ကလေးနယ် ကံကြီးရွာ ပျူခေါင်းဆောင်က ဒေသခံ ၆၀ ကျော်ကို ပေါ်တာဆွဲ စစ်သားသစ်စုဆောင်း၊

ရွှေဥ/MFP၊ ဖေဖေါ်ဝါရီ – ၂၈
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ ကံကြီးကျေးရွာရှိ အာဏာသိမ်း စစ်အုပ်စု လက်စပ်မွေးထားတဲ့ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ ခေါင်းဆောင် ကျော်စွာဝင်း (ခေါ်) ဖိုးပြားက ပြည်သူ အမျိုးသား ၆၀ ကျော်ကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
အဲဒီ ပြည်သူ့စစ်ခေါင်းဆောင်ဟာ စစ်အုပ်စု အလိုကျ ပေါ်တာဆွဲထားတွေကို သင်တန်း ပေးတာနဲ့ တိုက်ပွဲအတွင်း ပို့ဆောင်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူက စစ်သင်တန်း ပို့ပေးတာတွေ လုပ်တယ်၊ ပေါ်တာလည်း ဆွဲတယ်။ တိုက်ပွဲထဲလည်း ပါတတ်တယ်”
ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းခံရသူတွေဟာ ကျေးရွာအတွင်းမှာ နေထိုင်တဲ့ အမျိုးသားတွေ ဖြစ်ပြီးတော့ လမ်းမပေါ်နဲ့ ညအိပ်ချိန်မှာ တစ်အိမ်တက် တစ်အိမ်ဆင်း ရှာဖွေဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလို ပေါ်တာဆွဲပြီး စစ်သားသစ်စုဆောင်းတာတွေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စတင်ကာ လုပ်ဆောင်နေတာ ဖြစ်ပြီး စစ်အုပ်စုခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရာထူး ရပြီးနောက်မှာတော့ ပိုမို လုပ်ဆောင်လာတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာထဲက လူငယ်တွေ စစ်မှုထမ်း အကုန်ပို့တာ၊ အခုမှ အစွယ်ပေါက်လာတာ။ စစ်တပ်နဲ့ ပေါင်းတယ်။ သူက စစ်တပ် ကိုးကွယ်တဲ့ ဘုန်းကြီးနဲ့ ကပ်ရင်း အုပ်ချုပ်ရေးမှူး ဖြစ်လာတာ “လို့ အဲဒီ ဒေသခံက ပြောပါတယ်။
အဲဒီ ပြည်သူ့စစ်ခေါင်းဆောင်ဟာ ပေါ်တာဆွဲရာမှာ ယာယီ ပေါ်တာကင်းလွတ်ခွင့် ရချင်တဲ့သူတွေကို ကျပ်သိန်း ၁၂၀ ကနေ ၁၅၀ အထိ ငွေညှစ်တောင်းဆိုတာမျိုးတွေပါ လုပ်ဆောင်နေပြီး စစ်မှု မထမ်းချင်လို့ ထွက်ပြေးသူတချို့ရဲ့ နေအိမ်တွေနဲ့ PDFတွေ နေထိုင်တယ်လို့ သံသယရှိတဲ့ နေအိမ်တွေကို ချိတ်ပိတ်တာမျိုးတွေလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ကလေးမြို့နယ်မှာတော့ ကံကြီးကျေးရွာ အပြင် မြို့ပေါ်ရပ်ကွက် ဖြစ်တဲ့ ညောင်ပင်ညာ၊ ပင်လုံ၊ စမ်းမြို့၊ မြို့သာ၊ သဇင်၊ တာဟန်း၊ မွန်းလှိုင် စတဲ့ ရပ်ကွက်တွေ၊ ကလေးမြို့တွင်းရှိ ဗိုလ်ချုပ်လမ်း၊ မြို့တော်ခန်းမရှေ့နဲ့ လမ်းကြိုလမ်းတွေမှာပါ စစ်အုပ်စုက ဒေသခံတွေကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ယခု ဖေဖော်ဝါရီလအတွင်း ကလေးမြို့မှာ အမျိုးသား ၁၀၀ ကျော် ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကလေးမြို့နယ်အတွင်း စစ်အုပ်စုက ကလေး-ကလေးဝလမ်း၊ ကလေး-တမူးလမ်း၊ ကလေး -တီးတိန်-ဖလမ်းလမ်း၊ ကလေး-ဂန့်ဂေါလမ်း၊ ကလေး-ရာဇဂြိုလ်လမ်း စတဲ့ အဓိကလမ်းမကြီးတွေ အားလုံးကို ပိတ်ဆို့ ထိန်းချုပ်ထားပြီး မြို့ဝင်ထွက်ပေါက်လမ်းတွေမှာ တားဆီးစစ်ဆေး ပေါ်တာဆွဲသလို မြို့ပေါ် လေဆိပ်ကိုလည်း တစ်ပတ်မှာ တစ်ကြိမ်သာ ပြေးဆွဲတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့နယ်မှာ အာဏာသိမ်းငါးနှစ်အတွင်း စစ်အုပ်စုက ဖမ်းဆီး ထောင်ချထားသူ နိုင်ငံရေး အကျဉ်းသား ၁၀၀၀ ကျော်နဲ့ အဓမ္မ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းခံရသူ ၇၀၀ ကျော် ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားတွေက ပြောပါတယ်။


ကလေးမြို့နယ်မြောက်ပိုင်း၊ ကံကြီးကျေးရွာ ပျူစောထီးခေါင်းဆောင်နဲ့ အပေါင်းအပါတွေ/Photo – SS
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



