စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ပုလဲမှာ ဗုံးကြဲခံရလို့ သေဆုံးသူရဲ့ နာရေးကို စစ်အုပ်စု ထပ်မံ ဗုံးကြဲလို့ အလောင်း မြေမချနိုင်ဘဲ ထွက်ပြေးရ၊

ပုလဲမှာ တိုက်ပွဲငြိမ်နေပေမဲ့ စစ်အုပ်စုက ရွာတွေကို ဗုံးပတ်ကြဲနေပြီး တစ်ရက်တည်း ပြည်သူ ခြောက်ဦး သေဆုံး၊

သုထက်/MFP၊ မတ် – ၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မရိုးတုန်းကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက လေကြောင်း ဗုံးကြဲလို့ ထိခိုက်သေဆုံးတဲ့ ပြည်သူတွေကို မြေချသင်္ဂြိုဟ်ဖို့ ဆောင်ရွက်နေချိန် စစ်အုပ်စုက ထပ်မံ ဗုံးကြဲတာကြောင့် အလောင်းတွေကို မြေမမြှုပ်နိုင်ဘဲ ရွာခံပြည်သူတွေ ဝရုန်းသုန်းကား ထွက်ပြေးကြရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မတ်လ ၄ရက် မနေ့က ည ၉နာရီဝန်းကျင်အချိန် ပုလဲနယ်မြောက်ပိုင်းရှိ၊ မရိုးတုန်းကျေးရွာကို စစ်အုပ်စုက မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က တက်လာတဲ့ ပါရာမော်တာ (Paramotor – စက်တပ်လေထီး) နှစ်စီးနဲ့ ဗုံးပတ်ကြဲခဲ့တာ ဖြစ်ပြီး ဗုံးဒဏ်ကြောင့် အသက် ကိုးနှစ်အရွယ် ကလေး တစ်ဦး၊ ၄၅နှစ်ဝန်းကျင် အမျိုးသားတစ်ဦးနဲ့ အသက် ၆၀ ကျော်အရွယ် အဖွားအိုနှစ်ဦး၊ စုစုပေါင်း လေးဦး သေဆုံးခဲ့ပါတယ်။

မတ်လ ၅ရက် ဒီကနေ့ မနက်ပိုင်းမှာ အဲ့ဒီ ဗုံးထိမှန် သေဆုံးသူတွေရဲ့ အလောင်းတွေကို ကောက်ယူပြီး ရပ်ရွာဓလေ့အရ မြေချသင်္ဂြိုဟ်ဖို့ ကြိုးစားနေချိန် စစ်အုပ်စုက ဂျိုင်အိုကော်ပတာ (Gyrocopter) သုံးစီးနဲ့ ထပ်မံ လာရောက် ဗုံးကြဲတာကြောင့် ရွာခံပြည်သူတွေ ဝရုန်းသုန်းကား ထွက်ပြေးကြရတာလို့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

“ဒီနေ့မနက် အလောင်းကောက်ပြီးသား မြေချဖို့ လုပ်နေချိန် ဂျိုင်အို သုံးစီး တက်လာလို့ ရုပ်အလောင်း ပစ်ပြေးရတယ်၊ ကျန်တဲ့ပြည်သူ ရုပ်အလောင်းကိုလည်း မကောက်ရသေးဘူး”

စစ်အုပ်စုဟာ ဒီကနေ့ မတ်လ မနက် ၅နာရီ၊ မနက် ၉နာရီနဲ့ မွန်းလွဲ ၂နာရီအချိန်တွေမှာ မရိုးတုန်းရွာ အပါအဝင် ပုလဲနယ် မြောက်ပိုင်း ကျေးရွာတွေကို ဂျိုင်အိုကော်ပတာတွေနဲ့ ဗုံးပတ်ကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ စစ်အုပ်စုက ရွာပေါ် ထပ်မံ ဗုံးကြဲလို့ မရိုးတုန်းကျေးရွာရှိ နေအိမ်သုံးလုံး ပျက်စီးကာ တခြားကျေးရွာတွေမှာလည်း ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်းရန်ကြောင့် မရိုးတုန်းကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုတွေကို စနစ်တကျ မဖယ်ရှား၊ မရှင်းလင်းနိုင်သေးဘဲ ရွာခံအများစုဟာလည်း စစ်အုပ်စု ရန်ကြောင့် အိမ်မှာ မနေရဲကြဘဲ အသက်အန္တရာယ် ကင်းလွတ်မယ်ထင်တဲ့ နေရာတွေဆီ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ပုလဲနယ် ကျေးရွာတွေကို ထင်တိုင်းကျဲ ဗုံးပတ်ကြဲနေတာ ဖြစ်ပြီး မတ်လ ၄ရက် မနေ့က မွန်းလွဲပိုင်းကလည်း မန္တလေးမြို့ တံတားဦး လေဆိပ်က တက်လာတဲ့ တိုက်လေယာဉ်နဲ့ ပုလဲနယ် မြောက်ပိုင်း ကျေးရွာတွေကို ဗုံးပတ်ကြဲရာ အသက် ၇၀ အရွယ် အဖိုးအဖွားနှစ်ဦး သေဆုံးပြီး အိမ်ခြေ ၂၀ ခန့် မီးလောင်၊ပျက်စီးခဲ့ပါတယ်။

