မန္တလေးသတင်းအညာမြေ တော်လှန်ရေး

တကောင်းမြို့ ပြန်ရရေး ကြိုးစားတဲ့ စစ်အုပ်စု ရွာငါးရွာ သိမ်းယူနိုင်ကာ ရှေ့တိုးလာနိုင်၊

လေယာဉ်၊ ဒရုန်းနဲ့ ဗုံးကြဲလို့ ကြာညှပ်၊ တကောင်း စတဲ့ မြို့ရွာတွေက ပြည်သူတွေ ထွက်ပြေးနေရ၊

ထင်လင်း/MFP၊ ဖေဖေါ်ဝါရီ – ၂၆

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မြောက်ဘက်ခြမ်း၊ တကောင်းမြို့ဘက်ကို ဦးတည်ကာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ အချိန်သုံးပတ်အတွင်း မန္တလေး-တကောင်း-ဗန်းမော် ကားလမ်း ပေါ်က ကျေးရွာ ငါးရွာအထိ သိမ်းယူနိုင်ကာ ၁၀မိုင်ခန့် ခရီးပေါက်လာတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၆ရက်မှာ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာအနီးရှီ တတက ၁၃ ခေါ် အမှတ် ၁၃ စစ် တန်းမြှင့်လေ့ကျင့်ရေးကျောင်းကနေ အင်အားအလုံးအရင်းနဲ့ တကောင်းမြို့ ပြန်ရရေး ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာ ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်းကို အဓိကအသုံးပြု တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ဖေဖေါ်ဝါရီ ၂၅ရက် မနေ့က တွင်းငယ်ရွာနဲ့ ၁၀မိုင်ခန့်အကွာ၊ တကောင်းမြို့နဲ့ မိုင် ၂၀ခန်ွှ အကွာရှိ သီးကုန်းနဲ့ ဝါးရုံကုန်းကျေးရွာတွေကို ပြန်လည် သိမ်းယူနိုင်သွားပြီး ရက်သတ္တသုံးပတ်အတွင်း ၁၀ မိုင်လောက် ရှေ့တိုးလာနိုင်ခဲ့တာလို့ ဆိုပါတယ်။

“ဝါးရုံကုန်းမှာပဲ ရှိသေးတယ်” လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။

စစ်ရှုံးထားတဲ့ တကောင်းမြို့ ပြန်ရရေးအတွက် စစ်အုပ်စုက အင်အားသုံး စစ်ကြောင်းထိုးလို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက တွင်းငယ်ရွာ၊ ဖေဖော်ဝါရီ ၁၄ရက်မှာ တွင်းငယ်ရွာရဲ့ မြောက်ဘက် နှစ်မိုင်ခန့်အကွာရှိ ရှားတောကျေးရွာ၊ ဖေဖော်ဝါရီ ၂၁ရက်မှာ နောက်ထပ် လေးမိုင်ခန့် ရှေ့တိုးနိုင်ကာ ရွှေကျွန်းပင်ကျေးရွာ၊ ဖေဖေါ်ဝါရီ ၂၂ရက်မှာ နောက်ထပ် နှစ်မိုင် ရှေ့တိုးနိုင်ကာ ပေါက်တပင်ကျေးရွာနဲ့ ဖေဖေါ်ဝါရီ ၂၅ရက်မှာ သီးကုန်းနဲ့ ဝါးရုံကုန်းကျေးရွာတွေကို သိမ်းယူသွားတာလို့ ဆိုပါတယ်။

လက်ရှိမှာ ဝါးရုံကုန်းရွာတဝိုက် တိုက်ပွဲ ပြင်းထန်နေပြီး စစ်အုပ်စုက လေကြောင်း ဗုံးကြဲ ပစ်ကူနေသလို ဒရုန်းနဲ့ ဗုံးကြဲကာ ရှေ့တိုးနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

တကောင်းမြို့ပြန်ရရေး စစ်အုပ်စုက ထိုးစစ်ဆင်ရာမှာ မန္တလေးဘက်ကနေ စစ်ကူတွေ ဆက်တိုက် ပို့လွှတ်နေသလို နည်းပညာမြင့် ဒရုန်းတွေ အများအပြား အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

