မန္တလေးသတင်း

မန္တလေးမှာ စစ်အုပ်စုက Non CDM တွေအတွက် နေ့စဉ်ဆိုင်ကယ်စီးကတ်တွေ ထုတ်ပေး၊

ဖိုးချို/MFP၊ မတ် – ၇

စက်သုံးဆီ ခြွေတာရေးအတွက်လို့ဆိုကာ ပြည်သူတွေကို ကား၊ဆိုင်ကယ် နေ့စဉ် မစီးခိုင်းဘဲ ရက်ခြား စီးခိုင်းနေတဲ့ အာဏာသိမ်း စစ်အုပ်စုက သူတို့ရဲ့ လက်အောက်ခံ Non CDM တွေကိုတော့ နေ့စဉ် ယာဉ်စီးကတ်တွေ ထုတ်ပေးနေတယ်လို့ Non CDM ဝန်ထမ်း အသိုင်းအဝိုင်းက MFP ကို ပြောပါတယ်။

မတ်လ ၇ရက် ဒီကနေ့က စတင်ကာ နိုင်ငံတဝန်းရှိ ကားနဲ့ဆိုင်ကယ်တွေကို စုံနဲ့မ ခွဲခြားကာ ရက်ခြား စီးနင်းအသုံးပြုဖို့နဲ့ သူတို့ခိုင်းတဲ့အတိုင်း မလုပ်တဲ့သူတွေကို ဖမ်းဆီးမယ်လို့ စစ်အုပ်စုက စာထုတ်ပြီးနောက် Non CDM တွေကိုတော့ နေ့စဉ်ယာဉ်အသုံးပြုခွင့်ကတ်တွေ ထုတ်ပေးတာလို့ ဆိုပါတယ်။

“ဝန်ထမ်းတွေအတွက်တော့ စုံ၊မ စနစ်မှာ သုံးဖို့ ထောက်ခံစာ စီစဉ်ပေးထားတယ်ဆိုတော့ အဆင်ပြေပါတယ်၊ အခြေခံ လက်လုပ်လက်စားတွေ၊ နေ့စား ပုဂ္ဂလိက ဝန်ထမ်းတွေအတွက်တော့ သွားရေး၊ လာရေး ခက်ခဲကြမှာ” လို့ မန္တလေးမြို့နေ Non CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုက ကား၊ ဆိုင်ကယ်တွေကို နေ့စဉ်စီးခွင့်မပေးဘဲ ရက်ခြား စီးနင်းခိုင်းတဲ့ စုံ၊မ စနစ်ဟာ ပြည်သူကို ဒုက္ခပေးဖို့ သက်သက်သာ ဖြစ်တယ် လို့ မန္တလေးဈေးချိုတော်ရှိ ပုဂ္ဂလိက အရောင်းဆိုင်ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

“ဒီနေ့တော့ စောစော ထသွားလိုက်တယ်၊ နောက်ရက်တွေလည်း အခြေအနေ ကြည့်သွားရမှာပဲ၊ နောက်တစ်စီးဝယ်ဖို့ဆိုတာ ကျနော်အတွက် လွယ်တဲ့ကိစ္စမှ မဟုတ်တာ၊ မန္တလေးမှာက လိုင်းကားစနစ်မှ မရှိတော့တာ၊ စစ်ခွေးဂျပု ဘာကိုတွေးပြီး စောက်တလွဲ လုပ်တာလည်း စဉ်းစားမရဘူး၊ စစ်အုပ်စုက ဘာအမိန့်ထုတ်ထုတ် အဓိက ထိတာတော့ အောက်ခြေ အခြေခံလူတန်းစားတွေပါပဲ၊ စုံ၊မစနစ်ကို မော်တော်ယာဉ် အသုံးပြုရက်အစား ဆီရောင်းပေးတဲ့ စုံ၊မ စနစ်ဆို ပိုအဆင်ပြေနေတာကို”

ကား၊ဆိုင်ကယ်၊ မော်တော်ယာဉ်တွေကို စုံ၊မ ရက်ခြား စီးဖို့ အမိန့်ထုတ်ထားပြီး မလိုက်နာပါက မတ်လ ၁၄ ရက်က ဖမ်းဆီးအရေးယူတာတွေကို လုပ်မယ်လို့ စစ်အုပ်စုက ကြေညာထားပါတယ်။

တချိန်တည်းမှာပဲ မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်တွေက မတ်လ ၅ရက်က စတင်ကာ ပြည်သူကို စက်သုံးဆီ လိုသလောက် ရောင်းမပေးဘဲ အကန့်အသတ်နဲ့သာ ရောင်းချနေသလို စက်သုံးဆီ ဝယ်ယူခွင့်ရရေး အချိန်ပေး တန်းစီကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စက်သုံးဆီ လိုသလောက်ဝယ်မရဘဲ ရှားပါးလာတာနဲ့အမျှ စျေးနှုန်းလည်း မြင့်တက်လာပြီး စစ်အုပ်စု ခွင့်ပြုချက်နဲ့ ဖွင့်တဲ့ ဆိုင်တွေမှာ ဓာတ်ဆီ တစ်ဂါလံကို ကျပ် ၂၀၀၀ ဝန်းကျင် စျေးမြင့်တက်လာသလို ပြင်ပ လမ်းဘေးက ဆိုင်တွေမှာ ဓာတ်ဆီတစ်ဂါလံကို ကျပ် ၁၀,၀၀၀ ဝန်းကျင် စျေးတက်လာတယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ရာ အရှေ့အလယ်ပိုင်းဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အီရန်က စက်သုံးဆီ အဓိက သယ်ယူရာ လမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်တာကြောင့် ကမ္ဘာ့ စက်သုံးဆီ ဈေးလည်း မြင့်တက်လာပြီး မြန်မာနိုင်ငံမှာလည်း စက်သုံးဆီ ရှားပါးတာနဲ့ စျေးမြင့်တက်တာတွေ ကြုံလာရတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #စစ်ကိုင်း #ပုလဲ

Related Articles

Back to top button