စစ်ကိုင်းဆောင်းပါး

မဲတစ်ရုံအတွက်ဘဝများစွာ

ဆားလင်းကြီးက ရယ်စရာဇာတ်လမ်းကို အနီးကပ်ကြည့်သောအခါ

သုထက်၊ ဂျီဂျီ/

တရုတ်ရဲ့မျက်နှာရဖို့ အကြံအဖန်ရွေးကောက်ပွဲဇာတ်လမ်းတစ်ပုဒ် စစ်အုပ်စုကပုံဖော်ခဲ့တဲ့အကြောင်းပါ။ နိုင်ငံကျော်ကြေးနီနယ်မြေ ဆားလင်းကြီးမှာ တစ်ခုတည်းသောမဲရုံတစ်ရုံထောင်ဖို့ စစ်အုပ်စုက လပေါင်း များစွာ အင်အားသုံး အစီအမံချမှတ်ခဲ့ပြီး ဒီစစ်ဆင်ရေးကြောင့် ဒေသခံပေါင်းထောင်သောင်းနဲ့ချီဟာ ဒုက္ခနဲ့ကြုံခဲ့ရပါတယ်။

ဇန်နဝါရီ ၂၅ မှာ အပိုင်း (၃) အဖြစ် စစ်ကိုင်းတိုင်းထဲက ဆားလင်းကြီးနဲ့ ကနီမြို့နယ်တွေမှာ ရွေးကောက် ပွဲကျင်းပခဲ့ပြီးပါပြီ။ ဒီထဲက ဆားလင်းကြီးမြို့နယ်ကို အနီးကပ်ကြည့်တဲ့အခါ ကျယ်ဝန်းလှတဲ့မြို့နယ် တစ်ခုလုံးမှာ ကျေးရွာအုပ်စုတစ်ခု၊ ဒီအုပ်စုထဲက ကျေးရွာ (၄) ရွာရှိတဲ့အနက် (၁) ရွာတည်းမှာ မဲရုံ (၁) ရုံဖွင့်ပြီး တစ်နယ်လုံးရွေးကောက်ပွဲလုပ်ခဲ့တဲ့သဘောနဲ့ ကိုယ်စားလှယ်တင်မြောက်ခဲ့ တာတွေ့ရပါတယ်။

ဒီတစ်ခုတည်းသော မဲရုံကလည်း တရုတ်သတ္တုတူးကုမ္ပဏီတွေနဲ့ ဝန်ထမ်းတွေနေထိုင်တဲ့ မိုင်းမြို့အတွင်းက တရုတ်ပိုင်-မြန်မာယန်စီ စက်ရုံဝင်းအတွင်းက စာသင်ကျောင်းမှာဖြစ်ပါတယ်။

“ဆားလင်းကြီးမှာ (ကျေးရွာ)အုပ်စုပေါင်း ၄၂ အုပ်စုရှိတဲ့အနက် ဝန်ထမ်းနယ်မြေဖြစ်တဲ့ ဒုံးတောအုပ်စု၊ အဲ့ဒီဒုံးတောအုပ်စုမှာ ပါဝင်တဲ့ကျေးရွာတွေ တစ်ရွာမှ မဲပေးဖို့အခွင့်အရေးမရှိသလို ဒီဒုံးတောအုပ်စုထဲ ပါဝင်တဲ့ ကြေးနီမိုင်း (မိုင်းမြို့)တစ်ခုတည်းသာ မဲပေးဖို့ မဲရုံဖွင့်လှစ်သွားတာ” လို့ ဆားလင်းကြီးမြို့နယ် ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

“ဒီထဲ (စက်ရုံဝင်းအတွင်း) မှာလုပ်လို့ရှိရင် သူတို့က Cover ကြီး အပြီးအစီးရနေပြီလေ” လို့ ဒေသခံအမျိုးသမီးက မချင့်မရဲဆိုပါတယ်။

