စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ကလေးနယ်တောင်ပိုင်း စစ်ရှောင်‌ ၁၀,၀၀၀ ကျော် အစားအသောက်နဲ့ ဆေးဝါး ပြတ်လပ်မှု ကြုံနေ၊

စားဝတ်နေရေး ခက်ခဲလို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက်ကာ သေဆုံး၊

ရွှေဥ/MFP၊ ဖေဖေါ်ဝါရီ – ၁၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာ စစ်အုပ်စု စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ဒေသခံ ၁၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေကြရတာ ငါးလကျော် ကြာရှိလာပြီး အစားအသောက် နဲ့ ဆေးဝါး ပြတ်လပ်မှု ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင် အကူအညီပေးသူတွေနဲ့ ဒေသခံတွေက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက စတင်ကာ စစ်အုပ်စု စစ်ကြောင်းထိုးလို့ ကလေးမြို့နယ် တောင်ပိုင်းရှိ ထိုမာ၊ နတ်‌ချောင်း၊ နတ်မြောင်း၊ ထောက်ကြံ့၊ ချောင်းခွ၊ ရေစို၊ ဟားခါးလေး၊ ကြံသာ၊ ကျော်ရွာ၊ ငါးဖား၊ အောင်ချမ်းသာ၊ မှန်တော၊ ရွာစည် ရွာသာ၊ စီးဟောင်၊ သုံးအိမ်စု၊ လေးအိမ်စု၊ စက္ကန့်၊ ‌ကုက္ကိုလ်၊ တင်သား၊ ရှေရှင်၊ သာယာကုန်း စတဲ့ ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင် ထွက်ပြေးပြီး တောင်တောင်အတွင်း နေထိုင်နေကြရတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ကလေးမြို့နယ် တောင်ပိုင်း ကူးသန်းသွားလာရေးအတွက် အဓိကကျတဲ့ လမ်းတွေကို ကန့်သတ်ပိတ်ဆို့ ထားသလို နတ်ချောင်း၊ နတ်မြောင်း၊ ထောက်ကြံ့၊ ထိုမာ၊ ဇင်ကလင်းနဲ့ အဖွဲ့စက် စတဲ့ ကျေးရွာတွေအတွင်း အထိုင်ချ တပ်စွဲထားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ရန်ကြောင့် ဒေသခံ ပြည်သူတွေ နေရပ်မပြန်နိုင်ဘဲ တောတောင်အတွင်း စစ်ဘေးရှောင် နေထိုင်ရတာ ငါးလကြာပြီ ဖြစ်သလို ကူးသန်းသွားလာရေး ကန့်သတ်ပိတ်ဆို့ခံထားရတာကြောင့် အစားအသောက်နဲ့ ဆေးဝါးပြတ်လပ်မှု ကြုံနေရတာလို့ ကိုယ်တိုင် စစ်ဘေးရှောင်နေရသူတစ်ဦးက ပြောပါတယ်။

“နတ်ချောင်း(ရွာ)မှာက စစ်တပ်ရှိတယ်။ ထောက်ကြန့်မှာလည်း ရှိတယ်။ ကားလမ်းမကြီးဘေးက ရွာတွေ အားလုံး ရှောင်ကြရတယ်။ အခုထိ သွားလာလို့ မရဘူး “

တောတောင်အတွင်း စစ်ဘေးရှောင် နေထိုင်ကြရသူတွေထဲက မိသားစု ၃၀ ကျော်ဟာ ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံ အစားအသောက်တွေ ပြတ်လပ်နေပြီး ငွေကြေးချေးငှားကာ ဝမ်းရေးဖြေရှင်းနေရတယ်လို့ စစ်ရှောင်အရေး အကူအညီပေးသူ ကိုသူရှိန်ဇင်က ပြောပါတယ်။

“အခုကာလကတော့ ပဲသိမ်းကာလပေါ့၊ မိုးရာသီ စားထားတဲ့ ဆန်ဖိုးကို ပဲသိမ်းပြီး လုပ်အားနဲ့ ပြန်ဆပ်နေရတယ်။ အရင်နှစ်ကထက် ပိုဆိုးလာတာပေါ့။ ကလေး၊ ထိုမာ၊ နတ်ချောင်းကြားမှာ ရှိတဲ့ ဆန်စပါး အများစုက ‌စစ်တပ်က စစ်ကြောင်းထိုးပြီး ဝင်ရောက် သိမ်းဆည်းတာတွေ၊ မီးရှို့ ဖျက်ဆီးတာတွေ လုပ်တယ်။ အဲ့ဒီအတွက် ဆန်စပါး ပြတ်လပ်မှု ကြုံနေတယ်”

