စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ပုလဲမှာ တိုက်ပွဲငြိမ်နေပေမဲ့ စစ်အုပ်စု ဗုံးကြဲလို့ ပြည်သူတွေ သေဆုံး၊ အိုးအိမ်တွေ ပျက်စီး၊

ပြည်သူသောင်းချီ စစ်ဘေးရှောင်နေရပြီး စားသောက်နေထိုင်ရေး ခက်ခဲ၊

သုထက်၊ MN/MFP၊ မတ်- ၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးတဲ့ အာဏာသိမ်း စစ်အုပ်စုနဲ့ ဒေသခံ တော်လှန်ရေးတပ်တွေ တိုက်ပွဲ မဖြစ်တာ နှစ်ရက်ကြာပြီ ဖြစ်ပေမယ့် စစ်အုပ်စုက ကျေးရွာတွေကို ဗုံးပတ်ကြဲနေဆဲ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မတ်လ ၄ရက် ဒီကနေ့ မွန်းလွဲ ၂နာရီအချိန် စစ်အုပ်စုက မန္တလေးမြို့ တံတားဦး လေဆိပ်က တက်လာတဲ့ တိုက်လေယာဉ်နဲ့ ပုလဲမြို့နယ် ချဉ်ပျစ်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျေးရွာတွေကို ဗုံးကြဲရာ အသက် ၇၀ အရွယ် အဖိုးအဖွားနှစ်ဦး သေဆုံးပြီး အိမ် ခုနှစ်လုံး မီးလောင်ပြာကျကာ စုစုပေါင်း အိမ်ခြေ ၂၀ ခန့် ပျက်စီးတယ်လို့ ဆိုပါတယ်။

“ဒီနေ့ နေ့လယ် ၂ ချက်ထိုးလောက်မှာ ဖိုက်တာနဲ့ ဗုံးပတ်ကြဲသွားတာ။ အဖိုးကြီးနဲ့အဖွားကြီး နှစ်ယောက် အိမ်ထဲမှာ မီးကျွမ်းပြီးတော့ သေတယ်ဗျ။ နေအိမ်ကတော့ ၁၀ လုံးလောက် မီးလောင်ပြီးတော့ ၁၀ လုံးလောက် ပျက်စီးသွားတယ်။ ဟိုတလောတုန်းက အဲဒီနေရာတွေမှာ တိုက်ပွဲ ဖြစ်ထားတာဆိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေရှိတယ်ထင်လို့ ဗုံးပတ်ကြဲတာလို့တော့ ထင်တယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

သေဆုံးတဲ့ အဖိုးနဲ့အဖွားဟာ စစ်ဘေးရှောင်ထွက်ပြေးနိုင်ခြင်း မရှိတာကြောင့် နေအိမ်ထဲမှာပဲ ကျန်ရစ်ချိန် စစ်အုပ်စုက ဗုံးကြဲသတ်လို့ သေဆုံးရတာ ဖြစ်ပြီး တခြား ရွာခံပြည်သူတွေကတော့ ထွက်ပြေးနေကြလို့ ထိခိုက်မှု မရှိဘဲ အိုးအိမ်တွေပဲ ပျက်စီးတာလို့ ဆိုပါတယ်။

ပုလဲမြို့နယ် မြောက်ခြမ်းရှိ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် – BNRA အခြေပြု လှုပ်ရှားခဲ့ရာ ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက ဖေဖေါ်ဝါရီ ၂၄ရက်က စတင်ကာ အင်အား ၃၀၀ ကျော်နဲ့ ရွာစဉ်ပတ်မွှေ စီးနင်းပြီး လူသတ်၊ လုယက်၊ မီးရှို့၊ ကျေးရွာတချို့မှာ အထိုင်ချ တပ်စွဲတာတွေ လုပ်နေတာ ဖြစ်ပါတယ်။

အဲ့ဒီ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ဖေဖေါ်ဝါရီ ၂၈နဲ့ မတ်လ ၁ရက်မှာ ပုလဲနယ် ချဉ်ပျစ်ရွာအနီးမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်အုပ်စုက လေကြောင်းပစ်ကူ အများအပြား အသုံးပြုခဲ့ပြီး တိုက်လေယာဉ် သုံး၊ လေးစီးနဲ့ တပြိုင်တည်း ဗုံးလာကြဲတာ၊ Y-12 နဲ့ နာရီနဲ့ချီကြာ ဗုံးပတ်ကြဲတာ၊ စက်တပ်လေထီး သုံးစီးနဲ့ တပြိုင်တည်း ဗုံးလာကြဲတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

နှစ်ရက်တာ တိုက်ပွဲဖြစ်ပြီးနောက် စစ်အုပ်စု ချဥ်ပျစ်ရွာထဲ ပြန်ဝင်ပြေးလို့ တော်လှန်ရေး တပ်တွေက နယ်မြေ ရှင်းလင်းရာ စစ်အုပ်စု အလောင်းနှစ်လောင်း တွေ့ရှိတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ချဉ်ပျစ်ရွာထဲ ပြန်ဝင်ပြေးလို့ တိုက်ပွဲရပ်နေပေမဲ့ လေကြောင်းကနေတော့ အဆက်မပြတ် ဗုံးလာကြဲနေဆဲလို့ ဒေသခံ ရပ်ကျေး ပကဖ အဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။

