ပုလဲမှာ တိုက်ပွဲ စဖြစ်၊ စစ်အုပ်စုက လေကြောင်းပစ်ကူ ဗုံးပတ်ကြဲ၊
ပုလဲတိုက်ပွဲအတွက် စစ်အုပ်စုက ကြိုတင် ပြင်ဆင်လာပြီး ထွန်စက်ကို သံချပ်ကာအဖြစ် သုံး၊ ရွာတွေ ဖောက်ထွင်းကာ ရိက္ခာစု၊ ပြည်သူတချို့ကို ဓားစာခံ ဖမ်းထား၊

သုထက်/MFP၊ ဖေဖော်ဝါရီ – ၂၈
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး စီးနင်းလုယက် မီးရှို့နေတဲ့ အာဏာသိမ်း စစ်အုပ်စုနဲ့ ဒေသခံ တော်လှန်ရေးတပ်တွေ ဒီကနေ့ မနက်ပိုင်း ထိတွေ့တိုက်ပွဲ စတင် ဖြစ်ပွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။
ဖေဖေါ်ဝါရီ ၂၄ရက်က စလို့ ပုလဲမြို့ပေါ်နဲ့ ပုလဲနယ် ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းကနေ ထွက်လာတဲ့ စစ်အုပ်စုဟာ ပုလဲနယ်ရှိ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် – BNRA အခြေပြုလှုပ်ရှားခဲ့ရာ ကျေးရွာတွေကို ရွာစဉ်ပတ်မွှေ စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်း၊ လုယက်၊ မီးရှို့၊ ကျေးရွာတချို့မှာ အထိုင်ချ တပ်စွဲနေတာ ဖြစ်ပါတယ်။
ပုလဲနယ် ချင်ပျစ်ကျေးရွာကို စီးနင်းလုယက်ပြီး ကျေးရွာအတွင်း အထိုင်ချ တပ်စွဲထားတဲ့ အင်အား ၃၀၀ ခန့်ရှိ စစ်အုပ်စုဟာ ဖေဖေါ်ဝါရီ ၂၈ရက် ဒီကနေ့ မနက်ပိုင်း အနီးဝန်းကျင် ကျေးရွာတွေကို လုယက်၊ မီးရှို့ဖို့ ထွက်လာချိန် ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားတာလို့ ဆိုပါတယ်။
“မနက် ၁၀နာရီလောက်က တိုက်ပွဲ ဖြစ်တယ်” လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် စစ်အုပ်စုက လေကြောင်းပစ်ကူ ဗုံးကြဲခဲ့ပြီး မနက် ၁၁နာရီလောက်မှာ ဂျက်ဖိုက်တာ တိုက်လေယာဉ်၊ Y-12 လေယာဉ်နဲ့ ဗုံးပတ်ကြဲခဲ့သလို ညဦးပိုင်း ၈နာရီလောက်မှာလည်း ပါရာမော်တာ (Paramotor – စက်တပ်လေထီး) နှစ်စီးနဲ့ ဗုံးပတ်ကြဲနေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ပုလဲနယ်ထဲ စစ်ကြောင်းစထိုးစဉ်ကတည်းက တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်လာခဲ့ပြီး ဒေသခံတွေဆီက လုယက်၊ သိမ်းယူထားတဲ့ လယ်ထွန်စက်တွေကို ဂျမ်မာ (မိုင်းဖြတ်စက်) တွေ တပ်ဆင်ကာ သံချပ်ကာသဘောမျိုး စစ်ကြောင်းအတွက် အကာအကွယ်အဖြစ် အသုံးပြုထားသလို ဆိုင်ကယ်၊ ကား၊ ထွေလာဂျီတွေနဲ့ စစ်ကြောင်းပတ်ထိုးနေတာ ဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
ဒါ့အပြင် ကျေးရွာတွေကို စတင်စီးနင်းချိန်ကတည်းက နေအိမ်တွေ ဖောက်ထွင်းကာ ဆန်၊ဆီ၊ ပဲ စတဲ့ ရိက္ခာပစ္စည်းနဲ့ တန်ဘိုးရှိပစ္စည်းတွေကို ခိုးယူလုယက်ကာ ပျူစခန်းနဲ့ စစ်စခန်းတွေဆီ သယ်ယူစုဆောင်းထားပြီး ဒေသခံတချို့ကိုလည်း ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် ချင်ပျစ်ကျင်း၊ နွယ်အင်း၊ ချင်ပျစ်၊ မုံသွင်၊ ပေါက်သဖ၊ ကြာစီ၊ ပိတောက်ကုန်း၊ ဆည်တော်ဦး စတဲ့ ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်မယ် ထင်တဲ့ နေရာတွေဆီ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
စစ်ဘေးရှောင်ရတာ ရသတ္တပတ်ခန့် ရှိလာပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေသလို တောတောင်အတွင်း ခိုလှုံနေရတာကြောင့် ရာသီဥတု ပူပြင်းတဲ့ဒဏ်ကိုပါ ခံစားနေကြရကာ ကျန်းမာရေးအတွက် စိုးရိမ်ရတယ်လို့လည်း ဒေသခံ စစ်ဘေးရှောင် အမျိုးသား တစ်ဦးက ပြောပါတယ်။
“နေ့ပူ၊ ညချမ်း ဆိုတော့ ဒုက္ခများကြတယ်” လို့ အဲ့ဒီ စစ်ဘေးရှောင်ပြည်သူက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ ဒီကနေ့ ဖေဖော်ဝါရီ ၂၈ရက် ညပိုင်းအထိ ချင်ပျစ်ရွာကို ဆက်လက် စီးနင်းထားဆဲ ဖြစ်ပြီး ရွာပတ်လည်မှာ ဖြန့်ခွဲ နေရာယူထားတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA အဖွဲ့တွေ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့အတွက် ဆိုကာ ဖေဖေါ်ဝါရီ ၁၇ရက်မှာ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG တပ်တွေက BNRA ဂိတ် စခန်းတွေကို စီးနင်း တိုက်ခိုက်လို့ ဗိုလ်နဂါးနဲ့ အပေါင်းအပါတချို့ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ ဘက်ပြောင်း ခိုလှုံခဲ့ပါတယ်။
အဲ့ဒီနောက် စစ်အုပ်စုက ဖေဖေါ်ဝါရီ ၁၈ရက်နဲ့ ၁၉ရက်တွေမှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကတဆင့် ပုလဲမြို့ကို MI-17 နဲ့ စစ်အင်အားဖြည့် ပို့ဆောင်ပြီးနောက် ပုလဲမြို့အနီးရှိ သေတ္တရာ၊ မင်းတိုင်ပင်နဲ့ ဇီးဖြူကုန်းရွာတွေထဲ ဖြန့်ခွဲဝင်ရောက် နေရာယူထားသလို BNRA အခြေပြု လှုပ်ရှားခဲ့ရာ ကျေးရွာတွေကို ရွာစဉ်ပတ်မွှေ စီးနင်းလုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။


ပုလဲနယ်ထဲ စစ်အုပ်စု ရွာစဉ်ပတ်မွှေနေတဲ့ ကျေးရွာတွေနဲ့ ပြီးခဲ့တဲ့ လပိုင်းက မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲ စက်ယန္တရားတွေကို သံချပ်ကာအဖြစ် အသုံးပြုကာ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို တော်လှန်ရေး တပ်တွေက တိုက်ခိုက်သုတ်သင်ခဲ့စဉ်/Photo – အညာမြေပုလဲ၊ မြိုင် ပကဖ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



