
ရွှေဥ၊မှူးအိမ်ဂျယ်လ်/MFP၊ မတ်-၆
လက်ရှိ ရင်ဆိုင်နေရတဲ့ စက်သုံးဆီအကြပ်အတည်းရဲ့ နောက်ဆက်တွဲအနေနဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသ တော်တော်များများမှာ ကုန်စျေးနှုန်း တက်တာတွေ စတင်ရင်ဆိုင်နေရပြီလို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်အတွင်းမှာတော့ စစ်ဘေးရှောင်တွေ အများစု နေထိုင်ကြတဲ့ ပျဉ်းကိုင်း၊ ထမောင်း၊ ချောင်းဝ၊ ရှားတော၊ အင်း၊ မအူ၊ မြို့မ၊ သာစည်၊ ဝရဲ စတဲ့ ကျေးရွာတွေမှာ စက်သုံးဆီ ပြတ်လပ်နေသလို အခြေခံ စားသောက်ကုန်တွေ ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား စျေးနှုန်းတွေလည်း အဆမတန် မြင့်တက်လာကာ လိုသလောက် ဝယ်ယူလို့ မရဘူးလို့ မင်းကင်းမြို့နယ် စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
“အခုကတော့ မင်းကင်းမြို့နယ်ကတော့ ဆီဈေးရော ကျန်တဲ့ အစစအရာရာ အကုန်လုံး ဈေးကတော့ တက်ပြီပေါ့။ တက်ပြီးတော့ ဒါပေါ့လေ လေကြောင်း အန္တရာယ်ကလည်း နည်းနည်းမဟုတ်ဘူး။ လောလောဆယ် ဓာတ်ဆီကတော့ ဘယ်လောက်ပေးပေး ဝယ်လို့ကို မရတော့တာဗျ။ လောလောဆယ် ကတော့ ဘာပစ္စည်းပဲ ဖြစ်ဖြစ် ဝယ်လို့လည်း မလွယ်ဘူး။ ရှိတဲ့သူကလည်း မရောင်းဘူး။ အဲ့လိုမျိုး ဖြစ်နေတာ”လို့ သူက ပြောပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ထဲမှာလည်း ဆန်၊ဆီစျေးတွေ စတင် မြင့်တက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားရာ ဒေသက သူတွေကတော့ အရင်က စိုးရိမ်ခဲ့ရတဲ့ လမ်းခရီးလုံခြုံရေး အခက်အခဲအပြင် အခုလို စက်သုံးဆီစျေးတွေ မြင့်တက်လာတာကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရ ပိုမိုခက်ခဲပြီး စျေးနှုန်းတွေ အဆမတန် မြင့်တက်မှာကို စိုးရိမ်နေကြတာပါ။
“ကျမတို့ မိုးကုတ်ဆို စားသောက်ကုန်အပါအတွင် ကုန်စည်တော်တော်များများက မန္တလေးက အဓိက သွင်းရတာပေါ့။ အခုဆီစျေးတွေ တက်လာတော့ ကုန်စျေးနှုန်း အဆမတန် တက်လာမှာကို စိုးရိမ်ပါတယ်” လို့ လတ်တလော တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မိုးကုတ်ဒေသ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ စက်သုံးဆီ အကြပ်အတည်းကို နိုင်ငံတဝှမ်းခံစားနေရပြီး စက်သုံးဆီ စျေးနှုန်းတွေ နှစ်ဆ၊ သုံးဆ၊ လေးဆအထိ ဒေသအလိုက် မြင့်တက်နေသလို လိုသလောက် ဝယ်ယူလို့မရတဲ့ အခက်အခဲတွေလည်း ရှိနေတာပါ။ ယခင်က ဓာတ်ဆီ 92 တစ်လီတာကို ငွေကျပ် ၃၀၀၀ ဝန်းကျင်ကနေ အခုအချိန်မှာ ဒေသအလိုက် ၈၀၀၀ ကနေ ၁၂၀၀၀ အထိ ပေါက်စျေးရှိနေပြီး အချို့ဒေသတွေဆို တစ်လီတာကို ၂၀၀၀၀ ကျပ်အထိကို မြင့်တက်နေတယ်လို့ ဆိုပါတယ်။