စစ်အုပ်စုဟာ မြေပြင်စစ်ကြောင်းမရောက်မီ ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးပတ်ကြဲသလို လက်နက်ကြီးထု၊ လေကြောင်း ဗုံးကြဲတာတွေကြောင့် ဒေသခံအရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ရှိပြီး စစ်အုပ်စု ရန်က လွတ်ဖို့ မန္တလေး-ဗန်းမော် လမ်းကြောပေါ်ရှိ ရွှေစကာ၊ မြင်သာ၊ ကြာညှပ်၊ မင်းကုန်းစတဲ့ ကျေးရွာတွေနဲ့ တကောင်းမြို့ခံတွေ အပါအဝင် သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ကြိုတင် စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေကြပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိ အခြေအနေအရ စစ်အုပ်စု စစ်ကြောင်းဟာ မကြာခင်ရက်ပိုင်း တကောင်းမြို့အထိ ရောက်လာနိုင်တယ်လို့ ဒေသခံတချို့က ခန့်မှန်းပါတယ်။

တကောင်းမြို့ကို ၂၀၂၄ ဩဂုတ်လမှာ တော်လှန်ရေးတပ်တွေက သိမ်းယူနိုင်ခဲ့ပြီး မန္တလေးတိုင်းအတွင်း တော်လှန်ရေး တပ်တွေ ထိန်းချုပ်ထားတဲ့ နောက်ဆုံး လက်ကျန်မြို့ ဖြစ်ပါတယ်။ တကောင်းမြို့အနီး တရုတ်ပိုင် နီကယ်စက်ရုံ တည်ရှိသလို တကောင်းမြို့ဟာ ဧရာဝတီမြစ်ကမ်းမှာ တည်ရှိတဲ့၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်၊ ကချင်ပြည်တွေနဲ့ နီးစပ်တဲ့၊ လမ်းပန်းဆက်သွယ်ရေး အချက်အချာကျတဲ့ မြို့လည်း ဖြစ်ပါတယ်။

သပိတ်ကျင်းမြို့နဲ့ တကောင်းမြို့အပါအဝင် သပိတ်ကျင်းမြို့နယ်ရဲ့ မြောက်ဘက်ဒေသတကြောကို အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ အမှတ် ၁ စစ်ဒေသ ဦးဆောင်တဲ့ PDF တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တွေက သိမ်းယူခဲ့တာ ဖြစ်ပြီး သပိတ်ကျင်းနယ် တောင်ဘက်ခြမ်း ဒေသကိုတော့ တအာင်းတပ် – TNLA နဲ့ မဟာမိတ်တပ်တွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF အပါအဝင် အခြား တပ်ရင်းတပ်ဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တော်လှန်ရေးတပ်တွေ အနေနဲ့ သပိတ်ကျင်းမြို့နယ် အလည်ကြောမှာ ရှိတဲ့ တတက-၁၃၊ ကျောက်ကြီးနည်းပညာတပ်၊ စခတ-၂ ခေါ် အမှတ် ၂ စစ်အခြေခံ လေ့ကျင့်ရေးတပ် စတဲ့ နေရာတွေကိုတော့ အမြစ်ပြတ် မသိမ်းနိုင်ခဲ့ဘဲ ရပ်တန့်ထားခဲ့ပါတယ်။

စစ်အုပ်စုဟာ ၂၀၂၅ နှစ်လယ်ပိုင်းမှာ တန်ပြန်ထိုးစစ်ဆင်လာနိုင်ပြီး ဇူလိုင်လမှာပဲ သပိတ်ကျင်းမြို့ကို ပြန် သိမ်းယူ နိုင်ခဲ့သလို လက်ရှိမှာ တကောင်းမြို့ကိုပါ ပြန်သိမ်းယူနိုင်ရေး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ တကောင်းမြို့ ပြန်ရရေးထက် တကောင်းမြို့အနီးရှိ တရုတ်ပိုင် နီကယ်စက်ရုံကို ပြန်သိမ်းယူနိုင်ရေး အဓိက ပစ်မှတ်ထား ထိုးစစ်ဆင်တာ ဖြစ်နိုင်ပြီး နီကယ်စက်ရုံကို ပြန်သိမ်းယူဖို့ တရုတ်က စစ်အုပ်စုကို ခိုင်းစေတာမျိုး ဖြစ်မယ်လို့ ဒေသခံတချို့က သုံးသပ်ပါတယ်။

သပိတ်ကျင်းနယ်၊ မန္တလေး – ထီးချိုင့် – ဗန်းမော် ကားလမ်းပေါ်ရှိ သီးကုန်းရွာကို ပြန်သိမ်းယူနိုင်ပြီးနောက် အောင်ပွဲခံနေတဲ့ စစ်အုပ်စု/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button