မိုင်းမြို့၊ယန်စီစက်ရုံဝင်းအတွင်း စက်ရုံလုပ်သားများ ဇန်နဝါရီ ၂၅ ရက်က မဲပေးခဲ့စဉ်

ဒေသခံရှင်းပြခဲ့တဲ့ ဒုံးတောအုပ်စုထဲမှာ ဒုံးတော၊ ဂုဏ်တော၊ ရွာသာ နဲ့ မိုင်းမြို့တို့ ပါဝင်ပါတယ်။ ဒုံးတောကျေးရွာဟာ အာဏာာသိမ်းနှစ်၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက ကလေးငယ် ငါး ဦးအပါအဝင် အရပ်သား ၁၁ ဦးကို စစ်အုပ်စုက အစုလိုက် မီးရှို့သတ်ခဲ့တာကြောင့် ဒုံးတောရွာ လူသတ်မှုအဖြစ် နာမည်ကြီးတဲ့ရွာ ဖြစ်ပါတယ်။

■ ထူးခြားချက်များနဲ့ ဆားလင်းကြီး

စစ်ကိုင်းတိုင်းမှာ ရွေးကောက်ပွဲလုံးဝမလုပ်နိုင်တဲ့ မြို့နယ်က ၁၂ ခုရှိခဲ့ပါတယ်။ ရွေးကောက်ပွဲလုပ်ခဲ့တဲ့ မြို့နယ်ပေါင်း ၂၅ ခုမှာ နေရာကွက်ပြီး ရွေးကောက်ပွဲလုပ်ရတာက ၂၂ မြို့နယ်ရှိခဲ့ပါတယ်။

ထူးထူးခြားခြား ဆားလင်းကြီးမြို့နယ်မှာတော့ နေရာကွက်ပြီးလုပ်တာတောင် (၁) နေရာတည်း ပဲဖြစ်ပါတယ်။ အထက်မှာဆိုခဲ့သလို မြန်မာ-ယန်စီ စက်ရုံဝင်းထဲမှာပါ။

ဒီတစ်နေရာထဲမှာလုပ်တာကလည်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၃) နေရာတစ်ခုတည်း အတွက်သာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်နေရာမှာ ပြိုင်ဘက် မရှိတာကြောင့် ကြံ့ခိုင်ရေးပါတီ (USDP) ဝင်ဖြစ်ကြတဲ့ ဦးအောင်ဇော်ဦး (တိုင်းလွှတ်တော်) နဲ့ ဦးစောမောင် (ပြည်သူ့လွှတ်တော်) အနိုင်ရခဲ့ကြောင်း ဇန်နဝါရီ ၂ ရက်နေ့ကတည်းက ကြေညာပြီးပါပြီ။

အမျိုးသားလွှတ်တော်နေရာအတွက် ဆားလင်းကြီးဟာ မဲဆန္ဒနယ် (၃) အဖြစ် ကလေး၊ ကလေးဝ၊ မင်းကင်း၊ ကနီတို့နဲ့အတူ ယင်းမာပင်ခရိုင်အတွင်းက မြို့နယ်တစ်ခုအဖြစ်ပါဝင်ပါတယ်။ ဆားလင်း ကြီးမှာ မဲရုံမထောင်နိုင်ရင်လည်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၃) အတွက် ကြီးမားတဲ့အပြောင်း အလဲမရှိပါဘူး၊ သို့သော် မဲရုံတစ်ရုံထောင်နိုင်ဖို့ စစ်အုပ်စုက လနဲ့ချီပြီး ပြင်ဆင်ခဲ့ကြပါတယ်။

စစ်အုပ်စုဟာ တရုတ်ရင်းနှီးမြှုပ်နှံသူတွေကြား မျက်နှာရအောင် အခုလို မဲရုံတစ်ရုံဖွင့်ဖို့အတွက်ကိုပဲ အင်အားသုံး ပြင်ဆင်ခဲ့တာလို့ မြို့နယ်အတွင်းက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MFP ကို ပြောပါတယ်။

“တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းဖြစ်တဲ့အတွက် ဒီဒေသက အေးချမ်းပါတယ်ဆိုပြီးတော့ တရုတ် အပါအဝင် နိုင်ငံတကာကို ပြသချင်တာဖြစ်တဲ့အတွက် ပြိုင်ဘက်မရှိတဲ့ မဲဆန္ဒနယ်မှာ မဲပုံးထောင်ပြီး တော့ ရွေးကောက်ပွဲအတုပြုလုပ်တာ” လို့ သူက မှတ်ချက်ပေးပါတယ်။

