မန္တလေးသတင်းအညာမြေ တော်လှန်ရေး

သပိတ်ကျင်း ဇရပ်ကွင်းမှာ စစ်အုပ်စုက လူမနေတဲ့အိမ်တွေ ထင်တိုင်းကျဲ ဖောက်ထွင်းခိုးယူ၊

ကျပ်သိန်း ၂၀ ပေးရင် လူမရှိတဲ့အိမ်က ပစ္စည်းတွေ စိတ်ကြိုက် ခိုးယူသယ်ထုတ်ခွင့်ပြု၊

သူခိုးခိုးခံရတယ်လို့ လာတိုင်ရင် သေနတ်နဲ့ ပစ်မယ်လို့ ခြိမ်းခြောက်ထား၊

ထင်လင်း/MFP၊

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ အာဏာသိမ်း စစ်အုပ်စုက ပြန်လည် သိမ်းယူနိုင်ခဲ့ပြီးနောက် ကျေးရွာအတွင်းရှိ လူမနေတဲ့ နေအိမ်တွေကို ထင်တိုင်းကျဲ ဖောက်ထွင်းကာ တန်ဘိုးရှိ ပစ္စည်းတွေ ခိုးယူသယ်ထုတ်ခဲ့သလို ငွေကျပ် သိန်း ၂၀ ပေးနိုင်သူတိုင်းကိုလည်း ဇရပ်ကွင်းရွာထဲရှိ လူမနေတဲ့အိမ်တွေက ပစ္စည်းတွေကို စိတ်ကြိုက် သယ်ယူခွင့်ပြုထားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

သပိတ်ကျင်းနယ် တောင်ဘက်ပိုင်း၊ ရွှေတောနယ်မြေဖြစ်သလို မန္တလေး – မိုးကုတ် ကားလမ်းပေါ်ရှိ စည်ကားတဲ့ ကျေးရွာကြီးတွေ ဖြစ်တဲ့ ဇရပ်ကွင်း၊ လိပ်ကျနဲ့ ချောင်းကြီး စတဲ့ ကျေးရွာတွေကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းမှာ စစ်အုပ်စုက တန်ပြန်ထိုးစစ်ဆင် သိမ်းယူတာကြောင့် စစ်အုပ်စုရဲ့ ဖမ်းဆီးသတ်ဖြတ်မှု အန္တရာယ်က ကင်းလွတ်ရေး အဲ့ဒီကျေးရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

အဲ့ဒီ ကျေးရွာကြီးတွေကို ပြန်လည် သိမ်းယူနိုင်တဲ့ စစ်အုပ်စုဟာ နေရပ်စွန့်ခွါ ထွက်ပြေးနေတဲ့ ပြည်သူ့နေအိမ်တွေကို ဖောက်ထွင်းပြီးနောက် တန်ဘိုးရှိ ပစ္စည်းတွေကို ထင်တိုင်းကျဲ သယ်ထုတ်နေသလို ငွေကျပ်သိန်း ၂၀ ပေးနိုင်သူတိုင်းကိုလည်း လူမနေတဲ့အိမ်တွေက ပစ္စည်းတွေကို စိတ်တိုင်းကျ ဖောက်ထွင်းခိုးယူ သယ်ထုတ်ခွင့်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်း နေအိမ်ဖောက်ထွင်းခံရတယ်၊ သူခိုးအခိုးခိုးခံရတယ်လို့ လာရောက် တိုင်ကြားသူတိုင်းကိုလည်း သေနတ်နဲ့ ပစ်လွှတ်မယ်လို့ စစ်အုပ်စုက ခြိမ်းခြောက်ထားတာကြောင့် ထွက်မပြေးနိုင်တဲ့ ပြည်သူတွေဟာလည်း စစ်အုပ်စုနဲ့ အပေါင်းအပါတွေရဲ့ ဖောက်ထွင်းခိုးယူတာတွေကို ထိုင်ကြည့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

