သတင်း

ဖလမ်းမှာ စစ်အုပ်စု စစ်ကြောင်းအတွင်း ပိတ်မိနေသူ ဒေသခံ ၅၀၀၀ ကျော် ရိက္ခာပြတ်လပ်နေ၊

ရွှေဥ/MFP၊ မတ် -၅

ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်အုပ်စုက လေးလကျော်ကြာ စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် တောတောင်အတွင်း ပိတ်မိနေတဲ့ ဒေသခံ ၅၀၀၀ ကျော်ဟာ ဆေးဝါးနဲ့ရိက္ခာ ပြတ်လပ်နေတယ်လို့ အကူအညီ ပေးသူတွေနဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

စစ်ကြောင်းထိုးနေတာကြောင့် ပါရ်သဲ၊ လာသီ၊ ကူလ်ဇမ်၊ ဗားလုံ၊ ဇောင်လေ၊ ခွန်းမွလ်၊ ဖာရ်းခေါမ်၊ ဖာရ်းဆို၊ သူဖိုင်၊ လုံဟော့၊ လှန်ဇောလ်၊ ခွားလေ၊ လုမ်ဘန်း စတဲ့ ကျေးရွာတွေက ‌ဒေသခံ ၅၀၀၀ ကျော်က တောတောင်အတွင်း ပိတ်မိနေပြီး ဆေးဝါး အပါအဝင် ဆန်၊ ဆီ၊ ဆား၊ အစားအသောက်တွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေတဲ့အဖွဲ့ဖြစ်တဲ့ Falam Regional Committee ရဲ့ အဖွဲ့ဝင် Moses Lian က ပြောပါတယ်။

“တော်တော်တော့ အဆင်မပြေကြဘူး ၊အနောက်နဲ့ မြောက်ကြားမှာ ရှိတဲ့ ရွာတွေက တော်တော် ပိတ်မိနေကြတယ်။ အဲ့ဒီကြောတလျှောက်မှာက တော်တော် ခက်ခဲတယ်။ အဆက်အသွယ်လည်း မရကြဘူး ဆိုတော့လေ၊ ကလေးနဲ့ ဖလမ်းလမ်းက လူတွေပေါ့၊ အရှေ့ဘက်လည်း ပိတ်တာရှိတယ်”လို့ သူက ဆိုပါတယ်။

စစ်အုပ်စုဟာ ဖလမ်းမြို့နယ်အတွင်းကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ (၂၉) ရက်ကနေ မတ် ၅ရက် ဒီနေ့ အထိ ကလေး – နတ်ချောင်း- ဝေဘူလမြို့ လမ်းက နေ စစ်ကြောင်းတစ်ကြောင်း၊ ကလေး -တီးတိန်-ဖလမ်းလမ်းမကြီးကနေ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်ရောက်နေတာ ဖြစ်ပါတယ်။

အဲဒီ စစ်ကြောင်းနှစ်ကြောင်းထဲက ကလေး -တီးတိန် -ဖလမ်းလမ်းမကြီး အတိုင်း ထိုးလာတဲ့ စစ်အုပ်စု စစ်ကြောင်းဟာ ဖလမ်းမြို့နယ် ထင်းရှုးစခန်းအနီး ရောက်ရှိနေပြီး ကလေး – နတ်ချောင်း- ဝေဘူလမြို့ လမ်းက လာတဲ့ စစ်ကြောင်းကတော့ ဖလမ်းမြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ သွာလ်ဇဲ့ကျေးရွာ အနီးမှာ ရောက်ရှိနေတာပါ။

လက်ရှိမှာ အဲဒီစစ်ကြောင်းတွေနဲ့ ချင်းတော်လှန်ရေး တပ်တွေ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်အုပ်စုက ဖလမ်းမြို့နယ် အတွင်းက ကျေးရွာတွေကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေကာ မတ်(၅) ရက် ဒီနေ့မှာတော့ လုမ်ဘန်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

“လေကြောင်းကတော့ ခဏခဏ တိုက်နေတယ်။ ဒီနေ့ကတော့ အိမ်နှစ်လုံး မီးလောင်သွားတယ်” လို့ သူက ပြောပါတယ်။

အဲဒီလို ဗုံးကျဲနေတာကြောင့် ဒေသခံတွေဟာ သူတို့ရဲ့ နေရပ်တွေကို မပြန်ရဲကြသလို တောတောင်အတွင်း လနဲ့ချီ ထွက်ပြေးတိမ်းရှောင် နေကြရပြီး အခုလိုစားနပ်ရိက္ခာ ပြတ်လပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်သည်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်းပါဝင်ပြီး လတ်တလောမှာ နာမကျန်းဖြစ်နေသူ (၁၅)ယောက်လောက် ရှိတယ်လို့ အကူအညီ ပေးသူတွေက ပြောပါတယ်။

ဒီလို စစ်ဘေးရှောင်တွေထဲမှာ ကျေးရွာသုံးရွာက မိသားစုဝင် ၂၀ ကျော်လည်း လတ်တလောမှာ တောတောင်အတွင်း ပိတ်မိပြီး အဆက်အသွယ်မရ ဖြစ်နေတယ်လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

“လုမ်ဘန်းနားက ရွာတွေက အများစုက တောထဲ ပြေးရင်း ပိတ်မိနေကြတာလဲ ရှိတယ်။ ဖုန်းလိုင်းလဲ မရတော့ ဘယ်တွေ ရောက်နေတယ် မသိဘူး။ ခုက တော်တော်တော့ ရိက္ခာပြတ်နေတယ်၊ ဘာမှ စားစရာမရှိဘူး “လို့ သူက ပြောပါတယ်။

ဖလမ်းမြို့နယ်အတွင်းမှာ အာဏာသိမ်း ငါးနှစ်ကျော်အတွင်း စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှု အပါအဝင် မီးရှို့ဖျက်ဆီးခဲ့တာတွေကြောင့် ဘုရားကျောင်း (၁၀) လုံး အပါအဝင် နေအိမ် ၅၀၀ ကျော် မီးလောင် ပျက်စီးခဲ့ပြီး တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသူ နှစ်သောင်းကျော် ရှိတယ်လို့ စစ်ဘေးရှောင်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button