■ မဲတစ်ရုံအတွက် ဘဝများစွာ

ဆားလင်းကြီးမြို့နယ်ရဲ့ ၉၀ ရာခိုင်နှုန်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး စစ်အုပ်စုဟာ မြို့ပေါ်နဲ့ လက်ပတောင်းတောင်၊ စံပါယ်တောင်နဲ့ ကြေးစင်တောင် စတဲ့ ကြေးနီစီမံကိန်းတွေရှိရာ သတ္တုတွင်းတွေမှာ အင်အား ၄၀၀ ထက်မနည်းတဲ့ အရေအတွက်နဲ့ တပ်စွဲထားပါတယ်။ ဒီသတ္တုတွင်းတွေကို တရုတ်ကုမ္ပဏီဖြစ်တဲ့ ဝမ်ပေါင်နဲ့ မြန်မာ-ယန်စီ တို့က စစ်တပ်နဲ့ပူးပေါင်းပြီး လည်ပတ်နေကြတာဖြစ်ပါတယ်။

အာဏာသိမ်းစ ၂၀၂၁ ခုနှစ်မှာ ဒီစက်ရုံထဲက လုပ်သားအများစု CDM ပြုလုပ်သွားခဲ့တာကြောင့် သတ္တုတွင်းတွေ ရပ်နားခဲ့ရပေမယ့် ၂၀၂၄ နှစ်လယ်မှာတော့ လုပ်သားတွေပြန်ဝင်လာခဲ့ပြီး သတ္တုတွင်းတွေ ပြန်လည်ပတ်ခဲ့ပါတယ်။ စစ်တပ်ကလည်း လစဉ်လတိုင်း ဒီသတ္တုတွင်းတွေဆီကို ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ မုံရွာတိုင်းစစ်ဌာနချုပ်ကတဆင့် ယာဉ်တန်းနဲ့ ပေးပို့ထောက်ပံ့ပေးနေခဲ့ပါတယ်။

ရွေးကောက်ပွဲမပြုလုပ်ခင် ၂ လ၊ အောက်တိုဘာ ၁၈ မနက်ပိုင်းကစတင်ကာ စစ်တပ်က အဖွဲ့နှစ်ဖွဲ့ခွဲကာ ဆားလင်းကြီးမြို့နယ်အတွင်းကို စတင်ပြီး စစ်ကြောင်းထိုးခဲ့ပါတော့တယ်။

ဒီစစ်ကြောင်းရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဆားလင်းကြီးနယ်အတွင်းက လက်ပံတောင်း၊ ရွှေလှေ၊ ပလောင်၊ ကူးတို့ကုန်း၊ ဝဲကြီး၊ ဝဲကွဲ၊ ဝှက်မှေး၊ ကံတော၊ ဇီးတော၊ ဆည်တဲ၊ သဲကောကြီး၊ လယ်တီ၊ တုံ၊ တောကျောင်း၊ ဖောင်းကတာ၊ ထန်းတောကြီး စတဲ့ ကျေးရွာတွေက ပြည်သူ ၁၅,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးကာ စစ်ဘေးရှောင်နေကြရပြီး အများစုဟာ အခုထိ နေရပ်ကို မပြန်နိုင်ကြသလို ပစ္စည်းဥစ္စာတွေလည်း လုယက်ခံခဲ့ရပါတယ်။ ဒီကျေးရွာအများစုဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း သတ္တုတွင်းစီမံကိန်းကြောင့် မြေအစားပြန်ရထားတဲ့ ရွာတွေဖြစ်ကြပါတယ်။

ဆားလင်းကြီးမြို့နယ်အတွင်း စစ်ဘေးရှောင် ၁၅,၀၀၀ ကျော်ရှိသည်ဟု စစ်ဘေးရှောင်ထောက်ပံ့ကူညီသူများ၏ စာရင်းများကဆိုသည်။ (Photo-CJ)

စစ်အုပ်စုဟာ ကျေးရွာတွေကို စီးနင်းရုံသာမက ရွာသားအချို့ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် သုံးကာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ စခန်းချတဲ့နေရာတွေကို တိုက်ခိုက်ခဲ့ပါတယ်။ ဆယ်တဲရွာက အမျိုးသားနှစ်ဦးဟာ ဒီလိုအဖမ်းခံရပြီးနောက် ပြင်းထန်စွာနှိပ်စက်ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ပါသေးတယ်။ ဒီထဲက အမျိုးသားတစ်ဦးရဲ့ ခြေထောက်တစ်ဖက်ကို ချိုးပြီး စစ်တပ်က လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တာကို တွေ့ခဲ့ရတယ်လို့ ဖောင်းကတာကျေးရွာတိုက်ပွဲမှာ စစ်အုပ်စုနဲ့ ရင်ဆိုင်ခဲ့စဉ်ကအကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။