”ညအိပ်ရင် အိမ်တွေကို တံခါး မပိတ်ရဘူးပြောတယ်၊ သူခိုးလာခိုးလို့ တိုင်ရင် တိုင်တဲ့သူကို သေနတ်နဲ့ ပစ်မယ်တဲ့၊ သိန်း၂၀ ပေးရင်လည်း ကြိုက်တဲ့အိမ်က ပစ္စည်း သယ်လို့ရတယ်တဲ့”လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက မန္တလေးတိုင်းအတွင်းရှိ ရွှေတောနယ်မြေတွေဖြစ်တဲ့ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မိုးကုတ်မြို့တွေကို ပြန်လည် သိမ်းယူပြီးနောက် ကွန်ပျူတာ၊ TV၊ ရေခဲသေတ္တာ စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေနဲ့ အိမ်သုံး ပရိဘောဂတွေ အပါအဝင် တန်ဘိုးကြီး ပစ္စည်းတွေကို ကားကြီးကားငယ် အသွယ်သွယ်နဲ့ မန္တလေးမြို့ဆီ သယ်ယူကြတာ တွေ့ရပြီး ပွဲတော်ကြီးသဖွယ် ဖြစ်နေတယ်လို့ မန္တလေး – မိုးကုတ် ကားလမ်းတလျှောက် နေထိုင်သူတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တွေကို စစ်အုပ်စုက တန်ပြန် ထိုးစစ်ဆင်ချိန် မြို့ရွာတွေကို ဗုံးပတ်ကြဲလို့ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင် ထွက်ပြေးတဲ့ ပြည်သူတွေကိုလည်း စစ်အုပ်စု ထပ်မံကာ လိုက်လံ ဗုံးကြဲသတ်ဖြတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုက လိုက်လံ ဗုံးကြဲသတ်ဖြတ်နေလို့ ပြေးစရာမြေမရှိတော့ဘဲ နေရပ်ပြန်လာသူ၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုရေးအရ ရေရှည် စစ်ဘေးတိမ်းရှောင် မနေနိုင်ဘဲ နေရပ်ပြန်လာသူတွေကို စစ်အုပ်စုက သူတို့ သိမ်းပိုက်လိုက်တဲ့ နယ်မြေထဲ ပြန်လည် နေထိုင်ခွင့်ပြုပြီး ရွာဝင်ကြေးအဖြစ် ငွေတောင်းတာ၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ လုပ်သလို တခြားတဖက်ကနေလည်း ဆေးရုံတွေပြန်ဖွင့်၊ ကျောင်းတွေ ပြန်ဖွင့်ပြီး စည်းရုံးရေးဆင်းနေတာလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇရပ်ကွင်းကျေးရွာကို ပြန်လည် သိမ်းပိုက်ပြီးနောက် ထင်တိုင်းကျဲ ဖောက်ထွင်းလုယက်၊ ခိုးယူ၊ ငွေပေးနိုင်သူကို ခိုးယူခွင့်ပေးထားတဲ့ စစ်အုပ်စုဟာ ယခုရက်ပိုင်း ဇရပ်ကွင်းရွာ တိုက်နယ်ဆေးရုံကို ပြန်ဖွင့်ထားပြီး အခမဲ့ ဆေးကုပေးမယ်လို့ဆိုကာ ရွာခံတွေကို စည်းရုံးရေး ဆင်းနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဇရပ်ကွင်း၊ လိပ်ကျနဲ့ ချောင်းကြီး စတဲ့ ကျေးရွာတွေကို စစ်အုပ်စု ပြန်သိမ်းယူပြီးနောက် ပျူစောထီးတွေပါ ပြန်ရောက်လာကာ စစ်အုပ်စုက ပျူတွေကို အုပ်ချုပ်ရေးမှူးခန့်ပြီး အုပ်ချုပ်ရေး လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ ကြိုးစားတာ၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းဖို့ ပြင်ဆင်တာတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။

သပိတ်ကျင်းမြို့ပေါ်ကိုတော့ စစ်အုပ်စုက ဒေသခံပြည်သူတွေကို ပြန်လည် နေထိုင်ခွင့် မပြုသေးဘဲ ထင်တိုင်းကျဲ ဖောက်ထွင်းလုယက်၊ ခိုးယူ သယ်ထုတ်တာတွေ လုပ်နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

သပိတ်ကျင်းမြို့ အပါအဝင် သပိတ်ကျင်းနယ် မြို့၊ရွာ အများအပြားကို တော်လှန်ရေးတပ်တွေက ၂၀၂၄ နှစ်လည်ပိုင်းမှာ သိမ်းယူခဲ့ပြီး ၂၀၂၅ နှစ်လည်ပိုင်းနဲ့ နှစ်ကုန်ပိုင်းမှာတော့ စစ်အုပ်စုက အဲ့ဒီ မြို့၊ရွာတွေကို ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။

စစ်အုပ်စုဟာ ဇရပ်ကွင်းကျေးရွာကို ပြန်လည် ထိုးစစ်ဆင် သိမ်းယူချိန် ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ ဗုံးမိုးရွာလို့ ကားလမ်းဘေး အချက်အချာနေရာက နေအိမ်တွေ၊ စျေးဆိုင်တွေ အများအပြား ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သပိတ်ကျင်းနယ် ဇရပ်ကွင်းရွာကို စစ်အုပ်စု ပြန်မသိမ်းနိုင်ခင် ရက်ပိုင်းအလိုနဲ့ ဇရပ်ကွင်းရွာကို ပြန်သိမ်းယူပြီး ဖောက်ထွင်းလုယက် ခိုးယူကာ အောင်ပွဲခံနေတဲ့ စစ်အုပ်စု/Photo – ပေးပို့၊ စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button