သေပြီး တစ်ယောက်က ထိခိုက်တာ‌ပေါ့၊ ထိခိုက်တာဆို များတယ်၊ ဒဏ်ရာပြင်းထန်တယ် ပြောရမှာ၊ ဈေးထဲမှာ ဆိုင်ရှိတော့ သွားကြည့်တာမျိုးကို ဖြစ်သွားတာပေါ့ဗျာ၊ နေအိမ်တွေကလည်း ဆက်တိုက် မီးရှို့ခံနေရတာ”

ကမ္မမြို့ကို စီးနင်းကာ မီးရှို့၊ ပစ်ခတ်၊ ပြည်သူကို ရန်ပြုနေတဲ့ စစ်အုပ်စုဟာ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တောင်ပိုင်းရှိ တွင်းမရွာ ပျူစောထီးစခန်းကနေ ပြန်လှည့်လာတဲ့ အဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ တွင်းမရွာပျူစခန်းရှိ ပျူစောထီးတွေနဲ့ ပူးပေါင်းကာ အိုရင်းကျေးရွာ၊ ဇီးတောကျေးရွာတို့ကို စီးနင်းလုယက် မီးရှို့ခဲ့ပြီး မီးမရှို့မီ အိုရင်းကျေးရွာ ဘုန်းကြီးကျောင်းကို ဖောက်ထွင်းကာ ဆန်၊ဆီစတဲ့ တွေ့သမျှ စားနပ်ရိက္ခာတွေ လုယက်ပြီးနောက် တွင်းမရွာ ပျူစခန်းအတွက် ရိက္ခာစုဆောင်းပေးကာ ဖေဖော်ဝါရီ ၃ ရက်မှာ ကမ္မမြို့ထဲ ပြန်ဝင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ကမ္မမြို့ကို စီးနင်းထားတဲ့ တစ်ပါတ်တာအတွင်း ကမ္မမြို့ပေါ်ရှိ နေအိမ်တွေကို ထင်တိုင်းကျဲ ဖောက်ထွင်းလုယက်နေပြီး နေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးထားပြီး ဖြစ်သလို အခုလို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် ကမ္မမြို့လုံးကျွတ်၊ မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်မှာ နေထိုင်ကြတဲ့ သောင်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်အုပ်စုဟာ ယခုရက်ပိုင်း ကမ္မမြို့နဲ့ တွင်းမရွာ ပျူစခန်းအနီးက ကျေးရွာတွေကို ဖောက်ထွင်းလုယက်ကာ ရိက္ခာစုဆောင်းသလိုမျိုး မကွေးတိုင်းထဲရှိ ပျူစခန်းနဲ့ စစ်စခန်းတွေအတွက် ဒေသတွင်းရှိ မြို့၊ရွာတွေကို စီးနင်းကာ ဖောက်ထွင်းလုယက်၊ မီးရှို့ပြီး ရိက္ခာစုဆောင်းတာတွေ လုပ်နေတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

ကမ္မမြို့ပေါ် တစ်နေရာနဲ့ ပခုက္ကူနယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုး၊ မီးရှို့၊ ရိက္ခာရှာနေလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ရစဉ်/Photo – မြိုင် ဒေါင်းမင်း

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button