ပုလဲနယ်ကို စစ်အုပ်စုက ယခု ညပိုင်း ဗုံးထပ်ကြဲ၊

မနေ့နဲ့ ဒီကနေ့ နှစ်ရက်အတွင်း စစ်အုပ်စုက ပုလဲနယ်ကို လေးကြိမ် ဗုံးကြဲခဲ့၊
သုထက်/MFP၊ ဖေဖေါ်ဝါရီ – ၁၈
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အခြေပြု ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA ခေါင်းဆောင် ဗိုလ်နဂါး ဒီကနေ့ ညနေပိုင်းအချိန် အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ အလင်းဝင်ပြီးနောက် ညပိုင်းမှာ စစ်အုပ်စုက ပုလဲနယ်ကို ဗုံးပတ်ကြဲခဲ့တယ်လို့ ေးသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဖေဖေါ်ဝါရီ ၁၈ရက် ဒီကနေ့ ည ၈နာရီခွဲဝန်းကျင်အချိန် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က တက်လာတဲ့ ပါရာမော်တာ (Paramotor – စက်တပ်လေထီး) တစ်စီးနဲ့ ပုလဲနယ်ကို စစ်အုပ်စုက ဗုံးကြဲတာလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ပုလဲနယ်ကို နှစ်ရက်ဆက် ဗုံးကြဲတာ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ရက် မွန်းလွဲ ၁နာရီခန့်က ပါရာမော်တာ နှစ်စီးနဲ့ တစ်ကြိမ်၊ ည ၁၀နာရီခွဲကျော်အချိန် ဂျိုအိုကော်ပရာ (Gyrocopter)နဲ့ တစ်ကြိမ်၊ ဖေဖေါ်ဝါရီ ၁၈ ရက် ဒီကနေ့ ညနေ ၄နာရီခွဲမှာ ပါရာမော်တာ နှစ်စီးနဲ့ တစ်ကြိမ်၊ ည ၈ခွဲမှာ ပါရာမော်တာ တစ်စီးနဲ့ တစ်ကြိမ်၊ စုစုပေါင်း လေးကြိမ် ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
ပုလဲနယ်ရှိ BNRA ဂိတ်စခန်းတွေကို တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်၊ သိမ်းယူပြီးချိန်တွေမှာ စစ်အုပ်စုက ဗုံးလာကြဲတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဂိတ်တွေကို စီးနင်းပြီးချိန် ကာကွယ်ရေးတပ်တွေ စိုးမိုးချိန်မှာ ပါရာမော်တာ၊ ဂျိုင်အိုကော်ပရာတွေ လာပြီး လေကြောင်း တိုက်ခိုက်တယ်။ အစကတည်းက စကစ အဆက်အသွယ် လုပ်နေတယ်လို့ ပြောနေကြတာ၊ အခုလို နဂါးအလင်းဝင်သွားတော့ အဖြေက ရှင်းသွားတာပေါ့”
NUG တပ်တွေက BNRA ဂိတ်စခန်းတွေကို စီးနင်းတိုက်ခိုက်၊ ပိတ်ဆို့ထားချိန် BNRA ရဲ့ အဓိက ခေါင်းဆောင်တွေကို ဖမ်းမိတာ၊ အလင်းဝင်တာတွေ ရှိပြီး ဗိုလ်နဂါး ကိုယ်တိုင်လည်း ဒီကနေ့ ညနေပိုင်း အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ အလင်းဝင်တာ ဖြစ်ပြီး စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ လာခေါ်ထုတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ အလင်းဝင်တဲ့ BNRA ခေါင်းဆောင် ဗိုလ်နဂါး/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



