ပုလဲနယ်မှာ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်၊
စစ်အုပ်စုက တိုက်လေယာဉ် လေးစီးနဲ့ တပြိုင်တည်း ဗုံးကြဲတဲ့အပြင် မြေပြင်စစ်ကူတွေ ပို့လွှတ်၊

သုထက်/MFP၊ မတ်-၁
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် မီးရှို့နေတဲ့ အာဏာသိမ်း စစ်အုပ်စုနဲ့ ဒေသခံ တော်လှန်ရေးတပ်တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်အုပ်စုက တိုက်လေယာဉ် လေးစီးနဲ့ တပြိုင်တည်း ဗုံးလာကြဲတဲ့အပြင် မြေပြင်စစ်ကူတွေပါ ပို့လွှတ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ မနေ့က နံနက် ၁၀ နာရီက ပုလဲနယ်၊ ချဥ်ပျစ်ရွာထဲ စီးနင်းလုယက်နေတဲ့ စစ်အုပ်စုနဲ့ ဒေသခံ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားတာ ဖြစ်ပြီး ဒီကနေ့လည်း တိုက်ပွဲဆက်လက် ဖြစ်ပွားနေသလို စစ်အုပ်စုက မနေ့ကရော ဒီကနေ့ပါ တိုက်လေယာဉ်၊ Y-12 လေယာဉ်၊ ပါရာမော်တာ – စက်တပ်လေထီးတွေနဲ့ ဗုံးပတ်ကြဲနေတာလို့ ဆိုပါတယ်။
“တိုက်ပွဲက မနေ့ကတည်းက ဖြစ်တာ၊ ဒီနေ့အထိပဲ၊ ဒီကောင်တွေ အရေးနိမ့်ပုံ ရတယ်၊ လေကြောင်းတိုက်ခိုက်မှု အများကြီး လုပ်နေတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ မနေ့က မနက် ၁၁နာရီလောက်က စတင်ပြီး တိုက်ပွဲဖြစ်ရာ နေရာတဝိုက်ကို တိုက်လေယာဉ်၊ Y-12 လေယာဉ်၊ ပါရာမော်တာတွေနဲ့ ဗုံးပတ်ကြဲခဲ့ပြီး ညဦးပိုင်း ၈နာရီ၊ ည ၁၁နာရီနဲ့ ညသန်းခေါင်အထိ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ ၁ ရက် ဒီကနေ့မှာလည်း မနက် ၁၀ နာရီဝန်းကျင်မှာ တိုက်လေယာဉ် နှစ်စီးနဲ့ လေးကြိမ်၊ Y-12 လေယာဉ်နဲ့ ရှစ်ကြိမ်၊ ညနေ ၄ နာရီမှာ တိုက်လေယာဉ် လေးစီးနဲ့ ရှစ်ကြိမ်၊ ညနေ ၅နာရီခွဲကျော်အချိန်မှာ ပါရာမော်တာ နှစ်စီးနဲ့ လေးကြိမ် ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ ဒီကနေ့ မွန်းလွဲပိုင်း ပုလဲမြို့ကနေတဆင့် တိုက်ပွဲဖြစ်နေတဲ့ ချင်ပျစ်ရွာဘက် စစ်ကူတွေ ပို့လွှတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြေပြင်တိုက်ပွဲမှာ စစ်အုပ်စု အထိနာ အသေများတာကြောင့် စစ်ကူပို့လွှတ်တာ ဖြစ်နိုင်ပြီး အင်အား ၅၀ လောက်ရှိတဲ့ အဲ့ဒီ စစ်ကူတွေဟာ ပုလဲမြို့နယ် လက်ပကန်ရွာကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။