ရွေးကောက်ပွဲကျင်းပမည့် လဖြစ်တဲ့ ဇန်နဝါရီ ၁၁ ရက်မှာ တရုတ်ပိုင် မြန်မာယန်စီ ကြေးနီကုမ္ပဏီဝင်းထဲက ထွက်လာတဲ့ အင်အား ၁၅၀ ခန့် စစ်အုပ်စုဟာ စက်ရုံရဲ့ လမ်းတစ်ဖက်ခြမ်းမှာရှိတဲ့ ဝါးတန်းကျေးရွာကို စီးနင်းကာ ကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်တာကြောင့် လက်နက်ကြီးတစ်လုံးက နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ပျက်စီးသလို အိမ်ထဲရှိ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၂၁ ရက်က မြန်မာယန်စီကုမ္ပဏီ ပတ်ပတ်လည်မှာရှိတဲ့ အနီးဝန်းကျင်ကျေးရွာတွေကို နှစ်ဖွဲ့ခွဲပြီး စစ်ကြောင်းထိုးသလို လက်နက်ကြီးနဲ့လည်း ပစ်နေခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ တိုင်းစစ်ဌာနချုပ် မုံရွာနမခက စစ်သားတွေကို အင်အားအလုံးအရင်းနဲ့ စေလွှတ်ပြီး မြို့နယ်အတွင်း နေ့ညဆက်တိုက် စစ်ကြောင်းထိုး၊ လက်နက်ကြီးပစ်သလို အင်အား ၁၀၀ ကျော်ဟာ မြန်မာယန်စီကုမ္ပဏီရှိတဲ့ မိုင်းမြို့ရဲ့ အနောက်တောင်ဘက်ရှိ ရာဇာကျော်ရွာထဲမှာ တစ်ဖွဲ့၊ အင်အား ၇၀ ဟာ မိုင်းမြို့ရဲ့ အနောက်ဘက် တယ်ပင်ကန်ရွာထဲမှာ တစ်ဖွဲ့ စီးနင်းနေရာယူခဲ့ကြပါတယ်။

ဒီလိုစီးနင်းမှုတွေကြောင့် ဖောင်းကတာတောင်ရွာ၊ အလယ်ရွာနဲ့ မြောက်ရွာ၊ မိုးကြိုးပြင်တောင်ရွာ၊ အလယ်ရွာနဲ့ မြောက်ရွာ၊ ဝါးတန်း၊ တယ်ပင်ကန်နဲ့ ရာဇာကျော် စတဲ့ ကျေးရွာတွေက ပြည်သူ ၁၀,၀၀၀ ဝန်းကျင်ဟာလည်း ထပ်ပြီး အရေးပေါ် စစ်ဘေးရှောင်ကြရတာပါ။

“ညကြီးကို (စစ်ကြောင်း) ထိုးလာတာဆိုတော့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဘာမှ သိပ်ပြီး ယူမသွားနိုင်ကြပါဘူး။ စောင်တွေဆိုလည်း ယူမသွားနိုင်ဘူး။ ခဲရာခဲဆစ်ဖြစ်ပြီး တော်တော်လေးကို ဒုက္ခရောက်တယ်” လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

“ကမန်းကတမ်းပြေးရတာဆိုတော့ ပြည်သူတွေက ဘာဆိုဘာမှ သယ်မသွားနိုင်တာ။ အဲ့ဒါတွေအကုန် ကားပေါ်တင်သွားကြတာပဲ။ ဖွင့်မရတဲ့တံခါးတွေဆိုရင် ဒိုင်းလွှကြီးနဲ့ လှီးပြီး ဖြတ်သွားတယ်။ ဘွတ်ဖိနပ်တွေနဲ့ ကန်ဖွင့်သွားတယ်” လို့ စစ်ရှောင်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ရွေးကောက်ပွဲအကြိုညဖြစ်တဲ့ ဇန်နဝါရီလ ၂၄ ရက် ညပိုင်းမှာလည်း မဲရုံလုပ်မယ့် ယန်စီကုမ္ပဏီထဲကနေ အနီးဝန်းကျင်ကျေးရွာတွေဘက် လက်နက်ကြီးတွေနဲ့ ရှစ်ချက် ပစ်ခတ်ခဲ့သလို ပွိုင့်ဖိုက်လို့ယူဆရတဲ့ စက်သေနတ်တွေနဲ့ ညလုံးပေါက် ရမ်းကားပစ်ခတ်နေခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