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စပါးစိုက်ခင်းတွေ ရင့်မှည့်လို့ ရိတ်သိမ်းချိန်ကျပေမယ့် ဒေသခံတွေ အနေနဲ့ စစ်ဘေးရှောင်နေရလို့ မရိတ်သိမ်းနိုင်တာမျိုး ရှိခဲ့သလို စစ်အုပ်စုက စပါးခင်းတွေ မီးရှို့တာ၊ လုယက်ခိုးယူ ရိတ်သိမ်းတာ၊ ငွေပေးမှ စပါးရိတ်ခွင့်ပြုတာမျိုးတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ကလေးနယ်တောင်ပိုင်း ကုန်စျေးနှုန်းတွေလည်း မြင့်တက်နေပြီး ဆန်တစ်တင်းကို ၅၀,၀၀၀ ကျပ်၊ နေရာထိုင်ခင်းအတွက် ၁၈ပေ ပတ်လည် မိုးကာတစ်ချပ်ကို ၁၀၀,၀၀၀ ကနေ ၁၂၀,၀၀၀ ကျပ်အထိ စျေးပေါက်နေပြီး စစ်ဘေးရှောင်ပြည်သူတွေ အနေနဲ့ စားသောက်ရေး အပါအဝင် နေရာထိုင်ခင်းက အစ ခက်ခဲနေတယ်လို့ အကူအညီ ပေးသူတွေက ပြောပါတယ်။

ဒီလို ဝမ်းရေးခက်ခဲနေတာကြောင့် ဖေဖော်ဝါရီ ၁၀ရက်က ကုက္ကိုလ်ကျေးရွာနေ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦး ပိုးသတ်ဆေးသောက်ကာ သေဆုံးမှု ဖြစ်ခဲ့တယ်လို့ ကုက္ကိုလ်ရွာခံ တစ်ဦးက ပြောပါတယ်။

“အရင်က ဒီလိုတွေ မရှိဘူးပါဗျာ။ လူမှုရေးတွေကော၊ အကြွေးတွေကော၊ အစုံပါပဲ။ အဓိက ဖြစ်တာက တော့ တစ်ရက်စာ ထမင်းတောင် ဗိုက်ဝအောင် ရှာစားရတာက တော်တော်ဆိုတော့ အခုလို ဖြစ်လာကြတာပဲ “

ဒါ့အပြင် တောတောင်အတွင်း နေထိုင်နေသူတွေထဲက မြစ်တွေ၊ချောင်းတွေနဲ့ အဝေးမှာ နေထိုင်ကြရတဲ့ အင်းကျွန်း၊ ‌‌‌ရေရှင်၊ ကျောက်ပြုတ် စတဲ့ ကျေးရွာတွေက စစ်ဘေးရှောင် ၁၀၀၀ ကျော်ဟာလည်း သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေရပြီးတော့ ရွံနွံပါတဲ့ ရေကို သန့်စင်ကာ သောက်သုံးနေရတယ်လို့ စစ်ရှောင် အကူအညီပေးသူ ကိုသူရှိန်ဇင်က ပြောပါတယ်။

ကလေးမြို့ နယ်မှာတော့ အာဏာသိမ်း ကာလ ငါးနှစ်ကျော်အတွင်း စစ်အုပ်စု မီးရှို့ဖျက်ဆီးလို့ ‌ကျေးရွာ  ၄၀ ကျော်က စာသင်ကျောင်းနဲ့ ဘုရားကျောင်းတွေ အပါအဝင် အိုးအိမ် အဆောက်အအုံ ၅,၇၉၀ ကျော် ပြာကျခဲ့ပြီး စစ်ဘေးရှောင်နေရသူ ၇၀,၀၀၀ ကျော် ရှိတယ်လို့ ကလေးမြို့ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက  ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်တွေကို တွေ့မြင်ရစဉ်/Photo- ပေးပို့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button