ဖေဖေါ်ဝါရီ ၂၄ရက်မှာ ပုလဲမြို့ပေါ်နဲ့ ပုလဲနယ် ဇီးဖြူကုန်းရွာ ပျူစောထီး စခန်းက ထွက်လာတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်အုပ်စုဟာ ပုလဲနယ်ရှိ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် – BNRA အခြေပြုလှုပ်ရှားခဲ့ရာ ကျေးရွာတွေကို ရွာစဉ်ပတ်မွှေ စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်း၊ လုယက်၊ မီးရှို့၊ ကျေးရွာတချို့မှာ အထိုင်ချ တပ်စွဲနေတာ ဖြစ်ပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ ဖေဖေါ်ဝါရီ ၂၆ရက်မှာ ပုလဲနယ် ချင်ပျစ်ကျေးရွာကို စီးနင်းလုယက်ပြီးနောက် အနီးဝန်းကျင် ကျေးရွာတွေကို ဆက်လက် စီးနင်းလုယက်ဖို့ ကြိုးစားချိန် ဖေဖေါ်ဝါရီ ၂၈ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ပုလဲနယ်ထဲ ရွာစဉ်ပတ်မွှေနေတဲ့ စစ်အုပ်စုဟာ စစ်ကြောင်းစထိုးစဉ်ကတည်းက တိုက်ပွဲအတွက် ကြိုတင် ပြင်ဆင်လာခဲ့ပြီး ဒေသခံတွေဆီက လုယက်၊ သိမ်းယူထားတဲ့ လယ်ထွန်စက်တွေကို ဂျမ်မာ (မိုင်းဖျက်စက်) တွေ တပ်ဆင်ကာ သံချပ်ကာသဘောမျိုး အသုံးပြုထားသလို ဆိုင်ကယ်၊ ကား၊ ထွေလာဂျီတွေနဲ့ စစ်ကြောင်းပတ်ထိုးနေတာ ဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
ဒါ့အပြင် ချင်ပျစ်ကျေးရွာထဲမှာ ဟောင်ဝစ်ဇာ လက်နက်ကြီး တပ်ဆင်ထားတယ်လို့ ယူဆရပြီး အနီးဝန်းကျင် ကျေးရွာတွေကို ဒရုန်းနဲ့ ကင်းထောက်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုဟာ ကျေးရွာတွေကို စတင်စီးနင်းချိန်ကတည်းက နေအိမ်တွေ ဖောက်ထွင်းကာ ဆန်၊ဆီ၊ ပဲ စတဲ့ ရိက္ခာပစ္စည်းနဲ့ တန်ဘိုးရှိပစ္စည်းတွေကို ခိုးယူလုယက်ပြီး ဇီးဖြူကုန်းရွာ ပျူစခန်းနဲ့ ပုလဲမြို့ပေါ် စစ်စခန်းတွေဆီ သယ်ယူစုဆောင်းထားသလို ဒေသခံတချို့ကိုလည်း ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် ချင်ပျစ်ကျင်း၊ နွယ်အင်း၊ ချင်ပျစ်၊ မုံသွင်၊ ပေါက်သဖ၊ ကြာစီ၊ ပိတောက်ကုန်း၊ ဆည်တော်ဦး စတဲ့ ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်မယ် ထင်တဲ့ နေရာတွေဆီ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
စစ်ဘေးရှောင်ရတာ ရသတ္တပတ်ခန့် ရှိလာပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေသလို တောတောင်အတွင်း ခိုလှုံနေရတာကြောင့် ရာသီဥတု ပူပြင်းတဲ့ဒဏ်ကိုပါ ခံစားနေကြရကာ ကျန်းမာရေးအတွက် စိုးရိမ်ရတယ်လို့လည်း ဒေသခံ စစ်ဘေးရှောင် အမျိုးသား တစ်ဦးက ပြောပါတယ်။

ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA အဖွဲ့တွေ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့အတွက် ဆိုကာ ဖေဖေါ်ဝါရီ ၁၇ရက်မှာ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG တပ်တွေက BNRA ဂိတ် စခန်းတွေကို စီးနင်း တိုက်ခိုက်လို့ ဗိုလ်နဂါးနဲ့ အပေါင်းအပါတချို့ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ ဘက်ပြောင်း ခိုလှုံခဲ့ပါတယ်။
အဲ့ဒီနောက် စစ်အုပ်စုက ဖေဖေါ်ဝါရီ ၁၈ရက်နဲ့ ၁၉ရက်တွေမှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကတဆင့် ပုလဲမြို့ကို MI-17 နဲ့ စစ်အင်အားဖြည့် ပို့ဆောင်ပြီးနောက် ပုလဲမြို့အနီးရှိ သေတ္တရာ၊ မင်းတိုင်ပင်နဲ့ ဇီးဖြူကုန်းရွာတွေထဲ ဖြန့်ခွဲဝင်ရောက် နေရာယူထားသလို BNRA အခြေပြု လှုပ်ရှားခဲ့ရာ ကျေးရွာတွေကို ရွာစဉ်ပတ်မွှေ စီးနင်းလုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

ပုလဲမြို့ကလာတဲ့ စစ်ကူ စစ်ကြောင်း ရောက်နေတဲ့နေရာနဲ့ ပုလဲနယ်ထဲ စစ်ရေးလှုပ်ရှားနေတဲ့ ယင်းမာပင်ခရိုင် PDF တပ်ရင်းတချို့ စုပေါင်းဖွဲ့စည်းထားတဲ့ Unity Column စစ်ကြောင်းက တော်လှန်ရေး ရဲဘော်တွေကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – Unity Column
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