■ တိုက်ပွဲတွေကြား က ကြံခိုင်ရေးအမတ်

ဇန်နဝါရီ ၂၅ ရက်နေ့ အစောပိုင်းမှာ မိုင်းမြို့ မြန်မာယန်စီဝင်းအတွင်းက စက်ရုံလုပ်သားအများစု မဲပေးခဲ့ကြပါတယ်။ ဒီမိုင်းမြို့အတွင်းမှာ လုပ်သားပေါင်း ၂၀၈၆ ဦးသာရှိတယ်လို့ ၂၀၂၃ ခုနှစ် ထွေအုပ်အချက်အလက်က ဆိုပါတယ်။ စစ်အုပ်စုပိုင် သတင်းစာက ဆားလင်းကြီး၊ ဒုံးတောအုပ်စုမှာ မဲရုံ ၃ ရုံ ဖွင့်လှစ်ခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ပေမယ့် တကယ်တော့ ဒီမဲရုံ ၃ ခုလုံးဟာ မိုင်းမြို့ မြန်မာ-ယန်စီ စက်ရုံဝင်းက စာသင်ကျောင်းအတွင်းမှာပဲ ဖြစ်ပါတယ်။

“မဲပေးရတဲ့ အခြေအနေမျိုးဖြစ်လာတဲ့အတွက် ရာထူးတိုးတွေ၊ လစာကောင်းဖို့၊ နေရာကောင်းရဖို့ ဆိုတာတွေ Non-CDM လုပ်သားတွေကတော့ မဲစာရင်းပါလည်း ပေးလိုက်တဲ့အနေအထားမျိုး” လို့ ဒုံးတောအုပ်စုမှာ နေထိုင်တဲ့ ဒေသခံတစ်ဦး ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေအရ ဆားလင်းကြီးမြို့နယ် တစ်ခုလုံးမှာ မဲပေးနိုင်သူ ဦးရေ တစ်သိန်းကျော် (၁၂၃,၉၆၀) ရှိပါတယ်။ ဒီပမာဏရဲ့ အစွန်းထွက် လူဦးရေသာဖြစ်တဲ့ မိုင်းမြို့က စက်ရုံလုပ်သား ၂၀၀၀ ဝန်းကျင်ရဲ့ မဲတွေ စုပေါင်းပြီးနောက် ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော် အတွက် အမတ်တစ်ဦး နိုင်ခဲ့ပါတယ်။

သူမက ကြံ့ခိုင်ရေးဗဟိုကော်မတီဝင် တရုတ်-မြန်မာကပြားတစ်ဦးဖြစ်တဲ့ ဒေါ်ကျော့ယဉ်ဝင်း ပါ။ ယင်းမာပင် ဇာတိဖြစ်တဲ့ သူမက ကြံ့ခိုင်ရေးပါတီကို အစောပိုင်းမှာ ဝင်ရောက်ခဲ့တဲ့ နှစ်ရှည်ပါတီဝင် တစ်ဦးဖြစ်သလို လူငယ်ရေးရာကော်မတီ၊ အမျိုးသမီးကော်မတီ စတာတွေကို ဦးဆောင်ဖို့ နေရာပေးခံရသူလည်း ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်လာသူကြံ့ခိုင်ရေးဗဟိုကော်မတီဝင် တရုတ်-မြန်မာကပြားဒေါ်ကျော့ယဉ်ဝင်း

သူမဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့ ပီကင်းတက္ကသိုလ်မှာ Dongfang Scholarship 2023 အဖြစ် State Governance and Administration Short Training Course ရယူခဲ့ပြီး ကြံ့ခိုင်ရေးပါတီက လူငယ်တွေကို တရုတ်နိုင်ငံကို ရက်တိုပညာသင် လွှတ်ဖို့ ချိတ်ဆက်ဆောင်ရွက်ပေးပါတယ်။