“စစ်ပွဲ နားထားတာ နှစ်ရက်ရှိပြီ။ လေကြောင်းက အလွတ် (တိုက်ပွဲမရှိ) လာပစ်တာ၊ လက်ရှိ စစ်ကောင်စီ တပ်တွေက ချဥ်ပျစ်ရွာထဲမှာ ရှိတယ်”

စစ်အုပ်စုက အဆက်မပြတ် ဗုံးကြဲနေလို့ ပုလဲနယ် မြောက်ခြမ်း ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေပြီး မပြေးနိုင်တဲ့ ပြည်သူတွေ ထိခိုက်သေဆုံးတာလို့ ဆိုပါတယ်။

“စကစ က လေကြောင်း တောက်လျောက် ပစ်နေလို့ ရွာတွေထဲက ပြည်သူတွေ ရှောင်ကြတယ်။ သက်ကြီး ရွယ်အိုတွေက မရှောင်နိုင်ကြတော့ အသက်ပေးကြရတာပေါ့” လို့ အထက်ပါ ပကဖ တာဝန်ရှိသူက ထပ်မံ ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် ချင်ပြစ်ကျင်း၊ နွယ်အင်း၊ ချဉ်ပျစ်၊ မုံသွင်၊ ပေါက်သဖ၊ ကြာစီ၊ ပိတောက်ကုန်း၊ ဆည်တော်ဦး စတဲ့ ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်မယ် ထင်တဲ့ နေရာတွေဆီ ထွက်​ပြေးတိမ်းရှောင် နေကြရပါတယ်။

စစ်ဘေးရှောင်ရတာ ရက်ကြာရှည်လာပြီဖြစ်ပြီး တောတောင်အတွင်း ခိုလှုံနေရတာကြောင့် ရာသီဥတု ပူပြင်းဒဏ် ခံစားနေကြရပြီး အမိုးအကာနဲ့ အစားအသောက် လိုအပ်တယ်လို့ ဒေသခံ စစ်ဘေးရှောင် အမျိုးသား တစ်ဦးက ပြောပါတယ်။

ဖေဖေါ်ဝါရီ ၁၇ရက်မှာ အမျိုးသား ညီညွတ်ရေးအစိုးရ – ​NUG တပ်တွေက ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA တပ်ဖွဲ့ ဂိတ်စခန်းတွေကို စီးနင်း တိုက်ခိုက်ရာ ဗိုလ်နဂါးနဲ့ အပေါင်းအပါတချို့ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ ဘက်ပြောင်း ခိုလှုံခဲ့ပါတယ်။

အဲ့ဒီနောက် စစ်အုပ်စုက ဖေဖေါ်ဝါရီ ၁၈ရက်နဲ့ ၁၉ရက်တွေမှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကတဆင့် ပုလဲနယ်ကို MI-17 သယ်ပို့ရဟတ်ယာဉ်တွေနဲ့ စစ်အင်အားဖြည့် ပြီးနောက် BNRA  အခြေပြု လှုပ်ရှားခဲ့ရာ ကျေးရွာတွေကို စစ်ကြောင်း ထိုးတာ ဖြစ်ပါတယ်။

ပုလဲနယ်ထဲ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ စစ်ကြောင်းစထိုးစဉ်ကတည်းက တိုက်ပွဲအတွက် ကြိုတင် ပြင်ဆင်လာခဲ့ပြီး ဒေသခံတွေဆီက လုယက်၊ သိမ်းယူထားတဲ့ လယ်ထွန်စက်တွေကို ဂျမ်မာ (မိုင်းဖျက်စက်) တွေ တပ်ဆင်ကာ သံချပ်ကာသဘောမျိုး အသုံးပြုနေတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ကျေးရွာတွေကို စတင်စီးနင်းချိန်ကတည်းက နေအိမ်တွေ ဖောက်ထွင်းကာ ဆန်၊ဆီ၊ ပဲ စတဲ့ ရိက္ခာပစ္စည်းနဲ့ တန်ဘိုးရှိပစ္စည်းတွေကို ခိုးယူလုယက်ပြီး ဇီးဖြူကုန်းရွာ ပျူစခန်းနဲ့ ပုလဲမြို့ပေါ် စစ်စခန်းတွေဆီ သယ်ယူစုဆောင်းထားသလို ဒေသခံတချို့ကိုလည်း ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ပုလဲနယ်ထဲ တိုက်ပွဲမရှိဘဲ မတ်လ ၄ရက် မွန်းလွဲပိုင်း စစ်အုပ်စုက ကျေးရွာတွေအပေါ် တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ အဖိုးအဖွားနှစ်ဦး သေဆုံးကာ နေအိမ်တွေ မီးလောင်၊ ပျက်စီးစဉ်/Photo – ပေးပို့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #စစ်ကိုင်း #ပုလဲ

Related Articles

Back to top button