ချောက်မှာ လိုင်စင်မဲ့ကား ခေါက်ကြေးနဲ့ ပို့နေတဲ့ သုံးပွင့်ဗိုလ်အဆင့် အပါအဝင် စစ်အုပ်စု နှစ်ယောက် ဖမ်းမိ၊ ဖမ်းမိသူတွေဟာ မိတ္ထီလာ စစ်ဆေးရုံက ဖြစ်၊

အီသာရမ်/MFP ၊ မတ်-၉
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကျောက်ပန်းတောင်း – ချောက်ကားလမ်းမှာ လိုင်စင်မဲ့ကား ခေါက်ကြေးနဲ့ ပို့နေတဲ့ သုံးပွင့်ဗိုလ်အဆင့် အပါအဝင် စစ်အုပ်စု နှစ်ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က MFP ကို ပြောပါတယ်။
ချောက်မြို့နယ်ရှိ ပျူစောထီးခေါင်းဆောင် စိန်နားကပ် ဆိုသူနဲ့ စစ်အုပ်စု လက်နက်ကိုင်တွေ ပူးပေါင်းကာ လိုင်စင်မဲ့ကား အရောင်းအဝယ်လုပ်နေကြောင်း သတင်းအရ မတ်လ ၁ရက်က ကျောက်ပန်းတောင် – ချောက်မြို့ ကားလမ်းပေါ် တော်လှန်ရေးတပ်တွေက ရှောင်တခင် စစ်ဆေးချိန် အထက်ပါအတိုင်း သုံးပွင့်ဗိုလ်အဆင့် အပါအဝင် စစ်အုပ်စု နှစ်ယောက်ကို ဖမ်းမိတာလို့ ဆိုပါတယ်။
ဖမ်းမိသူဟာ မိတ္ထီလာ စစ်ဆေးရုံက သုံးပွင့်ဗိုလ်အဆင့် သူနာပြု၊ ဗိုလ်ကြီး ဘိုဘိုနဲ့ တပ်သား ထက်မြတ်ဦးတို့ ဖြစ်ပြီး သူတို့က ပျူစောထီးခေါင်းဆောင် စိန်နားကပ် ဆီကို လိုင်စင်မဲ့ကား သွားပို့ချိန် ဂွေးချိုနဲ့ ချောက်လမ်းပိုင်းမှာ ဖမ်းဆီးရမိခဲ့တာလို့ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရှိန်းက MFP ကို ပြောပါတယ်။
“မိတ္တိလာကနေ ချောက်ကို ကြားပေါက် ကားသွားပို့တာတဲ့၊ ခေါက်ကြေးအနေနဲ့ ကားတစ်ခေါက် သွားပို့ရင် ငါးသိန်း ရတယ်တဲ့၊ ချောက်က ပျူစောထီးခေါင်းဆောင် စိန်နားကပ်ဆီကို သွားပို့တာဗျ၊ ခုခံတာတော့ မလုပ်ဘူးဗျ၊ ကျွန်တော်တို့ တားပြီး ဖမ်းတဲ့အချိန်မှာ နှစ်ယောက်လုံး အသာတကြည်ပဲ အဖမ်းခံတယ်”
ဗိုလ်ကြီးအဆင့် ဘိုဘိုဟာ မိတ္တိလာ ခုတင် ၅၀၀ ဆံ့ စစ်ဆေးရုံမှာ သူနာပြုဗိုလ်ကြီးအဖြစ် လုပ်ကိုင်နေသူ ဖြစ်ပြီး ခေါက်ကြေးရလို့ ချောက်မြို့က ပျူစောထီးခေါင်းဆောင် စိန်နားကပ်ဆီကို လိုင်စင်မဲ့ကား သွားရောက် ပို့ဆောင်တာလို့ ထွက်ဆိုထားကြောင်း ကိုရှိန်းက ရှင်းပြပါတယ်။

အဲ့ဒီ နှစ်ယောက်ဆီကနေ အိမ်စီးကားတစ်စီး၊ ဖုန်းနှစ်လုံးနဲ့ အသုံးအဆောင် ပစ္စည်းတို့ကို သိမ်းဆည်း ရမိထားတယ်လို့လည်း ဆိုပါတယ်။


ဖမ်းမိထားတဲ့ စစ်အုပ်စု ဗိုလ်ကြီးအဆင့် ဘိုဘိုဟာ ရခိုင်ပြည်နယ်မှာ ခုနှစ်နှစ်အထိ လုပ်ကိုင်ခဲ့ပြီး မိတ္ထိလာ စစ်ဆေးရုံကို ရောက်တာ တစ်နှစ်ခန့်ရှိပြီလို့ ဆိုပါတယ်။
နိုင်ငံတဝန်းရှိ ပျူစောထီးတွေ အပါအဝင် စစ်အုပ်စု လက်နက်ကိုင်တွေဟာ လိုင်စင်မဲ့ကား အရောင်းအဝယ်လုပ်တာ၊ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေမှာ ပူးပေါင်းပါဝင် လုပ်ကိုင်တာ၊ မူးယစ်ဆေး အရောင်းအဝယ် လုပ်ငန်းနဲ့ လောင်းကစားဝိုင်းတွေကို ဆက်ကြေးကောက်ပြီး လုပ်ကိုင်ခွင့်ပြုတာ၊ အရပ်သားပြည်သူကို ဖမ်းဆီးငွေညှစ် ပေါ်တာဆွဲတာတွေ ကျူးလွန်နေကြတာ ဖြစ်ပါတယ်။
ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ပခုက္ကူမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ဖြစ်ပြီး ချောက်နဲ့ ကျောက်ပန်းတောင်းမြို့နယ်တို့မှာလည်း တပ်ဖြန့်ကာ တော်လှန်ရေး တာဝန်တွေ ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ချောက် #မိတ္ထီလာစစ်ဆေးရုံ