ဒေါ်ကျော့ယဉ်ဝင်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဆားလင်းကြီးမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် NLD ကိုယ်စားလှယ်လောင်းကို မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် ယခုရွေးကောက်ပွဲမှာတော့ မဲအများဆုံးနဲ့ အမျိုးသားလွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။

ရွေးကောက်ပွဲပြီး နောက်တစ်ရက် ဇန်နဝါရီ ၂၆ မနက်မှာ စစ်အုပ်စုဟာ ဆားလင်းကြီးနယ်ထဲက တပ်စွဲထားတဲ့ ကျေးရွာတွေကနေ ပြန်လည်တပ်ခေါက်ကာ ယန်စီနဲ့ ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း ဝင်ရောက်သွားကြပါတယ်။ မဲရုံက မဲပုံးတွေကိုတော့ သံပြားကာကားတွေ၊ အိမ်စီးကားတွေနဲ့ စက်လက်နက်ပါ ကားတစ်စီးကို သုံးပြီး လုံခြုံရေးယူကာ ချင်းတွင်းမြစ်ကို ဇက်နဲ့ကူး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို သယ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

ဒေသတွင်းက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကတော့ စစ်အုပ်စုဟာ တရုတ်နိုင်ငံနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို မျက်နှာရဖို့နဲ့ အခြေအနေတည်ငြိမ်ကြောင်း ပြသဖို့ ကြေးနီနယ်မြေအတွင်းမှာ ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်ခဲ့တယ်လို့ မချင့်မရဲ ဆိုကြပါတယ်။

“ပြည်သူလူထုရဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲ အကျပ်အတည်းကနေပြီးတော့ လုပ်ရတဲ့၊ ပတ်ပတ်လည် ဝိုင်းပိတ်ဆိုထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကိုင်နယ်မြေ တရုတ်စီမံကိန်းမှာ အရဲကိုးပြီး အမိုက်စွန့်ပြီး ပြိုင်ဘက်မရှိဘဲ မဲပုံးထောင်ရတာ” လို့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲလုပ်ရတဲ့ နယ်မြေအခြေအနေအကြောင်း ဆားလင်းကြီးမြို့နယ်ရှိ တက်ကြွလှုပ်ရှားသူတစ်ဦးက MFP ကို ရှင်းပြပါတယ်။

ဒါပေမယ့် ဒီ့ထက်လေးနက်တဲ့ ပြဿနာကတော့ ကြေးနီထွက်ရှိရာ နိုင်ငံကျော် ဆားလင်းကြီးဒေသ တစ်ခုလုံးရဲ့ ရှုပ်ထွေးတဲ့ လူမှုစီးပွားနောက်ခံတွေနဲ့ မကျေလည်ခဲ့တဲ့ အတိတ်က ကတိကဝတ်တွေကို စစ်အုပ်စုက လုံးဝ နိဂုံးချုပ်လိုက်တာပါပဲ။

■ ကတိများ ပျောက်ကွယ်ခြင်း

လက်ပတောင်းတောင်နဲ့ ကြေးစင်တောင်၊ စံပါယ်တောင် တည်ရှိရာ ဆားလင်းကြီးဟာ အရပ်သား အစိုးရလက်ထက် လွှတ်တော်မှာ လူ့အခွင့်အရေးတိုက်ပွဲအတွက် အရေးပါခဲ့တဲ့ ဒေသဖြစ်ပါတယ်။ လက်ပတောင်းတောင်စီမံကိန်း စတင်တဲ့ ၂၀၁၀ ခုနှစ်က စလို့ စစ်တပ်က ဒေသခံတွေဆီက မြေယာဧက ၇၈၆၇ သိမ်းယူခဲ့ပြီး နောက်ဆက်တွဲ ပြဿနာတွေ များစွာ ဖြစ်ခဲ့ပါတယ်။

အဓိကအားဖြင့် စီမံကိန်းတွေရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး၊ နိုင်ငံတော်နဲ့ ကုမ္ပဏီ စာချုပ်ခွဲဝေမှုတွေ အတွက် ဒေသဆိုင်ရာ လွှတ်တော်အမတ်တွေက ဆွေးနွေးတဲ့အခါ စစ်တပ်နဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