စက်သုံးဆီစျေး မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အခြေခံစားသောက်ကုန်တွေရဲ့ စျေးနှုန်းတွေကတော့ မြင့်တက်နေပေမယ့် နေရာဒေသပေါ် လိုက်ပြီး ကွဲပြားနေပြီး ရောင်းချသူတွေကလည်း ထိန်းပြီး ရောင်းနေရတယ်လို့ ဆိုပါတယ်။
မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်သူ ဦးအောင်ကလည်း အခုအကျပ်အတည်းမှာ စစ်ရှောင်ဒေသက သူတွေဟာ အခြားဒေသထက် ပိုမိုခံစားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“စက်သုံးဆီ စျေးနှုန်းကြီးမှုက နောက်ဆက်တွဲရဲ့ အကျိုးဆက်တွေက အင်မတန် များပါတယ်။ အဲ့ထဲမှာတော့ အထူးသဖြင့်တော့ ကုန်ဈေးနှုန်းပေါ့နော်။ အဲဒီတော့ သယ်ယူပို့ဆောင်ရေး စရိတ်တွေ မြင့်လာတာနဲ့အမျှပေါ့ နောက်တစ်ခါပြီးရင် ကုန်ထုတ်လုပ်မှုတွေပေါ့နော်။ ထုတ်လုပ်မှုတွေမှာ စက်သုံးဆီ တွေသုံးပြီးတော့ လည်ပတ်နေရတဲ့ စက်ရုံအလုပ်ရုံတွေက ဒါ လုပ်ငန်းတွေ ထုတ်လုပ်မှု နည်းလာမယ်။ တချို့ဆိုရပ်ဆိုင်းသွားမယ်ပေါ့နော်။ အဲ့တော့ စျေးနှုန်းကြီးမြင့်မှုတွေ ထပ်လာမယ်။ အဆိုးဆုံးကတော့ စစ်ရှောင်ဒေသတွေမှာ ရှိနေတဲ့ ပြည်သူလူထုတွေပေါ့နော်။ နဂိုက သူတို့က အင်မတန်ကို ကြပ်ကြပ်တည်းတည်း နေနေရတဲ့ကြားထဲမှာ အခုလို စက်သုံးဆီကိစ္စ ပြတ်လပ်မှုတွေ ဖြစ်လာမယ်ဆိုရင် အဲဒီဒေသတွေရဲ့ လူမှုဒုက္ခက ကျွန်တော်တို့ သာမန်ထက် ပိုပြီးတော့ နှစ်ဆ မြင့်သွားနိုင်တယ်” လို့ သူက ပြောပါတယ်။


အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က စက်သုံးဆီ အဓိက သယ်ယူရာ လမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်တာကြောင့် ကမ္ဘာ့ စက်သုံးဆီဈေးလည်း မြင့်တက်လာပြီး စက်သုံးဆီ အကျပ်အတည်းကို ကမ္ဘာအနှံ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
အဲဒီလို စက်သုံးဆီ အကျပ်အတည်း ဖြစ်တဲ့အတွက် စစ်အုပ်စုဟာ အများပြည်သူသုံး မဟုတ်တဲ့ ပုဂ္ဂလိကပိုင် ကား၊ ဆိုင်ကယ်တွေကို မတ်လ ၇ ရက်ကစပြီး တစ်ရက်ခြားတစ်ခါသာ အသုံးပြုကြဖို့ ထုတ်ပြန်ထားပါတယ်။

မန္တလေး – မိုးကုတ် ခရီးသွားကားတွေနဲ့ စက်သုံးဆီ ဝယ်ယူခွင့်ရရေး တန်းစီနေကြသူတွေ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မန္တလေး #စစ်ကိုင်း #စက်သုံးဆီပြတ်လပ်