စစ်အုပ်စုက အဆက်မပြတ် ဗုံးကြဲနေလို့ ပုလဲနယ် မြောက်ခြမ်း ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြပြီး မပြေးနိုင်တဲ့ ပြည်သူတွေ ထိခိုက်သေဆုံးကြရတာ ဖြစ်တယ်လို့ ဒေသခံ ရပ်ကျေး ပကဖ အဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။

“စကစ က လေကြောင်း တောက်လျောက် ပစ်နေလို့ ရွာတွေထဲက ပြည်သူတွေ ရှောင်ကြတယ်။ သက်ကြီး ရွယ်အိုတွေက မရှောင်နိုင်ကြတော့ အသက်ပေးကြရတာပေါ့”

စစ်အုပ်စုဟာ ဖေဖေါ်ဝါရီ ၂၈ရက်က စလို့ ပုလဲနယ် ကျေးရွာတွေကို နေ့စဉ် ဗုံးကြဲနေတာ ဖြစ်ပါတယ်။

ဖေဖေါ်ဝါရီ ၂၈ရက်ကနေ ယနေ့အချိန်အထိ ပုလဲနယ် ကျေးရွာတွေကို စစ်အုပ်စုက တိုက်လေယာဉ်၊ Y-12 လေယာဉ်၊ ပါရာမော်တာ၊ ဂျိုင်အိုကော်ပတာတွေနဲ့ အကြိမ် ၃၀ ကျော် ဗုံးကြဲခဲ့ပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၇ရက်မှာ ပုလဲနယ်ရှိ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် – BNRA ဂိတ်စခန်းတွေကို အမျိုးသား ညီညွတ်ရေးအစိုးရ – NUG တပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ ဗိုလ်နဂါးနဲ့ အပေါင်းအပါတချို့ စစ်အုပ်စုထံ ဘက်ပြောင်းခိုလှုံသွားခဲ့ပါတယ်။

အဲ့ဒီနောက် စစ်အုပ်စုက ပုလဲနယ်ထဲ အင်အားဖြည့်ကာ ဗိုလ်နဂါး အခြေပြုခဲ့ရာ ကျေးရွာတွေကို ဖေဖေါ်ဝါရီ ၂၄ရက်မှာ စတင် စစ်ကြောင်းထိုးပြီး ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့တာ ဖြစ်ပါတယ်။

ပုလဲနယ်ထဲ ရွာစဉ်ပတ်မွှေတဲ့ အာဏာသိမ်း စစ်အုပ်စုနဲ့ NUG ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ဖေဖေါ်ဝါရီ ၂၈နဲ့ မတ်လ ၁ရက်မှာ ပုလဲနယ် ချဉ်ပျစ်ရွာအနီးမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုက အခုလို ကျေးရွာတွေကို ဗုံးပတ်ကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ပုလဲနယ် ကျေးရွာတွေကို တိုက်လေယာဉ် သုံး၊ လေးစီးနဲ့ တပြိုင်တည်း ဗုံးလာကြဲတာ၊ Y-12 နဲ့ နာရီနဲ့ချီကြာ ဗုံးပတ်ကြဲတာ၊ စက်တပ်လေထီး သုံးစီးနဲ့ တပြိုင်တည်း ဗုံးကြဲတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် ချင်ပြစ်ကျင်း၊ နွယ်အင်း၊ ချဉ်ပျစ်၊ မုံသွင်၊ ပေါက်သဖ၊ ကြာစီ၊ ပိတောက်ကုန်း၊ ဆည်တော်ဦး စတဲ့ ကျေးရွာတွေ အပါအဝင် ပုလဲနယ် မြောက်ပိုင်ဒ ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်မယ် ထင်တဲ့ နေရာတွေဆီ ထွက်​ပြေးတိမ်းရှောင် နေကြရပါတယ်။

မတ်လ ၄ရက် ညပိုင်းက ပုလဲနယ် မရိုးတုန်းကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက ဗုံးပတ်ကြဲ သတ်ဖြတ်ပြီးနောက် နာရေးလုပ်နေချိန် ထပ်မံ ဗုံးကြဲလို့ ပြည်သူတွေ အလောင်းချန်ထားရစ်ကာ ထွက်ပြေးကြရစဉ်/Photo – ပေးပို့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #စစ်ကိုင်း #ပုလဲ

Related Articles

Back to top button