၂၀၁၃ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် အကြံပြုချက်အရ မြေတစ်ဧကကို ငါးသိန်းကနေ ၁၈ သိန်းအထိ ပေးခဲ့ဖို့ ဆုံးဖြတ်ခဲ့ကြပြီး လူမှုဖွံ့ဖြိုးရေးအစီအစဉ်များ ထည့်သွင်းလုပ်ဆောင်ခြင်း စတဲ့ အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒေသခံအများအပြားက လျော်ကြေးငွေ နည်းတာကြောင့် မယူခဲ့ကြပါဘူး။

၂၀၂၀ ခုနှစ် အရပ်သားလွှတ်တော်ရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ဒေသခံတွေဟာ မြေတစ်ဧကကို သိန်း ၁၉၀ ခန့် လျော်ကြေးငွေ ရလိုကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်က တင်ပြခဲ့ပေမယ့် စစ်တပ်ကိုယ်စားလှယ်က ငြင်းဆန်ခဲ့ပါတယ်။ လွှတ်တော်သက်တမ်း မကုန်ခင် လက်ပတောင်းစီမံကိန်းက ပြဿနာတွေကို ဖြေရှင်းပေးဖို့ လိုတယ်လို့ အမတ် ဦးရဲထွဋ်က လွှတ်တော်ခန်းမက အထွက်မှာ ပြောခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းပြီးချိန်မှာတော့ ဒီညှိနှိုင်းမှုတွေနဲ့ လူ့အခွင့်အရေးတောင်းဆိုမှုတွေက နိဂုံးချုပ် သွားပါတော့တယ်။ ဆားလင်းကြီးဒေသခံအများစုဟာ စစ်တပ်အပေါ်နဂိုမကျေနပ်ရင်းစွဲရှိတာ ကြောင့်လည်း ဒီဒေသရဲ့ တော်လှန်ရေးအရှိန်ကြီးမားခဲ့ပြီး မြို့နယ်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ဒေသခံ တော်လှန်ရေးအဖွဲ့တွေကထိန်းချုပ်ခဲ့ကြပါတယ်။

ကြေးနီသတ္တုတွင်းတွေဟာ စစ်အုပ်စုအထိုင်ချတဲ့ စစ်တပ်ဝန်းတွေ ဖြစ်လာပြီး ဒေသခံတွေအပေါ် လူမိုက်ဆန်ဆန်ပဲ အကြမ်းဖက် ဆက်ဆံလာပါတယ်။
လက်ပံတောင်းတောင် စီမံကိန်းအတွက် မူလက ဒေသခံတွေဆီက မြေယာဧက ၇,၈၀၀ ကျော် သိမ်းယူခဲ့ပြီး အများစုမှာလျော်ကြေးပေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် မပြေလည်သေးတဲ့ မြေယာပြဿနာတွေ ဆက်လက်ရှိနေခဲ့ရာမှာ ၂၀၁၄ ခုနှစ်အထိ မြေဧက ၄၉၀၀ ကျော်ကိုသာ ခြံစည်းရိုး ခတ်ထားနိုင်ခဲ့ပြီး ကျန်မြေဧက ၃,၀၀၀ ခန့်မှာ ဒေသခံတွေနဲ့ မြေယာလျော်ကြေး ညှိနှိုင်းမှု မပြေလည်သေးတဲ့အတွက် စီမံကိန်းဧရိယာအဖြစ် အပြည့်အဝ ထည့်သွင်းနိုင်ခြင်း မရှိသေးခဲ့ပါဘူး။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒီလို နှစ်ရှည်ကြာ ညှိနှိုင်းနေခဲ့တဲ့ မြေယာပြဿနာတွေကို ဖြေရှင်းမယ့်အစား စစ်အုပ်စုနဲ့ စီမံကိန်းဘက်က အတင်းအဓမ္မ နည်းလမ်းတွေကို ပိုမို အသုံးပြုလာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၃ ရက်မှာ ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ကြေးနီစီမံကိန်းအနီးရှိ ဝက်မှေးနဲ့ ကန်တောရွာဘက် စိုက်ပျိုးမြေ ဧက ၇၀ ကျော်ကို သံဇကာခြံစည်းရိုး ခတ်ကာ စီမံကိန်းဧရိယာအဖြစ် ထည့်သွင်း သိမ်းယူခဲ့ပါတယ်။ အဆိုပါ မြေတွေဟာ ယခင်ကတည်းက လျော်ကြေးမပြေလည်သေးတဲ့ မြေတွေဖြစ်ပြီး ကုမ္ပဏီဘက်ကတော့ တစ်ဧကလျှင် ကျပ် ၁၈ သိန်းနှုန်းဖြင့် လျော်ကြေးပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

