စဉ့်ကူးနယ်ရှိ ပညာသင်ယူခွင့် ဆုံးရှုံးနေတဲ့ ကျောင်းသားတွေအတွက် Singu Federal School ဖွင့်၊

ထင်လင်း/MFP၊ မတ် – ၁
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ပညာသင်ယူခွင့် ဆုံးရှုံးနေတဲ့ ကလေးငယ်တွေနဲ့ အတန်းတပိုင်းတစ ဖြစ်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ရည်ရွယ်ပြီး Singu Federal School – စဉ့်ကူးဖက်ဒရယ်ကျောင်း ဖွင့်လှစ်ကာ အွန်လိုင်းသင်ကြားမှု စတင်တော့မယ်လို့ စဉ့်ကူးမြို့နယ် ပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။
ယခု မတ်လက စတင်ကာ ကျောင်းအပ်လက်ခံတာနဲ့ သင်ကြားရေးတွေ စတင်မှာ ဖြစ်ပြီး ပထမအသုတ်မှာ အလယ်တန်း (Grade 6 to Grade 9)၊ အထက်တန်း (Grade 10 နဲ့ Grade 11)၊ နောက်ဆုံး အသုတ်ဖြစ်တဲ့ သင်ရိုးဟောင်း 10 တန်းတွေ လက်ခံမယ်လို့ ဆိုပါတယ်။
”အခက်ခဲကြားမှာပဲ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးကို ရွေးချယ်မယ့် ကျောင်းသားတွေ၊ CDM ကျောင်းသားတွေနဲ့၊ တိမ်းရှောင်ရင်း ပညာ ဆက်လက်သင်ယူမယ့် ကျောင်းသားတွေအတွက် ရည်ရွယ်ပါတယ်” လို့ စဉ့်ကူးမြို့နယ် ပညာရေးဘုတ်အဖွဲ့ဈ မြို့နယ် ပညာရေးတာဝန်ခံက MFP ကို ပြောပါတယ်။
ကျောင်းသား ကျောင်းသူတွေအနေနဲ့ အင်တာနက် ခက်ခဲတဲ့ ဒေသတွေမှာတော့ ရှိထားတဲ့ မြေပြင်ကျောင်းတွေမှာ တက်ရောက်လို့ ရမှာ ဖြစ်သလို မြေပြင်ပြည်သူ့ပညာရေးကျောင်း မရှိတဲ့ ဒေသတွေအတွက်ကိုတော့ သက်ဆိုင်ရာဒေသက မြို့နယ် ပညာရေး ဘုတ်အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ပညာသင်ယူခွင့်အတွက် လုပ်ဆောင်ပေးမယ်လို့လည်း စဉ့်ကူးပညာရေး ဘုတ်အဖွဲ့က ဆိုပါတယ်။
အခုလို စဉ့်ကူး ဖက်ဒရယ်ကျောင်း-Singu Federal School ဖွင့်လှစ်တာဟာ ကျောင်းသား ကျောင်းသူတွေ၊ ကလေးငယ်တွေရဲ့ ပညာသင်ကြားခွင့် မဆုံးရှုံးစေဖို့အတွက် ရည်ရွယ်တာဖြစ်ပြီး အခက်အခဲတွေလည်း အများအပြားရှိတယ်လို့ စဉ့်ကူးမြို့နယ် ပညာရေးတာဝန်ခံက ပြောပါတယ်။
”အခက်ခဲတွေကတော့ ဆရာတွေရော ကျောင်းသားတွေအတွက်ပါ အင်တာနက်ရဖို့ ကြိုးစားရတာ၊ ပြန့်ကျဲနေတဲ့ ကျောင်းသားတွေနဲ့ ဆရာဆရာမတွေကို စုစည်းချိတ်ဆက်ဖို့ ခက်ခဲတာတွေက အဓိကပါ။ လုံခြုံရေး အခက်ခဲလည်း ရှိပါမယ်”
အခုလို သင်ကြားနိုင်ဖို့ကို အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ပညာရေးဝန်ကြီးဌာန MoE၊ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့၊ မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေးကောင်စီ-MIGC၊ မန္တလေးဒေသ အခြေခံ ပညာရေးဘုတ်အဖွဲ့ စတာတွေနဲ့ ချိတ်ဆက်လုပ်ဆောင်မယ်လို့လည်း ဆိုပါတယ်။

ကျောင်းအပ်လိုသူတွေအနေနဲ့ စဉ့်ကူးမြို့နယ်ပညာရေးဘုတ်အဖွဲ့ရဲ့ Facebook Page နဲ့ Telegram account (@FSFoffice01 နဲ့ @SFSoffice02) တို့ကနေ ချိတ်ဆက်လို့ ရတယ်လို့ စဉ့်ကူးမြို့နယ် ပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။
စစ်အုပ်စုဟာ စဉ့်ကူးနယ်ထဲရှိ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းနဲ့ မြို့၊ရွာတွေကို ဗုံးပတ်ကြဲပြီး နယ်မြေတွေ ပြန်လည် ရရှိရေး စစ်ကြောင်းထိုးတာကြောင့် ကျောင်းသားကျောင်းသူတွေ အပါအဝင် စဉ့်ကူးနယ်ရှိ ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



