ဆားလင်းကြီးမှာ ရှင်ပြုအလှူလုပ်မဲ့ ဆန်၊ဆီတွေ စစ်အုပ်စု လုယက်ကာ တရုတ်ကြေးနီစက်ရုံထဲ သယ်ယူ၊
ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးလို့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရ၊

သုထက်/MFP၊ ဖေဖေဓဝါရီ – ၁၉
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ပိုင် မြန်မာဝမ်ပေါင် ကြေးနီစီမံကိန်းထဲကနေ အာဏာသိမ်း စစ်အုပ်စု အင်အား ၁၀၀ လောက်နဲ့ အနီးဝန်းကျင် ကျေးရွာတွေကို စစ်ကြောင်းထိုး ရန်ပြုတာကြောင့် ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဖေဖေါ်ဝါရီ ၁၈ရက် မနေ့က ညနေပိုင်းက စတင်ကာ တရုတ်ဝမ်ပေါင်ကုမ္ပဏီအနီး ကျေးရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုး စီးနင်းလုယက်နေတာလို့ ဆိုပါတယ်။
“ဘာကြောင့် စစ်ကြောင်းထိုးတာလဲတော့ သေချာ မသိဘူး၊ နယ်မြေအတွင်း (PDF) စခန်းတွေ ရှာတဲ့ သဘောလား မသိဘူး၊ ဝမ်ပေါင် – ယန်စီ (တရုတ်ပိုင်ကြေးနီစက်ရုံတွေ) အနီးက ရွာတွေစီ ပတ်နေတာ” လို့ ဒေသခံ အသက်၄၅နှစ်အရွယ် အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ ဖေဖေါ်ဝါရီ ၁၆ရက်မှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကတဆင့် ပွိုင့်ဖိုက် လက်နက်ပါ ကားတစ်စီးနဲ့ သံပြားကာ ကားသုံးစီးတို့ နဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီထဲ အင်အား ဖြည့်ပြီးနောက် ဖောင်းကားတောင်ရွာကို စီးနင်းလုယက်ကာ ကျေးရွာ ဘုန်းကြီးကျောင်းထဲ စီးနင်းအထိုင်ချ တပ်စွဲခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ဖေဖော်ဝါရီ ၁၇ရက်မှာ မိုးကြိုးပြင်တောင်ရွာကို ဆက်လက် စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်း၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးပြီးနောက် ရွေ ငါးကျပ်သား၊ သားရှင်ပြုအလှူပွဲ ကျင်းပဖို့ စုဆောင်းနေတဲ့ အိမ်တစ်အိမ်ကနေ ဆီပုံးနဲ့ ဆန်အိတ်တွေ ဖောက်ထွင်းခိုးယူ လုယက်ကာ ဖေဖေါ်ဝါရီ ၁ရက် ညနေပိုင်းမှာ ခိုးရာပါ ပစ္စည်းတွေကို ကားလေးစီးနဲ့ တင်ပြီး တရုတ်ဝမ်ပေါင် ကုမ္ပဏီထဲ သယ်ထုတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နမခ က လာတဲ့ စစ်အုပ်စုဟာ တရုတ်ဝမ်ပေါင်ကုမ္ပဏီကို အခြေပြုပြီး ဒေသတွင်း ရွာစဉ်ပတ်မွှေ စီးနင်းကာ ဖောက်ထွင်းလုယက်၊ ခိုးယူပြီး ခိုးရာပါ ပစ္စည်းတွေကို တရုတ်ဝမ်ပေါင်ကုမ္ပဏီထဲ သယ်ယူ စုဆောင်းနေတာလို့ ဆိုပါတယ်။
“နမခက လာတဲ့ အင်အားအတိုင်း စစ်ကြောင်းထိုးနေတာ၊ ဒီမနက် ကားတွေက ဝမ်ပေါင်ထဲကနေ ယန်စီဘက်ဝင်၊ ဖောင်းကား(ရွာ)က ခြေလျင်စစ်ကြောင်းက ယန်စီထဲ ပူးပေါင်းပြီး တယ်ပင်ကန်ရွာကို ဝင်မွှေနေတယ်” လို့ အထက်ပါ အမျိုးသားက ထပ်မံ ပြောဆိုပါသည်။
တရုတ်ဝမ်ပေါင်ကုမ္ပဏီအနီးဝန်းကျင် ရွာစဉ်ပတ်မွှေနေတဲ့ စစ်အုပ်စုဟာ ဒီကနေ့ ညနေပိုင်းမှာတော့ တယ်ပင်ကန်ရွာကို စီးနင်းထားသလို သေနတ်တွေ ရမ်းကားပစ်ခတ်ပြီးနောက် ရာဇကျော်ရွာဘက်လည်း ဦးတည် စစ်ကြောင့်ထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စု ရန်ကြောင့် မိုးကြိုးပြင် (တောင်၊အလယ်နဲ့မြောက်)၊ ဖောင်းကား (တောင်)၊ ဝါးတန်း၊ တယ်ပင်ကန်၊ ရာဇကျော် စတဲ့ ကျေးရွာတွေက ပြည်သူ ၅,၀၀၀ ကျော် စစ်ဘေးရှောင် နေကြရတယ်လို့ ဆိုပါတယ်။


ယင်းမာပင် – ဆားလင်းကြီးနယ် တရုတ်ကြေးနီစီမံကိန်း ပတ်လည် ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စီးနင်းကာ ဖောက်ထွင်းလုယက်၊ ခိုးယူပြီး ရန်ပြုနေလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