စစ်အုပ်စုနဲ့ တရုတ်ကုမ္ပဏီဘက်က ခြံခတ်သိမ်းပိုက်လိုက်တဲ့ ကျေးရွာနှစ်ရွာအနက် ဝက်မှေးရွာမှာ အိမ်ထောင်စု ၃၀ ခန့်နေထိုင်နေဆဲဖြစ်ပြီး ဩဂုတ်လ ၁၁ ရက်နေ့အထိ (၉ရက်ကြာအောင်) ဒေသခံတွေ ရွာအတွင်း ပိတ်မိနေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ စစ်အုပ်စုနဲ့ ကုမ္ပဏီဘက်က အဆိုပါ ကျေးရွာနှစ်ရွာနဲ့ ပတ်ဝန်းကျင် စိုက်ပျိုးမြေတွေကို သံဇကာခြံစည်းရိုးနဲ့ ပိတ်ဆို့ထားပြီး အခိုင်အမာ အုတ်တံတိုင်း ကာရံခဲ့ပါတယ်။ 

ရွာအတွင်း နေထိုင်နေတဲ့ ဒေသခံတွေကိုလည်း ကာရံပိတ်ဆို့မှုတွေ မပြီးခင် ထွက်ခွာသွားဖို့ ပြောဆိုခဲ့ပြီး မထွက်ပါက ကိုယ့်ထိုက်နဲ့ ကိုယ့်ကံသာ ဖြစ်မယ်လို့ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။စစ်အုပ်စုရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်ပေါ်ပေါက်လာခဲ့မယ်ဆိုရင်လည်း လက်ပံတောင်းတောင် စီမံကိန်းနဲ့ ဆက်နွယ်နေတဲ့ မြေယာပြဿနာတွေကို ဒေသခံတွေအကျိုးဘက်ကနေ ပြန်လည် ညှိနှိုင်းဆွေးနွေးပေးမယ့် အလားအလာ နည်းပါးနေတဲ့သက်သေပါ။ 

မပြေလည်သေးတဲ့ မြေဧက ၃,၀၀၀ ဝန်းကျင်နဲ့ ဆက်စပ်နေတဲ့ မြေယာလျော်ကြေး ပြဿနာတွေကလည်း စစ်အာဏာရှင် လွှတ်တော်အောက်မှာ ထပ်မံ ဆွေးနွေးဖြေရှင်းခံရမယ့်အစား စီမံကိန်းဘက် အလိုကျသာ ဆက်လက် ဆောင်ရွက်ခံရနိုင်တယ်ဆိုတဲ့ အခြေအနေက ဒေသခံတွေအတွက် ပိုမို သိသာထင်ရှားလာနေပါတယ်။

မကြာခင်မှာတော့ စစ်တပ်အလိုကျ လွှတ်တော်မှာ ဆားလင်းကြီးမြို့နယ်ကို ကြံ့ခိုင်ရေးအမတ်တွေက ကိုယ်စားပြုကြမှာပါ။ ဒေါ်လာသန်းနဲ့ချီ လည်ပတ်နေတဲ့ စီမံကိန်းတွေနဲ့ ရှုပ်ထွေးတဲ့ လူမှုစီးပွားတွေရှိရာ ဒေသက တစ်ခုတည်းသော မဲရုံဇာတ်လမ်းဟာ စစ်တပ်ရွေးကောက်ပွဲရဲ့ ညစ်ပတ်မှုကို ပြသနေတဲ့ သမိုင်းသာဓကတစ်ခုပါ။ ဒါနဲ့အတူ ဒေသခံအများစုအတွက်တော့ နေ့စဉ်ဘဝက မပြောင်းလဲပါဘူး။ အဲဒါကပဲ ဒီရွေးကောက်ပွဲရဲ့ တကယ့်အဖြစ်အပျက်ပါ။

Related Articles

Back to top button