မန္တလေးသတင်းအညာမြေ တော်လှန်ရေး

မိုးကုတ်–မိုးမိတ်ဒေသ နှစ်လတာ တိုက်ပွဲတွေအတွင်း စစ်အုပ်စု ၂၀ ကျော် သေ၊ သုံ့ပန်းတချို့ ဖမ်းမိ၊

စစ်အုပ်စုကို တိုက်ခိုက်ရုံမက ဒေသတွင်း တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေလုံခြုံရေးပါ ဆောင်ရွက်နေ ဟု NUG ထုတ်ပြန်၊

တော်လှန်ရေး ရဲဘော်တွေလည်း ထိခိုက်၊ ကျဆုံးမှုရှိ၊

စစ်အုပ်စုကို တိုက်ခိုက်ရုံမက ဒေသတွင်း တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေလုံခြုံရေးပါ ဆောင်ရွက်နေ ဟု NUG ထုတ်ပြန်၊

နန်းယု/MFP၊ ဖေဖော်ဝါရီ – ၂၈

မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ်၊ မိုးကုတ်နဲ့ မိုးမိတ်ဒေသမှာ ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီ နှစ်လတာအတွင်း အာဏာသိမ်း စစ်အုပ်စုနဲ့ တိုက်ပွဲ ၁၇ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ၂၁ ယောက် သေကာ သုံ့ပန်း တချို့ ဖမ်းမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD က သတင်း ထုတ်ပြန်ပါတယ်။

တရုတ်က ခြိမ်းခြောက်အကြပ်ကိုင်တာကြောင့် မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာမှာ တအာင်းတပ် – TNLA က အာဏာသိမ်း စစ်အုပ်စုထံ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ရတာ ဖြစ်ပါတယ်။

မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို ပြန်လည် တိုက်ခိုက် သိမ်းယူမယ်လို့ NUG က ကြွေးကြော်ထားပြီး မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့ ဖွဲ့စည်းကာ စစ်အုပ်စုကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ စစ်အုပ်စုကို တိုက်ခိုက်နေရာ ၂၀၂၆ ဇန်နဝါရီလအတွင်း တိုက်ပွဲကြီး ခုနှစ်ကြိမ်နဲ့ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ ကြီးငယ် ၁၀ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

“ရန်သူ၏ အုပ်ချုပ်ထောက်ပံ့မှု ရပ်ဝန်းများနှင့် အရေးကြီး ပစ်မှတ်များအားလည်း မိမိတို့ဘက်က အထူး စစ်ဆင်ရေးများဖော်ဆောင်ပြီး အဆက်မပြတ် ထိုးနှက်တိုက်ခိုက်လျက် ရှိပါသည်။ အထက်ဖော်ပြပါ တိုက်ပွဲများနှင့် စစ်ဆင်ရေးများအတွင်း ရန်သူဘက်မှ ၂၁ ဦး ကျဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိပါသည်။ တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကိုလည်း လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးထားပြီး စနစ်တကျ ထိန်းသိမ်းထားရှိပါသည်” လို့ NUG က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ပွဲတွေအတွင်း တော်လှန်ရေး ရဲဘော်တချို့လည်း ထိခိုက်မှု၊ ကျဆုံးမှု ရှိတယ်လို့ NUG က ဖော်ပြပါတယ်။

တချိန်တည်းမှာပဲ တော်လှန်ရေးတပ်တွေ အနေနဲ့ မိုးကုတ်- မိုးမိတ်ဒေသအတွင်း နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကိုလည်း စနစ်တကျ ဆောင်ရွက်နေပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကို ဖော်ထုတ်ဖမ်းဆီးကာ တရားဥပဒေနဲ့အညီ စီရင်နိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေးတွေအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေကို အလေးပြု ဂုဏ်ပြုကြောင်း ဖော်ပြပြီး မဟာမိတ်အဖွဲ့တွေနဲ့အတူ တော်လှန်ရေးတာဝန်တွေကို အောင်မြင်တဲ့ အထိ ဆက်လက်တိုက်ပွဲဝင်မယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

တရုတ်အားကိုးနဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေ ပြန်ရထားတဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စလို့ မိုးကုတ်မြို့ပေါ်မှာ အုပ်ချုပ်ရေး ယန္တရားတွေ ပြန်လည်ပတ်နေပြီး ဒေသခံတွေကို ဖမ်းဆီးငွေညှစ်တာ၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေလည်း စတင် လုပ်ဆောင်နေပြီလို့ မြို့ခံတွေက ပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button